၁၀၃။ အသက်ကယ်မည့် ကောက်ရိုးမျှင်
မော့ဟန်က သူလုပ်နေသည်များကို ခနရပ်မိသွားသည်။ ထို့နောက် ဘာစကားတစ်ခွန်းမှ မဟတော့ဘဲ ရှုချင်းရီ၏ ဆံပင်ကို ဆက်သုတ်ပေးလိုက်သည်။ သူမ၏ဆံပင်ကို သုတ်ပေးပြီးကာမှ ပွေ့ချီလိုက်သည်။ လူအုပ်ကြီးကိုဖြတ်ကာ ဟိုတယ်၏ဧည့်ကောင်တာသို့သွားပြီး အခန်းတစ်ခန်း ပေးရန် ပြောလိုက်သည်။
သူတို့အခန်းသို့ရောက်သည့်အခါ မော့ဟန်က သူမအား အိပ်ရာပေါ်တွင် ချလိုက်သည်။ ရှုချင်းရီက ကုတင်ပေါ်တွင် တွေဝေစွာ ထိုင်နေသည်။ မော့ဟန်က အခန်းထဲမှာ ရေလဲဝတ်စုံတစ်ခုတွေ့သည့်အခါ ရှုချင်းရီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ၏မျက်လုံးများထဲသို့ ကြည့်ကာ
“ရေသွားချိုးလိုက်။ ပြီးမှ ပြောကြတာပေါ့”
ရှုချင်းရီ၏ မျက်လုံးများမှာ အရောင်အနည်းငယ်တောက်ပသွားကာ ထသည်။ ရေချိုးခန်းသို့ ခေါင်းငိုက်စိုက်ဖြင့် တရွေ့ရွေ့သွားပြီးနောက် တံခါးကိုလည်းဖြည်းညင်းစွာ ပိတ်လိုက်သည်။ ရေကျသံများက ရေချိုးခန်းထဲမှ ထွက်ပေါ်လာသည်။ မော့ဟန်ကတော့ ထိုင်နေရာမှထပြီး ပြန်မထိုင်ခင် အခန်းထဲတွင် ခနလျှောက်သွားမိနေသေးသည်။
ရှုချင်းရီက ခပ်မြန်မြန်ထွက်လာသည်။ သူမဆံပင်များက ရွှဲနေကာ ကြမ်းပြင်ပေါ်သို့ ရေစက်များက တစ်ပေါက်ပေါက်ကျနေသည်။ သူမက ကုတင်ပေါ်တွင် ထိုင်နေသည့် မော့ဟန်အား ကြည့်လိုက်သည်။ သူမက လက်ထဲတွင် ပုဝါကိုကိုင်ထားပြီး နံရံကိုမှီရင်းဖြင့် ခေါင်းလေးငုံကာ ဆက်ရပ်နေသည်။
မော့ဟန်က သူမအား ကုတင်ပေါ်တွင် ထိုင်ရန် သွားဆွဲခေါ်လိုက်ရသည်။ သမ၏လက်ထဲမှ ပုဝါကိုယူကာ ဆံပင်ကိုသုတ်ပေးရင်းက
“ငါ့ကိုပြောပြ”
ရှုချင်းရီက သူမ၏လက်များကို ကြည့်ရင်း တုန်ရီနေသည့် အသံတိုးတိုးလေးဖြင့်
“ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး”
မော့ဟန်က ပြောသည်။
“အပြောချင်ဆုံးက စပြော”
ရှုချင်းရီက အသက်ဝဝရှုလိုက်သည်။ မော့ဟန်၏ အပြုအမှုများကြောင့် သူမစိတ်သက်သာရာ ရသွားသည်။
“လူသေတစ်ယောက်အကြောင်းကို တွေးမိတယ်”
မော့ဟန်၏အပြုအမှုမှာ ထူးမခြားနားဖြင့် ရှုချင်းရီ၏ဆံပင်အား ဆက်သုတ်ပေးနေသည်။
“သူပြောခဲ့တာ တချို့ကိုပဲ သတိရသေးတယ်။ သူကိုတစ်ခုခုကတိပေးဖို့ ညီမလေးကို ပြောနေတာ။ သူက ညီမလေးကို မိန်းကလေးလို့ခေါ်ပြီး သူ့ကိုကယ်ပေးဖို့ အကူအညီတောင်းနေတာ”
သူမကိုယ်သူမ သတိလက်လွတ်ဖြစ်သွားကာ မျက်ရည်များ တစ်ပေါက်ပေါက်ကျရင်း သူမ၏ရေလဲဝတ်စုံကို ခပ်တင်းတင်းကိုင်ထားသည်။
“သူ့ကိုကယ်ပေးဖို့ တောင်းဆိုနေတာ။ သူကို ကယ်ပေးဖို့. . .”
ရှုချင်းရီက သီးသွားသည်။
မော့ဟန်က သူမ၏ဆံပင်ကို သုတ်ပေးနေချင်းအား ရပ်လိုက်ကာ သူမ၏ဘေးနားသို့ ထိုင်လိုက်ရင်း
“သူသေသွားမှန်း ဘယ်လိုလုပ်သိလဲ?”
“သူကသေချာပေါက်ကိုသေမှာ”
ရှုချင်းရီက ထိုမြင်ကွင်းအား ပြန်တွေးမိသည့်အခါတိုင်း ကြောက်လန့်နေမိသည်။
“သူ့တစ်ကိုယ်လုံးမှာ သွေးတွေထွက်နေတာ။ သွေးတွေက အများကြီးပဲ”
သူမ၏စိတ်ထဲတွင် ထိုမြင်ကွင်းက ပြန်ပေါ်လာပြန်သည်။ သူမ၏စကားပြောသည့်လေသံက မြန်သထက်မြန်လာကာ ဗလုံးဗထွေးဖြစ်လာသည်။ သူမမှတ်မိသမျှကို ပြောပြသည်။
“ညီမလေးကို ထွက်မလာနဲ့လို့ ပြောနေတာ! သေရင်တောင် ထွက်လာလို့ မရဘူးတဲ့! အဲ့လိုမျိုး အော်ပြောပြီး တောင်းဆိုနေတာ”
“ညီမလေးက ငိုပြီးရင်းငိုနေတာ။ နောက်တော့ လမ်းကျဉ်းကျဉ်းလေးထဲကို လျှောက်ထွက်သွားလိုက်တယ်။ အဲ့ဒီမှာ မိုးရွာနေတယ်။ ဟုတ်တယ် မှတ်မိပြီ။ အဲ့နေ့တုန်းက မိုးရွာနေတာ။ ကြမ်းပြင်က ရေစိုနေနေတယ်။ ပြီးတော့ . . .”
မော့ဟန်က သူမ၏လက်ကိုဆွဲကိုင်လိုက်ကာ စိတ်ငြိမ်သွာအောင်
“ငါပြောတာနားထောင်။ တခြားဘာကိုမှ မတွေးနဲ့တော့။ ညီမလေးရဲ့ နာမည်ကို မှတ်မိပြီလား? အဲ့ဒါပဲပြော”
ရှုချင်းရီက တောင့်သွားသည်။ မော့ဟန်အား မျက်ရည်အပြည့်ဖြင့် မော့ကြည့်ကာ ခေါင်းခါပြသည်။ ထို့နောက် ဆက်ငိုပြန်သည်။
“မမှတ်မိဘူး. . .မသိဘူး. . .သူ့ကိုယ်က သွေးတွေနဲ့ ရွှဲနေတာ. . .မိန်းကလေးလို့ ခေါ်တယ်. . .သူ့ကိုကယ်ပေးစေချင်တာ. . .ဒါပင်မယ့် ညီမလေး ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး. . .ဘယ်လိုလုပ်ရမလဲမသိဘူး. . .”
မော့ဟန်က သူမအားဖက်လိုက်ကာ ခေါင်းလေးကို ပွတ်ပေးရင်းဖြင့်
“ရပါတယ်။ မမှတ်မိတာကို ထပ်တွေးမနေနဲ့တော့။ ငါဒီမှာရှိတယ်”
ရှုချင်းရီက ဆက်ငိုနေသည်။ ရေထဲတုန်းကအကြောင်းများကို ပြန်တွေးမိသည့်အခါ သူမရှိုက်မငိုဘဲ မနေနိုင်ပေ။
“မကယ်နိုင်လိုက်ဘူး . . .သူ့ကိုယ်က သွေးတွေနဲ့ . . .သွေးတွေ”
ရှုချင်းရီက ဘယ်သူမဆိုကြားရင် ရင်ကွဲစေမည့် အသံလေးဖြင့် အော်ငိုနေရှာပြီ။
မော့ဟန်က သူမ၏ကူကယ်ရာမဲ့မှုကို ခံစားနိုင်သောကြောင့် သူမ၏ခေါင်းလေးအား ဆက်ပွတ်ပေးနေမိသည်။ သူ့၏ပွေ့ဖက်ထားမှုထဲတွင် သူမဟာ တုန်ရီနေဆဲ ဖြစ်သည်။ သူမ၏လက်ကလေးများက မော့ဟန်၏အကျီစကိုကိုင်ထားသည်မှာ အသက်ကယ်မည့် ကောက်ရိုးမျှင်တစ်ခုလိုပင်။