၁၉၈။ မတော်တဆမှု
ရှုချင်းရီ၏ ခရီးစဉ်သည် ထင်သလို မချောမွေ့ခဲ့ပေ။ ထိုမြို့၏ ရာသီဥတုမှာလည်း နေ့တွင်အရမ်းပူသလို ညတွင်အရမ်းအေးသည်။ ရှုချင်းရီသည် ရောက်ရောက်ချင်းညတွင် ကြယ်ရောင်စုံနေသည့် ကောင်းကင်ကိုငေးရင်း မော့ဟန်ကို လွမ်းနေမိခဲ့သည်။
နောက်နေ့တွင်တော့ သူမသည် ရာသီဥတုနှင့် လိုက်လျောညီထွေ နေတက်သွားသည်။ ထို့နောက် သူမတည်းခိုသည့် ဟိုတယ်မှ ခရီးသွားဧည့်သည်များနှင့်အတူ သဲကန္တာရထဲသို့ ခရီးထွက်ရန် စီစဥ်လေသည်။
ဒါရိုက်ဘာအပါအဝင် သူမတို့လူငါးယောက်သည် အနက်ရောင်SUVကားဖြင့် မြို့မှထွက်ကာ သဲကန္တာရထဲသို့ ထွက်သွားကြသည်။ ကောင်းကင်ပြာကြီးအောက်တွင် သဲတို့ကို မျက်စိတစ်ဆုံး ကားပြတင်းပေါက်မှ သူမလှမ်းကြည့်နေခဲ့သည်။ နေ့လည်ရောက်သည့်အခါ လေကထန်လာပြီး ကားထဲသို့ သဲမှုန်များက လွင့်ပျံလာလေပြီ။ ထိုအခါ သူမ၏ဘေးမှ ကောင်လေးသည် ရှုချင်းရီအား maskတစ်ခုကို ထုတ်ပေးလာသည်။ သူမလည်း ကျေးဇူးတင်လိုက်ကာ တပ်လာလိုက်သည်။
ကားသည် မောင်းနှင်လာရင်းမှ သဲတောင်တန်းများအနီးသို့ ရောက်သည့်အချိန်တွင် ရပ်လိုက်သည်။ သူတို့လည်း ကားပေါ်မှ ဆင်းလာကြသည်။
တစ်ပတ်လုံး သည်းခံကာ စောင့်နေခဲ့သည့် မော့ဟန်မှာတော့ ရှုချင်းရီပြန်မလာသည့်အခါ သွားခေါ်ရန် လိုက်သွားဖို့ပြင်သည်။ သူမကြိုက်တက်သည့် ပစ္စည်းနှင့် အစားအသောက်များကို ထုတ်ပိုးနေချိန်တွင် လျူဇီယွမ်ဆီမှ ဖုန်းဝင်လာခဲ့သည်။
“ဆရာ သတင်းကြည့်ပြီးပြီလား?”
“ငါမင်းကို ခရီးထွက်မယ်လို့ ပြောထားတယ်မလား။ အလုပ်ကိစ္စတွေကို ငါပြန်လာမှ ပြောစမ်းပါကွာ”
“အလုပ်ကိစ္စမဟုတ်ဘူး”
လျူဇီယွမ်က ချီတုံချတုံဖြစ်နေသည်။
“ဘာပဲဖြစ်ဖြစ် ပြန်လာမှပြောလို့ မရဘူးလား။ ငါအခုလေဆိပ်ကို သွားတော့မှာ။ မဟုတ်ရင်လည်း ဟိုဘက်မြို့ကိုရောက်မှ မင်းကိုဖုန်းပြန်ခေါ်လိုက်မယ်။ အဲ့ဒီအချိန်မှပြော”
“ဟို. . . ဒါအရမ်းအရေးကြီးတဲ့ကိစ္စပါ”
လျူဇီယွမ်၏လေသံမှာ ပြင်းထန်နေသည်။
“ဘာလဲ?”
မော့ဟန်က မျက်မှောင်ကျုံလိုက်သည်။
“TVအခု ဖွင့်ကြည့်လိုက်ပါလား။ သတင်းလာနေတယ်”
မော့ဟန်က TVကိုဖွင့်လိုက်ကာ သတင်းကြည့်လိုက်သည်။
သတင်းကြေညာသူမှာ
“လတ်တလောရရှိထားတဲ့ သတင်းများအရ Dမြို့အနီးတွင် သဲမှုန်တိုင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မြို့ရှိအိမ်ခြေအချို့မှာလည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့ပါတယ်။ ထိုမှုန်တိုင်းမှာ သဲကန္တာရထဲတွင် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကံမကောင်းစွာဖြင့် ခရီးသွားအဖွဲ့များမှာ မုန်တိုင်းဖြင့် ကြုံခဲ့ရပါတယ်။ လက်ရှိတွင် လူ၃၇ယောက် ပျောက်ဆုံးလျက်ရှိပါတယ်။ မြို့တော်ဝန်မှ ဦးစီးပြီး ကယ်ဆယ်ရေးများကို လုပ်ဆောင်လျက်ရှိပါတယ်။ နောက်ထပ်ရရှိတဲ့ သတင်းများကိုလည်း အချိန်နှင့်တပြေးညီ တင်ပြပေးသွားမှာ ဖြစ်ပါတယ်”
မော့ဟန်၏လက်ထဲမှ ရီမုမှာ ပြုတ်ကျသွားကာ လက်မှာလည်း အေးစက်သွားတော့သည်။
“ဆရာ. . .ဆရာ. . .နားထောင်နေလား?”
“လျူဇီယွမ် ငါအခုအဲ့ဒီမြို့ကို သွားတော့မယ်။ အလုပ်မှာ ဘာပဲဖြစ်ဖြစ် ငါပြန်လာမှ ရှင်းပေးမယ်”
မော့ဟန်၏လေသံမှာ အက်ကွဲကာ တိုးလျနေသည်။ အသံကြားရုံဖြင့် သူ့ကိုယ်သူ မနည်းတည်ငြိမ်နေအောင် လုပ်နေရမှန်း သိသာနေသည်။
“သဲမုန်တိုင်းတိုက်နေတော့ အဲ့ဒီမြို့မှာ လမ်းတွေပိတ်နေလိမ့်မယ်။ သွားလို့ရပါ့မလား?”
“ငါနည်းလမ်းရှာကြည့်လိုက်မယ်”
မော့ဟန်က လျူဇီယွမ်အား
“ငါဖုန်းချလိုက်တော့မယ်”
ထို့နောက် မော့ဟန်သည် အထုတ်များကိုတောင် မသယ်သွားနိုင်တော့ဘဲ ရှုချင်းရီ၏ မှတ်ပုံတင်ကိုယူကာ သူ့ပိုက်ဆံအိတ်ထဲသို့ထည့်ပြီး လေဆိပ်ကို အပြေးအလွှားထွက်သွားတော့သည်။
လေဆိပ်သို့ရောက်သည််အခါ Dမြို့၏ ရာသီဥတုအခြေအနေကြောင့် လေယာဉ်မထွက်နိုင်ပေ။ ထို့ကြောင့် မော့ဟန်သည် Dမြို့နှင့် အနီးဆုံးFမြို့သို့ လေယာဉ်စီးလိုက်သည်။ ထို့နောက် Dမြို့သို့ ရထားတစ်ဆင့် ပြန်စီးရသည်။ခရီးစဥ်တစ်ခုလုံးသည် ၁၂နာရီ ကြာမြင််ခဲ့သည်။
မော့ဟန်သည် ထိုမြို့သို့ ရောက်ရောက်ချင်း ရှုချင်းရီတည်းသည့် ဟိုတယ်သို့ သွားကာ တံခါးခေါက်လိုက်သည်။
“ဒီမှာနေမလို့လား?”
သက်လတ်ပိုင်းလူကြီး တစ်ယောက်က တံခါးဖွင့်ပေးကာ မေးသည်။
“ရှုချင်းရီ ဒီမှာတည်းနေလား သိလို့ရမလား?”
ထိုမေးခွန်းကိုမေးချိန် မော့ဟန်၏ရင်မှာ တဒိန်းဒိန်းခုန်နေသည်။
“ရှုချင်းရီ? ဒီလိုနာမည်မျိုးရှိသလိုပဲ”
ထိုလူကြီးက မော့ဟန်ကို အထဲဝင်စေသည်။
ထို့နောက် ခေါင်းကုတ်ကာ တွေးကြည့်နေပြီးမှ မော့ဟန်ဘက်သို့လှည့်ကြည့်ကာ မေးသည်။
“Sမြို့က ကောင်မလေးမလား? မျက်လုံးကြီးကြီးနဲ့ ပုခုံးလောက်ဆံပင်နဲ့လေ”
မော့ဟန်က တုန်ရီစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဒီမှာတည်းသွားတယ်။ ဒါပင်မယ့်. . .မသိသေးဘူးလား?”
“ဘာဖြစ်လို့လဲ?”
“အဲ့ဒီကောင်မလေးက တခြားသူတွေနဲ့အတူ သဲကန္တာရထဲကို ခရီးထွက်သွားတယ်။ မနေ့က ပြန်ရောက်လာရမှာ ဆိုပင်မယ့် မုန်တိုင်းတိုက်သွားတော့ သူတို့တွေပျောက်နေတယ်”
မော့ဟန်က စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သူဒီကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရောက်လာခဲ့ပြီးနောက်မှ ဒီလိုကြားခဲ့ရသည်။
“ဘာတော်တာလဲ?”
“သူ့ချစ်သူပါ”
“အရမ်းစိတ်မပူပါနဲ့။ အစိုးရဘက်က ရှာပေးနေကြပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာနိုင်မှာပါ”
မော့ဟန်က ခေါင်းမူးဝေသွားကာ ထိုင်ချလိုက်ရသည်။
“သူတို့ပျောက်သွားတဲ့နေရာက ဒီကနေ ဘယ်လောက်ဝေးလဲ?”
“တော်တော်ဝေးတယ်။ ၁၀နာရီလောက် ကားမောင်းရတယ်”
“အဲ့ဒီကိုလိုက်ပို့ပေးဖို့ ကားရှာပေးပါလား?”
“မဖြစ်နိုင်ဘူး။ သဲမုန်တိုင်းတိုက်သွားတော့ မြင်ကွင်းကမရှင်းဘူး။ လမ်းအခြေအနေကလည်း မကောင်းဘူး။ ဒီအချိန်မှာ လိုက်မသွားတာက ပိုကောင်းလိမ့်မယ်”
“ကျွန်တော်ပိုပေးနိုင်ပါတယ်”
“ပိုက်ဆံကြောင့် မဟုတ်ဘူး. . . မင်းတကယ် လိုက်မသွားသင့်တာ။ မင်းရဲ့ကောင်မလေးသွားတဲ့ သဲကန္တာရက မုန်တိုင်းဗဟိုဖြစ်သွားတော့ လမ်းအခြေအနေက အရမ်းဆိုးနေတယ်။ လမ်းပြင်ဖို့ အချိန်လိုဦးမှာ”
မော့ဟန်က စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ခေါင်းငိုက်စိုက်ကျသွားသည်။ ထိုအခါ ဟိုတယ်ပိုင်ရှင်က နှစ်သိမ့်ပေးရှာသည်။
“စိတ်မပူပါနဲ့။ မင်းရဲ့ကောင်မလေး အဆင်ပြေမှာပါ။ သူတို့အဖွဲ့က ကားပါသွားတော့ ကယ်ဆယ်ရေးတွေက မြန်မြန်ရှာတွေ့နိုင်မှာပါ”
“တကယ် လိုက်သွားလို့ မရဘူးလား?”
“ဒီရက်ပိုင်းအတွင်းတော့ မရဘူး။ ဒီကနေ သတင်းပဲစောင့်နေလိုက်”
“ကျွန်တော်. . .ထပ်ပြီးတော့ စောင့်မနေချင်တော့ဘူး”
“မနေ့က ကယ်ဆယ်ရေးတွေ လိုက်သွားတယ်။ မင်းအရမ်းစိတ်ပူနေရင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး စခန်းကိုသွားပြီးတော့ အခြေအနေကို စောင့်ကြည့်ပါလား”
မော့ဟန်က ဟိုတယ်ပိုင်ရှင်ကို ကျေးဇူးတင်စကားဆိုကာ ထိုစခန်းသို့ ချက်ချင်းပဲ ထသွားတော့သည်။
သူတို့ပြန်မည့်နေ့တွင် ရှုချင်းရီတို့သည် ရွက်ဖျက်တဲကိုခေါက်သိမ်းကာ ကားထဲသို့ ထည့်နေခဲ့ကြသည်။ ထိုညနေခင်းတွင် ရာသီဥတုက ပိုအေးလာခဲ့သည်။ ထို့နောက် လေကလုံးဝကို ငြိမ်ကျသွားခဲ့သည်။
သူတို့အဖွဲ့ထဲက လူတစ်ယောက်မှာ ထအော်ခဲ့သည်။
“ဟိုမှာကြည့်စမ်း!!!”
ရှုချင်းရီက ထိုလူပြရာ ကောင်းကင်သို့ မော့ကြည့်လိုက်ခဲ့သည်။ ပတ်ဝန်းကျင်ပတ်ပတ်လည်တွင် မီးခိုးရောင်များက တဖြည်းဖြည်းတက်လာခဲ့သည်။ နေရောင်တောင် ပျောက်သွားကာ ကောင်းကင်ကြီးမှာလည်း မည်းမှောင်သွားခဲ့လေပြီ။ ရှုချင်းရီသည် သဲအနံ့ကိုရလိုက်ကာ မြေကြီးမှာလည်း တုန်လာခဲ့သည်။
“ကားထဲအမြန်ဝင်ကြ! သဲမုန်တိုင်း တိုက်နေပြီ!!!”
တစ်ယောက်က အော်ခဲ့သည်။
“ခနလေး ဓာတ်ပုံရိုက်လိုက်ဦးမယ်”
ရှုချင်းရီ၏ဘေးက ကောင်မလေးမှာ သူ့အိတ်ထဲက ကင်မရာကို ထုတ်ခဲ့သည်။
ရှုချင်းရီက သူမကိုအမြန်ပြေးဆွဲကာ
“အခြေအနေကိုကြည့်ဦး! ဓာတ်ပုံရိုက်မနေနဲ့တော့”
လူတိုင်းမှာ သူတို့ပစ္စည်းတွေကို အမြန်သယ်ကာ ကားထဲသို့ အပြေးအလွှား ဝင်လာခဲ့ကြသည်။ ကားတံခါးကိုရော ကားပြတင်းပေါက်တွေပါ လုံအောင်ပိတ်ကာ ထိုင်နေခဲ့ကြသည်။
“ကားထဲမှာပဲ နေကြရအောင်။ လေက ဘယ်လောက်ပြင်းပြင်း ငါတို့ကားကတော့ မှောက်သွားမှာ မဟုတ်လောက်ပါဘူး။ သဲမုန်တိုင်းပြီးမှ ငါတို့ပြန်ကြတာပေါ့”
ဘယ်သူကမှ ထိုလူ၏စကားကို မကန့်ကွက်ကြဘဲ ငြိမ်ထိုင်နေခဲ့ကြသည်။ လေက တဖြည်းဖြည်း ပြင်းထန်လာကာ ခဲတွေပါလာပြီး ကားကိုတဒုန်းဒုန်း တိုက်လာခဲ့သည်။ ထို့နောက် ကားမှာလှုပ်လာကာ လူတွေလည်း ခုံပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။
ကားထဲတွင်လည်း မလုံခြုံကြောင်း လူတိုင်းသိလိုက်ချိန်မှာ သူမတို့ပြေးရန် အချိန်မလုံလောက်ခဲ့တော့ပေ။ ရှုချင်းရီ၏ဘေးက ပြတင်းပေါက်မှာ ကုန်သွားခဲ့ကာ ခဲတစ်လုံးက သူမ၏ခေါင်းကို ထိသွားခဲ့သည်။ ထို့နောက် ခေါင်းမှာ မူးဝေသွားကာ သွေးတို့ကလည်း စီးကျလာခဲ့သည်။ သူမ၏အမြင်တွင်လည်း သဲဝါတို့ကိုသာ မြင်ရပြီးနောက် အမှောင်ကျသွားခဲ့သည်။
မော့ဟန်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး စခန်းကို ရောက်သွားခဲ့သည်။ မော့ဟန်သည် စိုးရိမ်ကာ စိတ်ပူနေသည့်သူများနှင့် ငိုယိုနေကြသည့် လူအုပ်ကြီးထဲကို တိုးဝှေ့ကာ ကောင်တာသို့ သွားမေးလိုက်သည်။
“သဲကန္တာရထဲကို ကယ်ဆယ်ရေး သွားလုပ်တဲ့အဖွဲ့ဆီက ဘာသတင်းကြားရပြီလဲ?”
ကောင်တာမှလူက မော့ဟန်ကို မော့ကြည့်ကာ
“ဘယ်သူလဲ?”
“သဲကန္တာရထဲကို ခရီးထွက်သွားတဲ့ အဖွဲ့ထဲက ကောင်မလေးရဲ့ ချစ်သူပါ”
“ကွက်တိရောက်လာတာပဲ။ ခုနလေးတွင် သတင်းကြားလာတယ်”
“ဘာသတင်းလဲ?”
“ကားကိုတွေ့ပြီတဲ့။ သူတို့အဖွဲ့ကလည်း သဲမုန်တိုင်းထဲမှာ ပိတ်မိသွားခဲ့တာ။ ကားထဲမှာ နှစ်ယောက်တွေ့တယ်။ ကံဆိုးတာက နှစ်ယောက်လုံး ဆုံးသွားခဲ့ပြီ”