၁၆၄။ မိသားစုနဲလူ
“ဘာဖြစ်ချင်နေတာလဲ? ဟန်လျန်က ဟိုမှာ! ဒီလိုအခြေအနေကို မြင်သွားပြီး အထင်လွဲသွားရင် ရှေ့နေ့တစ်ယောက်ရဲ့ ဂုဏ်သတင်းကျသွားမှာကို မစိုးရိမ်ဘူးလား?”
ရှုချင်းရီက မော့ဟန်ပြဿနာရှာနေသည့်အခါ စိတ်ညစ်စွာဖြင့် ကြမ်းတမ်းစွာ ပြန်ပြောလေသည်။
မော့ဟန်က သူမအား နံရံသို့တွန်းကပ်လိုက်ကာ သူ့ကိုယ်ကြီးဖြင့် သူမအား ပိတ်ထားလိုက်ပြီး
“ဒါဆိုရင် သူ့ကိုအော်ခေါ်လိုက်။ ဘယ်သူက နာမည်ပျက်မလဲ ကြည့်ကြတာပေါ့”
ရှုချင်းရီက သူ့ကိုကြည့်ကာ
“ရူးနေပြီလား?”
“အေး ငါရူးနေပြီ!”
မော့ဟန်က သူမ၏မျက်နှာကို မော့စေကာ အနားသို့ကပ်ပြီး သူမ၏နှုတ်ခမ်းများကို စိုက်ကြည့်ရင်းဖြင့်
“ငါတို့အခု ဘယ်လိုဖြစ်နေသလဲဆိုတာကို ဟန်လျန်ကို မြင်စေချင်တယ်။ သူများတွေ အပြစ်ပြောတက်သလို ဖောက်ပြန်တဲ့အတွဲ ဖြစ်နေပြီလား?”
ရှုချင်းရီက အားကုန်သုံး၍ မော့ဟန်ကို တွန်းထုတ်လိုက်ကာ
“ပြန်သွားတော့မယ်”
“ဘယ်ကိုပြန်မယ်လို့ တွေးနေတာလဲ? သူ့ဆီကိုပြန်သွားပြီး အချစ်ငှက်လေးလုပ်မလို့လား ပြီးတော့. . .”
မော့ဟန်၏စကားမဆုံးခင်မှာပဲ ရှုချင်းရီသည် သူ့ပါးကို ရိုက်ပစ်လိုက်သည်။
ခေါင်းက တစ်ဖက်ကို လည်သွားသည့်အခါ မော့ဟန်က ပြုံးလိုက်သည်။ သူမအားတားထားသည့် သူ့လက်ကို ဖယ်ပေးလိုက်ကာ အသံပျော့သွားပြီး
“ပြန်သွား”
ရှုချင်းရီက သူဆီမှ ထွက်သွားကာ ခပ်လှမ်းလှမ်းရောက်သည့်အခါ ခေါင်းပြန်လှည့်လာပြီး
“ရှင်ထင်နေသလို လူသားမျိုး မဟုတ်ဘူး။ ရှင်ပြောနေသလို ကိုယ့်ကိုကိုယ်တောင် တစ်ခါမှ မတွေးဖူးဘူး”
ရှုချင်းရီက ထပ်ပြောသည်။
“ရှင်ကတော့ ကျွန်မမှတ်ညဏ်တွေကို ဘယ်နားလည်ပေးနိုင်မှာလဲ။ အကုန်ပြန်မှတ်မိချင်တယ်”
ရှုချင်းရီက ပြောပြီးသည်နှင့် ထွက်သွားလိုက်သည်။ ဟန်လျန်က ထောင့်တစ်ခုမှ ထွက်လာကာ သူမအားပြုံးပြီး လျှောက်လာသည်။ ထို့နောက် ဘာမှမဖြစ်သလို သူမဘေးသို့ လိုက်လာသည်။ ဟန်လျန်က သူမနှင့် မော့ဟန်တို့ကြား ဖြစ်သွားသည်ကို မြင်လိုက်မှန်း ရှုချင်းရီက သိလိုက်သည်။ စားပွဲဝိုင်းသို့ရောက်သည့်အခါ ဟန်လျန်က သူမအား မော့ဟန်ဆီကို ပြန်ထထွက်သွားမှာကို စိုးရိမ်စွာဖြင့် ပိတ်ထိုင်လိုက်သည်။
“မြန်မြန်စားလေ။ အေးကုန်မယ်”
ဟန်လျန်က ပုံမှန်အတိုင်းပြုံးရင်းပြောသည်။
ရှုချင်းရီက တစ်လုပ်ချင်း ဖြည်းဖြည်းချင်း စားလိုက်ရသည်။ မော့ဟန်က အချိန်အတော်ကြာမှသာ ပြန်ဝင်လာသည်။ သူက ရှုချင်းရီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ ဟန်လျန်အား
“ခုနတုန်းက အရေးကြီးဖုန်းဝင်လာလို့”
ရှုချင်းရီက မော့ဟန်အား အယောင်ဆောင်နေသဖြင့် ဆူလိုက်ချင်နေတာ ပါးစပ်ယားနေသည်။ အရင်တုန်းက မော့ဟန်က အေးတိအေးစက်နိုင်သည်ကို သူမသိသော်လည်း ဒီလိုဟန်ဆောင်ကောင်းသည့်အခြမ်းမျိုး ရှိလိမ့်မည်ဟု သူမမထင်ခဲ့ပေ။
ဟန်လျန်ကလည်း အဆင်ပြေကြောင်းပြောကာ သူမပန်းကန်ထဲသို့ ဟင်းသီးဟင်းရွက်တွေ ထည့်ပေးရင်းဖြင့်
“ဒါကြိုက်တာ ကိုယ်သိတယ်။ များများစား”
ရှုချင်းရီက သူ့အားပြုံးပြကာ ဆက်စားလိုက်သည်။
ထို့နောက်တွင်တော့ မော့ဟန်နှင့် ဟန်လျန်တို့သည် ငွေရေးကြေးရေးအကြောင်း မပြောကြတော့ပေ။ သူတို့ဟာ မိတ်ဆွေကြီးတွေလို အလုပ်ဖြင့် ပတ်သက်သည့် လက်ရှိအခြေအနေများကို ပြောဆိုနေကြသည်။
ရှုချင်းရီက သူတို့ပြောနေသည်ကို ကြားလေလေ သူမစိတ်ပိုတိုလာလေလေ ဖြစ်နေသည်။ လူတိုင်းက ဒီလိုမျက်နှာနှစ်ဖက် ဒါမှမဟုတ်ရင် ပိုရှိနေကြတာလား? ကိုယ့်အတ္တတွေအတွက်နဲ့ ကိုယ်အကျိုးရှိဖို့ ဒီလိုဟန်ဆောင်နေကြတာလား? မော့ဟန်ကတောင်မှ ဒီလိုဖြစ်နေသည်။ သူမနှင့် အပြင်မှာ စကားပြောတုန်းက တစ်မျိုးဖြစ်ကာ အခုတော့ သူမ၏အရှေ့မှာ ဟန်လျန်နှင့် စကားပြောနေသည့်ပုံက တစ်မျိုးဖြစ်နေသည်။ သူ့စရိုက်က အေးစက်သည့်ပုံဖြစ်သော်လည်း ဟန်လျန်၏အရှေ့တွင်တော့ တခြားသူများနှင့် စကားအများကြီး ပြောတက်သည့်သူလို လုပ်နေသည်။
“ဗိုက်ပြည့်နေပြီ။ အိမ်ပြန်ချင်တယ်”
ရှုချင်းရီက ဒီနေရာတွင် ဆက်မနေချင်တော့သောကြောင့် ဟန်လျန်ကို ပြောလိုက်သည်။
“ထပ်စားပါဦးလား? ကိုယ့်စိတ်ထဲမှာ သိပ်မစားသလိုပဲ”
ဟန်လျန်က ပြောသည်။
“ရပါတယ်။ ခုနတုန်းက လမ်းမှာလည်း စားလာခဲ့တယ်။ ရှင်တို့ဘာသာရှင်တို့ ဆက်ဆွေးနွေးကြလေ”
ရှုချင်းရီက ပြန်ချင်နေသောကြောင့် ထရပ်လိုက်သည်။
“ဒါဆိုရင်လည်း ဂရုစိုက်ပြီးတော့ပြန်လေ”
ဟန်လျန်က ရှုချင်းရီ ပြန်သွားသည့်အထိ ကြည့်နေပြီးမှ မော့ဟန်ဘက်ကို လှည့်လာသည့်အခါ သူ့မျက်နှာက အပြုံးမှာပျော်သွားသည်။ ထို့နောက် အေးစက်မှုတို့က သူ့၏မျက်နှာထက်တွင် နေရာယူလာကာ
“ရှေ့နေကြီး ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ထိန်းနေရတာ အတော်ခက်ခဲမှာပဲ”
မော့ဟန်က ပြုံးကာ
“မင်းပြောချင်တာကို ငါနားမလည်ဘူး။ ငါ့ကိုသေချာရှင်းအောင် ပြောပါလား?”
“ခင်ဗျားလည်း ထက်မြက်တဲ့သူပဲ။ ကျွန်တော်ပြောချင်တာကို သိမှာပါ”
မော့ဟန်က ပြုံးလိုက်ပြီးနောက် ခေါင်းငုံသွားကာ ခုနတုန်းက ရှုချင်းရီမစားဘဲ ချန်ထားသည့် အသီးအရွက်များကို ဆက်စားနေသည်။
“သူ့မှားတာ မဟုတ်တာတော့ ကျွန်တော်သိပါတယ်။ သူကလှလွန်းတော့ သူ့ကိုစောင့်ရှောက်ပေးရတဲ့ ယောက်ျားတိုင်းက သူ့ကိုဘယ်မချစ်ဘဲ နေနိုင်မှာလဲ။ အဲ့ဒါကြောင့် ရှေ့နေကြီးရဲ့ သူ့အပေါ်က ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်”
ဟန်လျန်က သူ့ကိုကြည့်ကာ ဆက်ပြောသည်။
“ဒါပင်မယ့် သူက မိသားစုနဲ့လူနော်။ ကျွန်တော်က သူ့ယောက်ျား။ ကျွန်တော်တို့က တရားဝင်လက်ထပ်စာချုပ်ရှိတယ်။ တစ်ယောက်ကိုတစ်ယောက်လည်း ချစ်သေးလို့ မကွာရှင်းဘူး။ ဒီလိုမတော်တဆသာ မဖြစ်ခဲ့ရင် ကျွန်တော်တို့မှာ ပျော်စရာဘဝလေးရှိနေမှာ။ အဲ့ဒါကြောင့် ခင်ဗျားအနေနဲ့ သူများမိသားစုကို လာဖျက်စီးတဲ့သူမဖြစ်အောင် ကိုယ့်စိတ်ကို ထိန်းပါဦး”
ထို့နောက် ခပ်ယောင်ယောင်ပြုံးလိုက်ကာ ပုံမှန်လိုဖြင့်
“ဒါကကျင့်ဝတ်လည်းပျက်တယ်လေဗျာ”
“ငါလုပ်နေတာက ငါ့ကိစ္စပါ။ မင်းသာယုံကြည်ချက်မရှိဘဲ ငါ့နောက်ကို သူပါလာမယ်လို့ထင်ရင် သူ့ကိုခိုးသွားလို့မရအောင် သေချာစောင့်ကြည့်ထားပေါ့”
မော့ဟန်က ဟန်လျန်၏စကားများကို စိတ်ထဲကိုတောင် ထားပုံမရဘဲ ပုံမှန်လိုပင် ပြန်ပြောလိုက်သည်။
“ခင်ဗျားသတိပေးတာ ကျေးဇူးပါဗျာ။ ကျွန်တော်မှတ်ထားလိုက်မယ်”
ဟန်လျန်က ပြောသည်။
“တခြားကိစ္စမရှိတော့ရင် ပြန်လိုက်ဦးမယ်။ သူတစ်ယောက်တည်း ပြန်သွားတာ စိတ်မချလို့ အဖော်လိုက်လုပ်ပေးမယ်။ ဒီဝိုင်းကို ကျွန်တော်ရှင်းထားတယ်။ ဆက်စားပေါ့ဗျာ။ ပြန်လိုက်ဦးမယ်”
ဟန်လျန်က ဘုရင်တစ်ပါးလို ဝံ့ကြွားစွာဖြင့် ခုံကနေထကာ ထွက်သွားသည်။
မော့ဟန်က သူ့ကိုတစ်ချက်မကြည့်ဘဲ ဆက်စားနေကာ
“အင်း”
သူတို့နှစ်ယောက်ထွက်သွားသည်နှင့် မော့ဟန်သည် ထိုစားပွဲဝိုင်းတွင် တစ်ယောက်တည်း ထိုင်နေကာ ဘာကိုမှမထိတော့ပေ။ ခုနတုန်းက သူစားနေချင်ယောင်ဆောင်နေရသည်ကို ရယ်ချင်သွားသည်။ တူကိုချလိုက်ကာ ဆိုဖာကိုမှီထိုင်လိုက်ရင်း သက်ပြင်းချလိုက်သည်။
သူရှုံးသွားသည်ကို သူဝန်ခံရတော့မည် ဖြစ်သည်။ သူ့တစ်ဘဝလုံးတွင် တရားခွင် ဘယ်လောက်ကြီးကြီး ဘယ်လောက်သေးသေး သူတစ်ခါမှ မရှုံးဖူးခဲ့ပေ။ သူတက္ကသိုလ်တက်တုန်းက သူပါဝင်ခဲ့သမျှ အားကစားပွဲတိုင်းတွင်လည်း သူရှုံးသည်က မရှိပေ။ အခုတော့ သူရှုံးသွားပြီဖြစ်သည်။
ရှုံးနိမ့်သွားရသည့် ခံစားမှု. . .ဒီလိုခံစားချက်ကို သူတစ်ခါမှ ပြင်းထန်စွာ မခံစားဖူးပေ။ ရှုချင်းရီက ဟန်လျန်နှင့် အတူထိုင်နေသည်ကို မြင်ရရုံဖြင့် သူသဝန်တိုရလွန်းလို့ ရူးတော့မတက် ဖြစ်သွားသည်။ ဟိုတစ်နေ့တုန်းက ရှုချင်းရီကို ကော်ဖီဆိုင်မှာ တွေ့ရတုန်းက သူစိတ်ငြိမ်းချမ်းသွားခဲ့သော်လည်း အခုလို ဟန်လျန်နှင့်တွဲလိုက်ရသည့်အခါ သူသည် ကယ်လို့မရအောင် ဖြစ်နေပြီဖြစ်နေပြီကို သိလိုက်ရသည်။ ရှုံးနိမ့်မှုနှင့် မာနတို့ကို ထိခိုက်သွားရသည့် ခံစားချက်က သူ့အတွက် အချိန်ကြာအောင် စွဲနေတော့မည် ဖြစ်သည်။
ရှုချင်းရီက အိမ်ကိုပြန်ရောက်သည့်အခါ ဧည့်ခန်းထဲမှာရော၊ မီးဖိုချောင်ထဲမှာပါ လူတစ်ယောက်မှ မရှိပေ။ သူနှစ်ခါလောက် အော်ခေါ်နေသော်လည်း ဘာတုန့်ပြန်သံမှ မကြားရသောအခါ ရှုချင်းရီသည် ထူးဆန်းသလို ခံစားရသည်။
“အမေ. . .အမေ. . .”
ရှုချင်းရီက အိမ်ထဲတွင် လျှောက်ရှာရင်းဖြင့် အော်ခေါ်နေသည်။ တစ်ခန်းပြီးတစ်ခန်းဖွင့်ရှာသော်လည်း သူမမတွေ့ပေ။ ထိုအခါ ဂျောင်ကျသည့်နေရာတွင် အခန်းတစ်ခန်းရှိနေသည်ကို သူမရှာတွေ့သွားသည်။ အခန်းတံခါးကို ဖွင့်ကြည့်သောအခါ ထိုအခန်းမှာ အထဲမှ သော့ခတ်ထားပုံရသည်။
ထိုအခန်းထဲမှ သူမအမေ၏ငိုသံသဲ့သဲ့ကို ကြားလိုက်သည်။ ထို့ကြောင့် တံခါးကို အားဖြင့်ဆွဲဖွင့်ထားရင်း
“အမေ. . .အထဲမှာလား?”
“အမေ. . .တံခါးဖွင့်ဦး”
ရှုချင်းရီသည် တံခါးကိုထုရင်း အော်ပြောသည်။
ထို့နောက်တွင်တော့ တံခါးဖွင့်လိုက်သည့်အသံနှင့်အတူ တံခါးကပွင့်လာသည်။ သူမ၏အမေက ရဲနေသည့်မျက်လုံးများဖြင့် ဖြစ်နေသော်လည်း ရှုချင်းရီ မမြင်ရစေရန် ခေါင်းကိုငုံထားလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက မေးသည်။
သူမ၏အမေက ခေါင်းခါပြကာ တံခါးပြန်ပိတ်ဖို့လုပ်သည်။
ရှုချင်းရီကလည်း ထိုအခန်းထဲသို့ အမြန်ဝင်လိုက်သည်။ ထိုအခန်းသည် အခြားအခန်းများနှင့် ပထမအမြင်တွင် သိပ်မကွာပေ။ ပြတင်းပေါက်နားတွင် စားပွဲခုံတစ်လုံးရှိကာ ထိုစားပွဲပေါ်တွင် စာအုပ်များနှင့် မီးအိမ်လေးတစ်ခုရှိသည်။ စားပွဲဘေးတွင်တော့ ခေါင်းအုံးနှစ်လုံးတင်ထားသည့် ကုတင်တစ်လုံးရှိသည်။ ကုတင်အောက်တွင် ကလေးအကြိုက် ကြောင်ပန်းရောင် အခင်းတစ်ခုကို ခင်းထားသည်။ နံရံတွေကို ပန်းနုရောင်လေးသုတ်ထားသောကြောင့် မိန်းကလေးအခန်းဖြစ်လောက်သည်။
“ဒီအခန်းကို ဘာဖြစ်လို့ မပြကြတာလဲ?”
ရှုချင်းရီက အခန်းကို လျှောက်ကြည့်ရင်းဖြင့် မေးသည်။
“ဒီအခန်းမှာ ဘာကြည့်စရာမှ မရှိတာ။ မကြာခင် သိုလှောင်ခန်းလုပ်တော့မှာ။ သမီးငယ်ငယ်တုန်းက နေခဲ့တဲ့အခန်းလေ။ အခုလည်း သုံးတော့တာမှ မဟုတ်တာ”
သူမ၏အမေသည် သူမအား ဒီအခန်းထဲမှာ ကြာကြာမနေစေချင်သည့်ပုံဖြင့် ပြောသည်။
ထို့ကြောင့် ရှုချင်းရီလည်း အများကြီးတွေးမနေပေ။ ထိုအခန်းသည် သန့်ရှင်းကာ ဖုန်မရှိသောကြောင့် ခနခနဝင်ရှင်းထားသည့်ပုံရသည်။ တံခါးအနားမှာ ငူငူကြီးရပ်နေသည့် သူမ၏အမေကိုကြည့်ကာ ဒီတိုင်းမေးလိုက်သည်။
“အမေ အခုဒီအခန်းထဲမှာ ဘာလုပ်နေတာလဲ? သမီးခေါ်နေတာတောင် မထူးဘူး”
“ဘာမှမဟုတ်ပါဘူး. . .တစ်ချို့စာအုပ်တွေရှိလို့။ စာကြည့်ခန်းလေးလုပ်မလားလို့ အမေတွေးနေတာ”
သူမ၏အမေက တွေ့ရာစာအုပ်များကို အလျင်အမြန်ဆွဲကာ ပြောသည်။
ရှုချင်းရီက သူမအမေ၏လက်ထဲမှ စာအုပ်များကို ယူကာကြည့်လိုက်သည်။ ထိုစာအုပ်များမှာ ကလေးပုံပြင်စာအုပ်မျိုးစုံဖြစ်သည်။ ထိုစာအုပ်များသည် ဖုန်များတက်နေပြီး သူမလှန်ကြည့်လိုက်သည့်အခါ ဖုန်တွေထွက်လာသည်။
“ဒီစာအုပ်တွေက ဘာမှမထူးပါဘူး။ သမီးငယ်ငယ်တုန်းက ဖတ်တဲ့ဟာတွေလေ”
သူမ၏အမေက သူမလက်ထဲက စာအုပ်များကို ယူကာ ပြောသည်။
“သွား သွား သွား . . .ကိုယ့်အခန်းကို ပြန်တော့။ ဒီအခန်းမှာ ဖုန်တွေအောလို့။ သမီးအဝတ်တွေ ညစ်ပတ်ကုန်တော့မယ်”
ရှုချင်းရီက သူမ၏အမေတွန်းထုတ်တာကို ခံလိုက်ရသည့်အချိန်တွင် ပြတင်းပေါက်က လိုက်ကာအပြာရောင်လေးနှင့် စားပွဲဘေးက ထိုင်ခုံတွေအနောက်မှာ ပန်းရောင်နှင့် အပြာရောင် ရောထားသည့် ဗီဒိုလေးကို တွေ့လိုက်ရသည်။ ထိုနောက် အခန်းထောင့်မှာ ချထားသည့် ယုန်ရုပ်ကလေးရော မြင်လိုက်ရသည်။
ရှုချင်းရီကို သူမ၏အမေက အခန်းအပြင်ကို ဆွဲထုတ်ပြီးသည့်အခါ အခန်းကို အပြင်ကနေ သော့ခတ်လိုက်သည်။
“ဘာဖြစ်လို့ သော့ခတ်တာလဲ?”
“အင်း. . .”
သူမ၏အမေက
“အကျင့်ဖြစ်နေလို့။ ဒီအခန်းက မသုံးတာ အတော်ကြာပြီလေ။ ဒီအခန်းကို ဘယ်သူမှလည်း မဝင်ကြတော့ သော့ခတ်ထားတာ အကျင့်ဖြစ်သွားတယ်။ သုံးစရာအခန်းတွေကလည်း ရှိနေသေးတယ်မလား”
ရှုချင်းရီက သဘောတူညီသယောင် အသံပြုလိုက်ပင်မယ့် ဘာမှတော့ ပြန်မပြောပေ။ သူမ၏အမေကိုင်ထားသည့် စာအုပ်များကို ကြည့်ကာ
“အခုတလော သမီးပျင်းနေလို့ ဒီစာအုပ်တွေဖတ်ဖို့ ပေးပါလား?”