၈၇။ စွပ်ပြုတ်
သူမမသိခဲ့သည်ကတော့ သူမအရှေ့က မော့ဟန်မှာ မနေ့ညက ရှုချင်းရီအား ကားပေါ်တွင် မြင်ခဲ့ရသည့်အခိုက်အတန့်ကို ပြန်တွေးနေခြင်းပင်။
‘ဒါဆိုရင် သူ့ကိုတစ်ညလုံး ဒီကောင်မလေးက တကယ်စောင့်ရှောက်ခဲ့သည်ပေါ့’
မော့ဟန်၏ရင်ထဲတွင် ခံစားချက်တွေမှာ ရောပြွန်းနေပြီ။ သူထုတ်ပြောချင်ပင်မယ့် ဘယ်လိုစရမလဲ သူမသိတော့ပါ။
ပိုင်ယုက သူ့ဘေးကနေ တိုးတိုးကပ်ပြောသည်။
“သိပ်မသိသာပင်မယ့် မင်းညီမလေးက မင်းကိုအရေးပါတဲ့သူလို ဆက်ဆံသားပဲ”
ဆရာဝန်ထွက်သွားသည့်အခါ မော့ဟန်က ပိုင်ယုအား သူ့ဖုန်းကို ယူပေးခိုင်းသည်။ ထို့နောက် လျူဇီယွမ်အား သူ့၏ရုတ်တရပ် ဆေးရုံတက်ရမှုအကြောင်းအား အသိပေးလိုက်သည်။ သူ့အခြေအနေကို မသိကြဘဲ ဆက်သွယ်၍မရပါက် ရုံးတွင် ရှုပ်ယှက်ခက်ကုန်ကြမည်ကို တွေးမိသောကြောင့် ဖြစ်သည်။
ဒါပင်မယ့်လည်း ရှုချင်းရီက သူတို့ကို အကြောင်းကြားပြီးကာ မော့ဟန်၏အလုပ်များကို ရွှေ့ထား၍ မော့ဟန်ဆီမှ ဆက်သွယ်လာမည့်အချိန်အထိ စောင့်ခိုင်းထားခြင်းကို ထိုအခါမှ သူသိလိုက်ရသည်။
မော့ဟန်က ဒါကိုကြားလိုက်ရသည့်အခါ သူဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ အရင်တုန်းက သူ့ကိစ္စများကို သူတစ်ယောက်တည်း စီမံခန့်ခွဲခဲ့ခြင်း ဖြစ်သည်။ ဒါပင်မယ့်လည်း အခုတော့ သူနေမကောင်းဖြစ်နေသည့်အချိန်တွင် လုပ်သင့်သည်များအား သူ့အစား တစ်စုံတစ်ယောက်က လုပ်ပေးသွားခဲ့သည်။ ထိုအခါ အိပ်ရာပေါ်တွင် လုပ်စရာမရှိဘဲ သူအနားယူနေရုံသာ ရှိတော့သည်။
သူဗိုက်က နာကျင်မှုမှာ သက်သာလာပြီ ဖြစ်သည်။ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့ခြင်းကြောင့် သူအိပ်ချင်စိတ်လည်း မရှိပေ။ ပြတင်းပေါက်အား မိနစ်၂၀လောက် ငေးပြီးသည့်အခါ ပိုင်ယုအား သူ့ရုံးမှဖိုင်တချို့သွားယူခိုင်းသည်။ အိပ်ရာပေါ်တွင် ထိုင်နေရသည်က ပျင်းဖို့ကောင်းသောကြောင့် သူကြည့်စရာလိုသည့်ကိစ္စများအား အာရုံစိုက်နေခြင်းက သူ့အတွက် ပိုကောင်းလှသည်။
ပိုင်ယုထွက်သွားပြီးနောက် ရှုချင်းရီရောက်လာချိန်မှာတော့ ညမှောင်ခါနီးဖြစ်သည်။
သူမက မနေ့ညက ဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။ သူမက ကျောပိုးအိတ်တစ်လုံးလွယ်လာကာ ဘာတွေထည့်ထားမှန်းမသိသည့် ပလက်စတစ်အိတ်တစ်လုံးကိုလည်း သယ်လာသည်။ မော့ဟန်နိုးနေသည်ကို မြင်သည့်အခါ သူမ၏မျက်နှာတွင် အမူအယာသိပ်မရှိပေ။ ကြည့်ရသည်မှာ မော့ဟန်နိုးနေကြောင်းကို သူမသိပြီးသား ဖြစ်လောက်မည်။ သူမက မော့ဟန်အား တစ်ချက်ကြည့်ကာ ခေါင်းပြန်ငုံသွားပြီး အထဲဝင်လာသော်လည်း ဘာမှမပြောပေ။
သူမက ပလက်စတစ်အိတ်အား စားပွဲပေါ်သို့ချကာ ခေါင်းငုံရင် ဖွင့်နေသည်။
“ဘာတွေလဲ?”
မော့ဟန်က မေးသည်။
“အစားအစာ”
ရှုချင်းရီက အိတ်ကိုဖွင့်ကာ အထဲမှာဘူးကို ထုတ်လာပြီး အဖုံးကို သတိထားကာ ဖွင့်ပေးသည်။
“ညီမလေး ဒီကိုပြန်လာတော့ ဆေးရုံအဝနားကနေ ဝယ်လာခဲ့တာ”
ရှုချင်းရီက သူမအိတ်ထဲကနေ ဇွန်းကိုထုတ်ပေးကာ ပန်ကန်လုံးထဲသို့ စွပ်ပြုတ်အား လောင်းထည့်လိုက်ပြီး မော့ဟန်ဘက်သို့ တွန်းပေးလိုက်သည်။
“စား”
မော့ဟန်က သူ့လက်ကိုမလှုပ်ဘဲ သူမကိုသာ ကြည့်နေသည်။
“ဘာကြည့်နေတာလဲ? စား။ ဆရာဝန်က ခွဲစိတ်လို့ပြီးရင် ဒါကိုစားလို့ရတယ်လို့ ပြောတယ်”
ရှုချင်းရီက မော့ဟန်မှာ ဒါကိုမစားချင်ဘူးဟု ထင်သောကြောင့် ပြောနေခြင်း ဖြစ်သည်။
မော့ဟန်က သူမကို တစ်ချက်ထပ်ကြည့်ကာ စွပ်ပြုတ်ပန်ကန်းလုံးကို ယူလိုက်ပြီး ဖြည်းညင်းစွာ စားနေသည်။
“မနေ့ညကို ဒီကိုရောက်အောင် ဘယ်လိုလာတာလဲ?”
“စက်ဘီးပေါ်တင်ခေါ်လာတာ”
ထိုအခါမှ ရှုချင်းရီက သတိရသွားကာ အော်ပြောသည်။
“အာ! စက်ဘီးပြန်ထားဖို့မေ့သွားတယ်”
“စက်ဘီး?”
မော့ဟန်က ပြောသည်။
ရှုချင်းရီက သူ့အားလှမ်းကြည့်ကာ ပြောသည်။
“ဟုတ်တယ်။ ကိုကြီးရဲ့ကားရပ်သွားတော့ ညီမလေးကလည်း ကားမမောင်းတက်ဘူးလေ။ ညလည်ခေါင်ကြီးလောက်မှာ လမ်းဘေးက စက်ဘီးထားတဲ့နေရာ တွေ့တာနဲ့ သော့မခတ်တဲ့တစ်ဘီးယူပြီး ကိုကြီးကိုတင်နင်းလာလိုက်တာ”
မော့ဟန်က ဘာကြောင့်မှန်းမသိ ဒေါသထွက်သွားကာ လေသံမာမာဖြင့်
“ဘေးကဖြတ်သွားတဲ့ကားတွေကို ကူသယ်ပေးဖို့ ဒါမှမဟုတ် ၁၁၀ကို ဖုန်းခေါ်ပါလား? ညနက်နေတာကို ဆေးရုံကလည်း ဝေးသေးရက်နဲ့ စက်ဘီးနင်းစရာလား? ညဏ်ကောင်းတယ်မလား? ဘယ်လိုဖြစ်လို့ ဒီလိုဆိုးဝါးတဲ့ အတွေးနဲ့ လျှောက်လုပ်တာလဲ!”
“ဘာဖြစ်လို့ ဒေါသထွက်နေတာလဲ? ညီမလေးကရော ဒီလိုမလုပ်ချင်ဘူးထင်လား? မနေညက ကိုကြီးက လမ်းပေါ်မှာ သတိမေ့သွားတယ်။ သေမတက်ကြောက်သွားတော့ ဘာကိုစဉ်းစားနိုင်ဦးမှာလဲ။ လမ်းဘေးမှာ စက်ဘီးရှိတာပဲ တော်သေးတယ်။ အဲ့ဒါကြောင့် ကိုကြီးကို ဒီကိုခေါ်လာနိုင်တာပေါ့”
ရှုချင်းရီက မော့ဟန်၏ ရုတ်တရပ် ဒေါသထွက်မှုများကို ခေါင်းခြောက်နေသည်။
မော့ဟန်က ပြောသည်။
“နောက်တစ်ခါ ဒီလိုမလုပ်နဲ့။ နောက်တစ်ခုခုဖြစ်ရင် ကိုယ်ရောက်နေတဲ့ နေရာမှာပဲနေ။ ဆေးရုံကို ဖုန်းဆက်လိုက်။ သူတို့လာခေါ်လိမ့်မယ်”