၁၈၂။ တွဲကြရအောင်
ရှုချင်းရီသည် တွေးကြည့်သည့်အခါ သူမအရက်မသောက်ခဲ့ဘူး ဆိုသည်က သေချာပါသည်။ သူမသည် အခန်းထဲမှာ သူမကြားလိုက်ရသည့်ကိစ္စကြောင့်သာ ရှက်မိနေခြင်း ဖြစ်သည်။ မော့ဟန်၏အေးနေသည့်လက်များက သူမကိုထိလိုက်သည့်အခါ သက်တောင့်သက်သာ ဖြစ်သွားသည်။
“မဟုတ်ပါဘူး. . .”
ရှုချင်းရီ၏အသံမှာ တိုးနေသည်။
မော့ဟန်က သူမ၏အသံကိုကြားသည့်အခါ မူးနေသည်ဟု ပိုထင်သွားတော့သည်။
“ကိုယ့်ဟာကိုယ်သောက်လိုက်တာလား? ဒါမှမဟုတ် ဘယ်သူကတိုက်လိုက်တာလဲ? မသောက်ပါနဲ့လို့ ငါအကြိမ်ကြိမ်မှာထားရဲ့နဲ့. . . ဘာဖြစ်လို့ နားမထောင်ရတာလဲ!”
မော့ဟန်သည် မူးဝေနေသလိုဖြစ်နေသည့် ရှုချင်းရီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့။ ငါဘာပြောပြော အမူးပြေသွားရင် မေ့သွားမှာပဲ”
“အခုကစပြီး ငါ့ဘေးမှာပဲနေ။ ဘယ်မှလျှောက်မသွားနဲ့။ မဟုတ်ရင် ပြဿနာတက်လိမ့်မယ်”
ရှုချင်းရီက ထရပ်လိုက်ကာ နံရံကိုမှီရင်း
“ဘယ်လိုပြဿနာမျိုးလဲ?”
မော့ဟန်က သူမကိုကြည့်လိုက်သည်။ ဟိုတစ်နေ့ကမူးသွားသည်နှင့်ယှဉ်လျှင် ဒီနေ့ကသူမအနည်းငယ်ထူးဆန်းနေသည်ဟု မော့ဟန်က ထင်လိုက်မိသည်။
“ထားလိုက်တော့။ ပွဲကလည်း ပြီးတော့မှာပဲကို ငါတို့အရင်ပြန်မယ်။ မင်းကို ငါပဲလိုက်ထိန်းနိုင်မှာ”
သို့သော်လည်း ရှုချင်းရီက သူ့အနားသို့ကပ်လာကာ သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး တစ်လုံးချင်းမေးသည်။
“ဘယ်လို ပြဿနာမျိုးကို. . .ပြောနေတာလဲ?”
သူမသည် မော့ဟန်၏အကျီကော်လံကိုဆွဲကာ ခြေဖျားထောက်ပြီး မော့ဟန်၏နှုတ်ခမ်းကို နမ်းလိုက်သည်။
“ဒီလိုမျိုးလား. . .?”
မော့ဟန်၏မျက်နှာသည် နီရဲသွားသည်။ သူမက ဒီလိုလုပ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပေ။ ရှုချင်းရီ၏ခါးကိုထိန်းကာ သူမ၏မျက်လုံးများကိုကြည့်တော့ သူမသည် ထိုနေ့ကလိုပဲ ရီဝေဝေနဲ့ ဖြစ်နေသည်။ သူမ၏အနမ်းက ချစ်သူတွေလိုမျိုး ဖြစ်နေသောကြောင့် မော့ဟန်သည် စိတ်မထိန်းနိုင်တော့ဘဲ သူမအား ပြန်နမ်းချင်လာသည်။
“ဒီလိုမျိုး”
မော့ဟန်က သူမ၏ခေါင်းကိုထိန်းကာ စိတ်ဆန္ဒပြင်းပြစွာဖြင့် နမ်းလိုက်သည်။ ရှုချင်းရီသည် မော့ဟန်၏အနမ်းများကို ဖြစ်သင့်သည့်အလား သက်သောင့်သက်သာဖြစ်စွာ ခံယူနေသည်။ သူမ၏ကိုယ်သည်လည်း ကျောရိုးမရှိသည့်အလားပျော့သွားကာ မော့ဟန်ကိုမှီထားမိနေသည်။ အချိန်အချို့ကြာသည့်အခါ ရှုချင်းရီသည် အသက်ရှုကြပ်လာသဖြင့် မော့ဟန်အား ရပ်ပေးရန် ခပ်ဖွဖွရိုက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ရီဝေစွာကြည့်ရင်း ဘာစကားမှ မပြောကြပေ။
ရှုချင်းရီသည် အသက်ဝဝရှုပြီးနောက် မော့ဟန်ကို ဖက်လိုက်ကာ နူးညံ့စွာပြောသည်။
“ကြိုးစားကြည့်ရအောင်”
မော့ဟန်သည် ကြောင်အသွားကာ လူတောင်တုန်သွားသည်။
“ခုနကနမ်းလိုက်တုန်းက အရက်အရသာမရှိတာကို သိတယ်မလား?”
ရှုချင်းရီက မော့ဟန်ကို ဖက်ထားရင်းက စိတ်အေးလက်အေးပြောလာသည်။
မော့ဟန်ကတော့ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။
“မေးနေတယ်လေ. . .”
ရှုချင်းရီက မော့ဟန်ကို လွှတ်လိုက်ပြီးနောက် ပြောသည်။
“ကြိုးစားမယ်ဆိုတာက. . .ဘာကိုပြောချင်တာလဲ?”
“ညီမလေးတို့. . .အတူဖြစ်ဖို့ ကြိုးစားကြမယ်လို့. . .ညီမလေးလည်း အကိုကြီးတစ်ယောက်လို မမြင်တော့ဘူး. . .အဲ့ဒါကြောင့် ကြိုးစားကြည့်ရအောင်။ တကယ်လို့ ကိုကြီးက ညီမလေးကို မကြိုက်တော့ရင် ဒါမှမဟုတ် ညီမလေးက မကြိုက်တော့မှ. . .အဲ့ဒီလိုနေ့ရောက်လာတော့မှ လမ်းခွဲကြတာပေါ့”
“သေချာတွေးကြည့်ပြီးပြီလား?”
မော့ဟန်က မေးသည်။
“အင်း. . .တစ်နေ့လမ်းခွဲဖြစ်ရင် . . .ကိုကြီးဘဝကို ဆက်မနှောင့်ယှက်ပါဘူး။ ကိုကြီးလည်း ညီမလေးကို မနှောင့်ယှက်ပါနဲ့ . . .ကောင်းကောင်းမွန်မွန် ပြီးဆုံးကြတာပေါ့နော်”
မော့ဟန်သည် ရှုချင်းရီ၏ ဒီလိုအတည်ကြီး ပြောနေခြင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“အင်းပါ”
သူတို့နှစ်ယောက်ကြားတွင် ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားသည်။ အခန်းထဲက လူအချို့ထွက်လာကြသည့်အခါ သူတို့နှစ်ယောက်ကို အပြင်မှာ ရပ်နေကြသည်ကို တွေ့ရတော့သည်။
“ဘာလုပ်နေကြတာလဲ?”
ထိုအခါမှ မော့ဟန်သည် ရှုချင်းရီကို တစ်ချက်ကြည့်ပြီးနောက် သူတို့ဆီသို့ အတူတူလျှောက်လာကြသည်။
“စားပြီးသွားပြီလား?”
မော့ဟန်က ပြောသည်။
“စားပြီးသွားတာကြာပြီ။ အထဲမှာ စကားကောင်းနေကြတာ။ ရှေ့နေကြီးတို့ကို မတွေ့တာကြာလို့ ထွက်လာတာ”
လျူဇီယွမ်က ပြောသည်။ သူက ရှုချင်းရီ၏ ရဲနေသည့်မျက်နှာကို မြင်သည့်အခါ
“ရှုရှု ဘာဖြစ်လို့ နင့်မျက်နှာက နီနေတာလဲ?”
ရှုချင်းရီက
“အခန်းထဲမှာ မွန်းလာလို့ပါ”
သူတို့က စားသောက်ဆိုင်ကနေ အတူပြန်ထွက်လာကြသည်။ ရှုချင်းရီကတော့ အံ့သြဖို့ကောင်းစွာ တိတ်ဆိတ်နေသည်။ လူတိုင်းက ကိုယ့်အိမ်ကို ပြန်ကြသည့်အခါ ရှုချင်းရီသည် မော့ဟန်၏ကားထဲတွင်လည်း ကားပြတင်းပေါက်မှ အပြင်သို့ငေးရင်း တိတ်ဆိတ်စွာ လိုက်ပါလာသည်။
ည၇နာရီဝန်းကျင်သာ ရှိသေးသောကြောင့် လေအေးတို့က လမ်းပေါ်တွင် တိုက်ခတ်နေကာ လမ်းမီးတို့က အမှောင်ထဲတွင် လင်းနေသည်။ မော့ဟန်က အလျင်မလိုသောကြောင့် ကားကိုဖြည်းဖြည်းချင်းမောင်းလာသည်။
“နောင်တရနေမှာတော့ မဟုတ်ဘူးမလား?”
မော့ဟန်က မေးလိုက်သည်။
ရှုချင်းရီက သူ့ကိုလှည့်ကြည့်ကာ ရယ်ရင်း
“မဟုတ်ပါဘူး။ တကယ်မဟုတ်သလို ခံစားနေရလို့ပါ”
“မင်းက အခုငါ့ချစ်သူဖြစ်နေပြီ။ ပြန်လှည့်လို့ မရတော့ဘူး”
မော့ဟန်က ပြောသည်။
“သိပါတယ်”
ရှုချင်းရီက
“ဒါပင်မယ့် မတွဲဖူးတော့ နောက်နောင်ဘယ်လိုနေရမလဲ မသိတော့ဘူး”
ဒီတစ်ခါတော့ မော့ဟန်က ရယ်သည်။
“မင်းအဆင်ပြေသလိုသာနေ။ ငါ့ဆီက ထွက်မသွားရင် ပြီးတာပဲ”
ရှုချင်းရီက ပြောသည်။
“ညီမလေး အဆင်မပြေတာရှိရင် ပြောနော်။ ဖြည်းဖြည်းချင်း ပြင်ပေးမယ်”
မော့ဟန်က သူမ၏လက်ကိုကိုင်ကာ လက်ချောင်းများကို ယှက်လိုက်ပြီး
“တကယ်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ငါ့ဘေးမှာ ရှိနေပေးရင် ကျေနပ်ပါတယ်”
ရှုချင်းရီက မော့ဟန်၏လက်ကိုကြည့်ကာ
“တကယ်လို့. . .ညီမလေး အကုန်လုံးကို ပြန်မှတ်မိလို့. . .တစ်ယောက်ယောက်က သူကညီမလေးရဲ့ ချစ်သူတို့ ယောက်ျားတို့ ပြောလာရင်ရော ဘယ်လိုလုပ်ကြမလဲ?”
မော့ဟန်က ခနတွေဝေသွားသော်လည်း သူမလက်ကို တင်းတင်းဆုပ်ကိုင်ကာ
“ဒါဆိုရင်. . .မင်းက ငါ့ကိုပိုကြိုက်လား ဒါမှမဟုတ် သူ့ကိုပိုကြိုက်လားက အဓိကဖြစ်သွားပြီ. . .မင်းဆုံးဖြတ်ရမှာလေ”
မော့ဟန်က ကားမောင်းရင်းဖြင့်
“တကယ်တော့. . .ငါလည်းတစ်ကိုယ်ကောင်းဆန်ပါတယ်. . .တကယ်လို့ မင်းပိုကြိုက်တဲ့သူက ငါမဟုတ်ခဲ့ဘူးဆိုရင်. . .မင်းချစ်သူနဲ့ ပျက်တဲ့အထိ ငါစောင့်နေမယ်. . . တကယ်လို့ လက်ထပ်ထားတဲ့သူရှိရင်လည်း မင်းတို့ကွာရှင်းမယ့်အချိန်အထိ စောင့်နေပေးမယ်. . .ငါ့ဘေးကို ပြန်လာမယ့် အခွင့်အရေးက ရှိနိုင်သေးတာပဲမလား”
“ဒါပင်မယ့်. . .ငါမင်းရွေးချယ်မှုကိုတော့ လက်ခံရမှာပေါ့. . .မင်းကိုဘယ်လိုဘဝမျိုးကို ရွေးပါလို့ ငါမဆုံးဖြတ်ပေးနိုင်ဘူး. . .မင်းဘဝကို မင်းစိတ်ကြိုက်လုပ်”
ရှုချင်းရီက ကားမောင်းနေသည့် မော့ဟန်ကို ငေးကြည့်နေမိသည်။ သူမဘာကြောင့် ဒီလူနှင့် တွဲဖို့သတ္တိမွေးလိုက်ရသလဲ ဆိုသည်ကို သူမနားလည်စပြုလာသည်။ မော့ဟန်လူမျိုးသည် အချစ်ခံရသင့်ပါသည်။ သူမသည် ဒီလိုဆုံးဖြတ်ချက်ချမိသည့်အတွက် ပျော်ရွှင်ကျေနပ်လာမိသည်။
“ဘာဖြစ်လို့ စိုက်ကြည့်နေတာလဲ?”
မော့ဟန်က သူမကို တစ်ချက်လှည့်ကြည့်ပြီး မေးသည်။
“ဘာမှမဟုတ်ပါဘူး။ ချောလွန်းလို့ ငေးနေမိတာ”
မော့ဟန်က ပြုံးသွားကာ
“ဒါကိုအခုမှ သိတာလား? ဟိုတလောကပဲ ငါ့ကိုအိုနေပြီဆို”
“အင်း. . .ညီမလေးနဲ့ယှဉ်ရင်တော့ အိုတာပေါ့”
ရှုချင်းရီက ရယ်ရင်းပြောသည်။
“ဒါကအိုတာမဟုတ်ဘူး။ ရင့်ကျက်နေတာ”
မော့ဟန်က ကားပါကင်ထဲကို ကားမောင်းလာရင်း ပြောသည်။
ရှုချင်းရီက မော့ဟန်၏လက်ကိုလွှတ်လိုက်ကာ
“အိမ်ပြန်ရောက်လာပြီလား? မြန်လိုက်တာ”
“မစောတော့ပါဘူး”
မော့ဟန်က ကားပါကင်ကို ကျွမ်းကျင်စွာ ထိုးပြီးနောက် ကားထဲကနေ ထွက်လာသည်။
သူတို့အိမ်ရောက်သည့်အခါ သူတို့သည် လုပ်ရိုးလုပ်စဉ်များကို လုပ်သည်။ သို့သော် ရှုချင်းရီက သူမ၏အခန်းထဲကို မဝင်ခင်တွင်မှာ မော့ဟန်သည် သူမကိုတားကာ
“ဒီကိုလာ”
“ဘာဖြစ်လို့လဲ?”
“ဒီကိုခနလာဦး”
ရှုချင်းရီက မော့ဟန်အနားကို လျှောက်သွားသည့်အခါ မော့ဟန်က သူမ၏ခါးကိုဖက်ပြီး နမ်းလိုက်သည်။
“အိပ်ရာမဝင်ခင်အနမ်း”
ရှုချင်းရီက သူ့ကိုတွန်းလိုက်ကာ
“လန့်သွားတာပဲ။ ဘာများလဲလို့”
“ကောင်းကောင်းအိပ်”
မော့ဟန်က ပြောသည်။
“အင်း”
ရှုချင်းရီက မော့ဟန်ဖြင့် စကားဆက်မပြောတော့ဘဲ သူမအခန်းထဲသို့ အမြန်ဝင်သွားကာ အိပ်လိုက်သည်။
နောက်နေ့တွင် မနက်ပိုင်းအတန်းချိန်ရှိသည့် ရှုချင်းရီသည် အခန်းထဲမှ အလျင်စလို ထွက်လာကာ ဖိနပ်အမြန်စီးနေသည်။ ထိုအချိန်တွင် မော့ဟန်သည်လည်း အဝတ်လဲပြီးကာ အခန်းထဲမှ ထွက်လာသည်။ ရှုချင်းရီး ကပျာကသီအခြေအနေကို မြင်သည့်အခါ
“လိုက်ပို့ပေးရမလား?”
ရှုချင်းရီက ဖိနပ်ကြိုးချည်နေရင်း
“မလိုပါဘူး။ ဒီအချိန် ကားတွေပိတ်နေမှာ။ ကိုကြီးလိုက်ပို့ရင် ပိုကြာလိမ့်မယ်”
သူမသည် တံခါးကိုဖွင့်ကာ အိတ်ကိုလွယ်ပြီးနောက် မော့ဟန်ကို လက်ပြရင်း
“သွားပြီနော်”
“အတန်းချိန်ပြီးရင် ငါလာကြိုမယ်”
တံခါးက အကျယ်ကြီးပိတ်သွားသဖြင့် မော့ဟန်သည် ရှုချင်းရီ ဘာပြန်ပြောလိုက်သလဲကို သူမကြားတော့ပေ။
သူတို့တွဲသည့် ပထမဆုံးနေ့သည် ပုံမှန်နေ့တစ်နေလိုသာ နှစ်ယောက်လုံးအတွက် ဖြစ်နေသော်လည်း ပျော်ရွှင်ကြည်နူးဖို့တော့ ကောင်းနေသည်။ ဤသို့ဖြင့် မော့ဟန်သည် စိတ်ကြည်လို့သာ နေသည်။ ဝန်ထမ်းတစ်ယောက်က အမှားလုပ်မိသည့်အခါ ရှေ့နေကြီးတော့ ဆူတော့မှာပဲဟူ၍ လန့်နေသော်လည်း မော့ဟန်ကတော့ လက်ကာပြရင်း
“ဘာမှမဖြစ်ဘူး။ နောက်တစ်ခါ မှတ်ထား”
နေ့လည်တွင် သူတို့ရုံးကို အသစ်ဝင်လာသည့် ရှေ့နေမှာ မော့ဟန်ရုံးခန်းသို့လာပြီး စာရွက်စာတမ်းယူသည်။ မော့ဟန်၏ စိတ်ကြည်နေပုံကို မြင်သည့်အခါ ကိုယ်ရေးကိုယ်တာကိစ္စတို့ကို မမေးဘဲမနေနိုင်တော့ပေ။ ထို့ကြောင့် မော့ဟန်၏စားပွဲနားတွင် ရပ်နေသည်။
ထိုအခါ မော့ဟန်က
“ဘာကိစ္စရှိလို့လဲ?”
ထိုရှေ့နေသည် ရှက်ရွံစွာပြုံးရင်း
“ဟို. . .ရှေ့နေကြီးရဲ့ ညီမလေးဖုန်းနံပတ်ကို သိလို့ရမလား?”
မော့ဟန်က အလုပ်သဘောရဆက်ဆံသည့်အခါ ပြောနေကြလေသံအတိုင်း
“လျူဇီယွမ်မှာ သူ့ဖုန်းနံပတ်ရှိတယ်။ သူ့ကိုသွားမေး. . .ဒါနဲ့ ဘာဖြစ်လို့ သိချင်တာလဲ?”
ထိုရှေ့နေသည် ပျော်ရွှင်စွာဖြင့်
“ဘာမှတော့ မဟုတ်ပါဘူး။ ခင်ချင်လို့ပါ”
မော့ဟန်က မျက်မှောင်ကျုံကာ စိုက်ကြည့်နေသည်။
“မနေ့ညက ကျွန်တော့်ရှေ့မှာထိုင်နေတော့ ရှေ့နေကြီးရဲ့ ညီမလေးက ပြုံးလိုက်ရင် အရမ်းလှတယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့ ဒီလိုညီမလှလှလေးရှိတာကို မပြောပြတာလဲဗျာ”
“ငါကဘာဖြစ်လို့ ပြောရမှာလဲ. . .ငါ့ညီမလေးက အရမ်းလှပါတယ်လို့ ပြောပြပြီး မင်းတို့ကောင်တွေကို လိုက်ခိုင်းရမှာလား?”
မော့ဟန်သည် ဒေါသထွက်သွားသောကြောင့် ခေါင်းကိုငုံကာ စာရွက်စာတမ်းတွေကို အာရုံစိုက်ချင်ယောင်ဆောင်လိုက်သည်။