May Honey Logo May Honey
Previous Next

၇၈။ ငါကနင့်ယောင်းမ

သူတို့အိမ်ကို ပြန်ရောက်သည့်အချိန်တွင် ရှန်ယို့က ပစ္စည်းတွေ သိမ်းနေသည်ကို ရှုချင်းရီက တွေ့လိုက်ရသည်။ သူမ၏ခရီးဆောင်အိတ်မှာ ဧည့်ခန်းအလည်တွင် ရှိနေပြီး တခြားပစ္စည်းအမျိုးမျိုးကို အိတ်အသေးလေးများဖြင့် ထုတ်ထားသည်။ ထို့ကြောင့် ရှုချင်းရီက လုံးဝကို အံ့သြသွားသည်။

ရှန်ယို့က သူတို့ပြန်လာသည့်အခါ ခေါင်းကိုမော့ကာ ရှုချင်းရီကိုကျော်၍ မော့ဟန်ကို ကြည့်လေသည်။ သူမ၏ဒီပြင်းထန်သည့်အကြည့်များထဲတွင် သူမပြောချင်သော်လည်း မပြောရသေးသည့် စကားများစွာ ပါနေသည်။

ရှုချင်းရီက ရှန်ယို့၏မျက်လုံးများမှာ နီရဲကာ ယောင်နေသည်ကို တွေ့လိုက်သည်။ သူမက အချိန်အတော်ကြာအောင် ငိုထားခဲ့ပုံရသည်။

“ငါပြောစရာရှိတယ်”
ရှန်ယို့က ပြောသည်။

“ထပ်ပြောစရာ ဘာမှမရှိတော့ဘူး”
မော့ဟန်က ပြောသည်။

“မဟုတ်ဘူး။ ငါပြောချင်တာရှိတယ်’

“ဒါဆိုရင် ဒီမှာပဲပြော”

“ငါသီးသန့်ပြောချင်တာ”
ရှန်ယို့က မော့ဟန်၏ဘေးတွင်ရပ်နေသည့် ရှုချင်းရီကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် အမုန်းတရားများနှင့် နောင်တတို့က ပါဝင်နေသည်။

ဘာကြောင့်မှန်းမသိသော်လည်း ရှုချင်းရီကတော့ သူမကို ရှန်ယို့က သူခိုးတစ်ယောက်လို အမြဲကြည့်နေတက်သည်ဟု ထင်နေသည်။ ပြီးတော့လည်း သူမ၏ ဒီလိုအကြည့်များက ရှုချင်းရီကို ကြောက်စေသည်။ ထို့ကြောင့် မော့ဟန်၏ဘေးကနေ ခြေလှမ်းအနည်းငယ်ခွာလိုက်သည်။ ရှန်ယို့က မော့ဟန်၏ဘေးတွင် သူမရှိနေသည်ကို မကြိုက်မှန်း သိပါသည်။

ထို့နောက်က မော့ဟန်က ရှုချင်းရီကို ပြောလိုက်သည်။
“ဧည့်ခန်းထဲမှာ ခနစောင့်နေ”

ထို့နောက် ရှန်ယို့နှင့်အတူ စာကြည့်ခန်းထဲသို့ ဝင်သွားကြသည်။

ရှုချင်းရီက ဧည့်ခန်းထဲတွင် ထိုင်ချကာ သူတို့စကားပြောနေသည်ကို ခိုးနားထောင်ရင်း တွေးနေသည်။
‘သူတို့ပြတ်သွားကြတာ ဖြစ်နိုင်တယ်။ ဒါပင်မယ့် ဘာဖြစ်လို့လဲ? မနေ့ကပဲ ငါအပြင်ကို ထွက်လာတုန်းက မြင်လိုက်တာ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာကို။ တစ်ရက်တည်းနဲ့ ဘာတွေဖြစ်ကုန်တာလဲ?’

သူမက ဒါကိုမတွေးဘဲမနေနိုင်လေဘူး။ ဒါက သူမကို ကြောက်စေသည်။ သူမက ရှန်ယို့နှင့် အဆင်မပြေခြင်းက ရှန်ယို့က သူမကို မကြိုက်သောကြောင့်ဖြစ်သည်။ သူတို့ပြတ်ရခြင်းအကြောင်းကိုတော့ သူမမတွေးတက်ပေ။
‘ငါနဲ့ဆိုင်နေမလား?’

ရှုချင်းရီက ရှန်ယို့၏ သူမကိုကြည့်လေ့ရှိသည့် အကြည့်များကို တွေးလိုက်မိသည်။ ဒါပင်မယ့်လည်း ရှန်ယို့က သူမကိုဆက်ဆံပုံလေးကြောင့်ဖြင့် သူတို့ကို သူမကြောင့် မပြတ်စေချင်ပါပေ။

စာကြည့်ခန်းထဲမှ ရှန်ယို့၏ အော်ဟစ်သံနှင့် ငိုယိုသံများကို ရှုချင်းရီက အပြင်ကနေ ကြားနေရသည်။ ဒီလိုငိုယိုသံများက သူမ၏ခေါင်းထဲတွင် ကျိန်စာတစ်ပုဒ်သဖွယ် ရစ်ပတ်နေသည်။ ငိုသံက တဖြည်းဖြည်းရှိုက်သံပါလာကာ မျက်ရည်တသွင်သွင် စီးကျနေလောက်ပြီ ဖြစ်သည်။ ထိုအသံက သူမနားထဲသို့ဝင်လာကာ သူမစိတ်ကို ပေါက်ကွဲလုမတက် ဖြစ်စေသည်။

ရှုချင်းရီက ဒီအသံကို ထပ်မကြားစေချင်သောကြောင့် သူမနားကိုပိတ်ချင်သော်လည်း ရှန်ယို့၏ငိုသံကို နားထောင်ကာ သူမဘယ်လိုခံစားနေရသည်ကို ရှင်းရှင်းလင်းလင်း နားလည်ချင်သေးသည်။ ရှန်ယို့ခံစားနေရသည်ကို သူမမျက်ကွယ်ပြုလိုက်ပါက ရှန်ယို့က ပိုခံစားရလိမ့်မည်ဟု သူမခံစားနေရသည်။ ထို့နောက် တံခါးဖွင့်ကာ ပြန်ပိတ်လိုက်သံကို ကြားရသည်။

ရှန်ယို့က မျက်ရည်အပြည့်ဖြင့်မျက်နှာကို ကွယ်ကာ ထွက်လာသည်။ ရှုချင်းရီနှင့် သူမအကြည့်ချင်းဆုံသည့်အခါ ရှုချင်းရီကို အပိုင်းပိုင်းခုတ်ပစ်ချင်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည်။ ရှန်ယို့က ရှုချင်းရီဆီကို လျှောက်လာကာ သူမ၏အရှေ့တွင်ရပ်ရင်း
“ငါနင့်အကိုနဲ့ လမ်းခွဲလိုက်ပြီ။ အခုနင်ပျော်ပြီလား?”

”. . .မဟုတ်. . .”

“ဒါပင်မယ့်လည်း နောက်ဆုံးကျရင်တော့ ငါက နင့်ယောင်းမဖြစ်လာမှာပဲ”
ရှန်ယို့၏ မျက်လုံးများမှာ ဆုံးဖြတ်ချက်တစ်ခုဖြင့် ပြတ်သားနေသည်။

မော့ဟန်က နောက်ကနေ လှမ်းအော်သည်။
“ရှန်ယို့ . . . ငါနင့်ကို ရှင်းအောင်ပြောပြီးသား”

ရှန်ယို့က မော့ဟန်ကို လှည့်ကြည့်သော်လည်း ဘာမှမပြောဘဲ သူမ၏ခရီးဆောင်အိတ်များကို ဆွဲကာ ထွက်သွားသည်။

ရှုချင်းရီက မော့ဟန်ကို မေးလိုက်သည်။
“နှစ်ယောက်က . . .ဘာဖြစ်လို့ ပြတ်တာလဲ?”

“အဆင်မပြေလို့”

ရှုချင်းရီက ခပ်ဖျော့ဖျော့ပြုံးကာ
“၃နှစ်လေ? ဒါတောင် အခုအထိ အဆင်မပြေနိုင်ကြဘူးလား?”

မော့ဟန်က မျက်မှောင်ကျုံကာ
“ဘာပြောချင်တာလဲ?”

ရှုချင်းရီက ပြောသည်။
“ညီမလေးပြောချင်တာက ကိုကြီးတို့ မပြတ်သင့်ဘူးလို့”

“ငါ့ကိစ္စကို ငါ့ဟာငါဆုံးဖြတ်မယ်”
မော့ဟန်က စိတ်နည်းနည်းတိုသွားသည်။

ရှုချင်းရီကလည်း ပြန်ပြောသည်။
“ကိုကြီးကိစ္စလည်း ညီမလေးဝင်မဆုံးဖြတ်ချင်ပါဘူး။ နောက်ဆိုရင် ကိုကြီးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မမေးတော့ဘူး”

ရှုချင်းရီက ခေါင်းလေးငုံကာ ပြန်ပြောနေသည်ကို မော့ဟန်က မြင်သည့်အခါ သူမအပေါ်တွင်တော့ ဒေါသမထွက်ချင်သောကြောင့်
“အခုမှ ဆေးရုံက ဆင်းလာတာ။ အရင်ပဲ ကောင်းကောင်းနားပါဦး”

ရှုချင်းရီက စကားကို နားထောင်စွာဖြင့် သူမ၏အခန်းထဲသို့ သွားသည်။

မော့ဟန်က ထပ်ပြောလိုက်သည်။
“မအိပ်ခင် နွားနို့တစ်ခွက်သောက်ဖို့ မေ့မနေနဲ့။ ပြီးမှအိပ်”

ရှုချင်းရီက ပြောသည်။
“အင်းပါ”

Previous Chapter 78 of 199 Next