၁၅၀။ ငါ့မှတ်ညဏ်တွေ
ဟန်လျန်က သူမပုခုံးကနေဖိချကာ ကုတင်ပေါ်တွင် ထိုင်စေသည်။
“ဒီမှာခနစောင့်နော်။ ကိုယ်ပြစရာရှိတယ်”
ဟန်လျန်က ဓာတ်ပုံစာအုပ်အထူကြီးတစ်ခုကို ထုတ်လာပြသည်။ သူက ရှုချင်းရီ၏ဘေးတွင်ထိုင်ကာ ထိုပုံများကို ပြသည်။
“ဒီပုံက ကိုယ်တို့ အလယ်တန်းကျောင်းသားအရွယ်တုန်းက ရိုက်ထားတာ။ အဲ့ဒီအချိန်တုန်းက ညန်ညန်က တွက်စာအရမ်းညံ့တော့ ညန်ညန်အမေက ကိုယ့်ကိုစာကူလုပ်ပေးခိုင်းတာလေ။ ညန်ညန်က ကိုယ်ရှင်းပြသမျှကိုတော့ ငြိမ်ငြိမ်လေး နားထောင်ပင်မယ့် အမှတ်က ဟိုးအောက်ကနေ ဘယ်တော့မှ တက်မလာလို့ ကိုယ်ပြောသမျှကို တစ်ဖက်နားက နားထောင်ပြီး တစ်ဖက်နားကနေ ထွက်သွားတယ်လို့ ကိုယ်ပြောတက်တယ်”
“ဒီပုံက တက္ကသိုလ်တက်တုန်းက ကိုယ်ပါစျေးဝယ်လိုက်ပေးတာ။ အဲ့ဒီအချိန်တုန်းက ကိုယ်တို့က လက်ထပ်ခါနီး တွဲနေတဲ့အချိန်တုန်းကပေါ့။ ကြည့်ဦး။ အပြင်သွားရတိုင်း ညန်ညန်က ဒီလိုပဲ အမြဲပြုံးရွှင်နေတာ။ အရသာရှိတာစားရရင်ရော တစ်ခုခုစားချင်လို့ ပူစာရင်လည်း ဒီလိုရုပ်လေးပဲ”
“ဒါက. . .ကိုယ်တို့လက်ထပ်ပြီးပြီ။ မနှစ်က လက်မှတ်ထိုးကြတာလေ။ ညန်ညန်က လက်ထပ်ပွဲကို မစောင့်နိုင်ဘူးဆိုလို့ တက္ကသိုလ်က ဘွဲ့ရတာနဲ့ ကိုယ်တို့လက်ထပ်လိုက်ကြတာ။ ဒါက ကိုယ်တို့မဂ်လာဆောင်ဓာတ်ပုံရိုက်တုန်းက”
“ဒါက. . .ကိုယ်အတွက် ဟင်းချက်နေတာ။ အင်း. . .အရသာတော့ မဆိုးပါဘူး။ စားလို့တော့ ရတဲ့အနေအထားပါပဲ။ ဟင်းချက်တဲ့အစီအစဉ်တွေကြည့်ပြီးတော့ ကိုယ့်ဟာကိုယ်ချက်နေတာတဲ့။ မီးဖိုချောင်ထဲမှာ မီးလောင်မသွားတာပဲ ကိုယ့်မှာတော်လွန်းတယ် ထင်ခဲ့ရတာကွာ”
ဟန်လျန်က တစ်ပုံချင်းရှင်းပြကာ ပြနေရင်းဖြင့် ရှုချင်းရီ၏ မှတ်ညဏ်များကို ဆွဲထုတ်နိုင်ရန် လုပ်နေသည်။
“ဘာကိုမှ . . .မမှတ်မိဘူးလား? နည်းနည်းလေးတောင်မှ”
“တောင်းပန်ပါတယ်”
ရှုချင်းရီက ပြောသည်။
ဟန်လျန်က ပုံတွေကို ပြန်သိမ်းလိုက်သည်။
“ကိုယ့်အနားမှာရှိနေသ၍ ရပါတယ်”
သူမက ချစ်ခြင်းအပြည့်ဖြင့်ကြည့်ကာ
“နောက်နောင် ကိုယ်ဘယ်တော့မှ ညန်ညန်ကို ထပ်ပြီးတော့ အဆုံးရှုံးမခံတော့ဘူး”
ဟန်လျန်က သူမကိုဖက်လိုက်သည်။ ဟန်လျန်၏လက်က သူမ၏စကတ်ကို ထိလိုက်သည်နှင့် ချက်ချင်းပဲ သူ့ကိုတွန်းထုတ်လိုက်ဖို့ လုပ်လိုက်သည်။ သို့သော်လည်း သူမဟာ မှတ်ညဏ်တွေကို ပြန်ရှာပြီးတော့ သူတို့ဆီကို ပြန်လာရမည် ဖြစ်သောကြောင့် သူမအပြုအမူတွေကို ထိန်းသိမ်းရမည်လေ။
သူတို့ဟာ သူမ၏မိသားစုများ ဖြစ်ကြသည်။ သူတို့က သူမအား အချိန်အကြာကြီးစောင့်ခဲ့ရသည့်သူများဖြစ်သောကြောင့် သူတို့ကို စိတ်ထိခိုက်အောင် သူမလုပ်လို့မရပေ။ သူမှာ မိသားစုကို ရွေးချယ်ခဲ့လိုက်ပြီဖြစ်သောကြောင့် သူမသည် ဒီယောက်ျား၏မိန်းမ ဟိုအမျိုးသမီး၏သမီးအဖြစ် လိုက်လျောညီထွေစွာ နေရတော့မည် ဖြစ်သည်။
ထို့ကြောင့် ဟန်လျန်အား ပြန်ဖက်လိုက်သည်။
ဒီအိမ်ကိုရောက်သည်နှင့် ဟန်လျန်က သူမ၏အမေအား သူမစားချင်သည်များကို သူမလိုအပ်သည်များကို အချိန်တိုင်း အဆင်ပြေရန် လုပ်ပေးရန်ပြောသည်။ သူတို့က သူမအိမ်သာခနသွားရင်တောင် သူတို့ဆီမှ ပျောက်သွားတော့မတက် စိုးရိမ်ကာ စောင့်ကြည့်နေကြသည်။
ဟန်လျန်က အဆိုးဆုံးပင် ဖြစ်သည်။ သူဟာ သူမအနားတွင်သာ အချိန်တိုင်းကပ်နေသည်။ သူတို့ဟာ သူမအား နှစ်ဆပို၍ ဂရုစိုက်ကာ ကောင်းပေးကြသည်။ ဒါပင်မယ့်လည်း ဒီလိုတွေလုပ်နေကြတာကြောင့် ရှုချင်းရီမှာ အဆင်မပြေဖြစ်လာသည်။
သူမဟာ မော့ဟန်၏အိမ်တွင် လွတ်လပ်စွာ နေခဲ့ခြင်း ဖြစ်သည်လေ။ မော့ဟန်က သူမတစ်ယောက်တည်းနေချိန်ကို အလုံအလောက်ပေးထားသည်။ မော့ဟန်က အိမ်ပြန်လာလျှင် သူ့အလုပ်ကိုသူလုပ်နေတာမဟုတ်ရင် သူမစားဖို့ချက်ပြုတ်ပေးတက်တာမျိုးသာ လုပ်တက်သည်။ မော့ဟန်က တစ်ခါတလေ ဆိုဖာပေါ်မှာထိုင်ကာ သူမနှင့်အတူ ရုပ်ရှင်ကြည့်ပေးတက်သည်။ သူမသည် အိမ်တွင် တစ်ယောက်တည်းရှိနေတာများသောကြောင့် သူသက်သောင့်သက်တာရှိလွန်းသည်။
အခုဒီမှာတော့ သူမဆိုဖာပေါ်မှာ ထိုင်နေချိန်တွင် သူမ၏အမေက သူမအား ဘာစားချင်လဲဆိုတာကိုသာ အခေါက်ပေါင်းများစွာ မေးလို့နေချေသည်။
ရှုချင်းရီက မနည်းပြုံးလိုက်ကာ
“ရပါတယ်။ သမီးဗိုက်မဆာပါဘူး”
နောက်မှာတော့ ဟန်လျန်က သူမ၏ဆေးရုံစရိတ်များနှင့် မော့ဟန်၏အိမ်မှာ နေခဲ့တုန်းက သူမသုံးစွဲခဲ့သမျှအဖိုးအခတို့ကို ပြန်ပေးရန် ပြောလာသည်။ ဒါပင်မယ့်လည်း သူမဟာ မော့ဟန်ကို ငွေဘယ်လောက်ပေးမှ သူကျေနပ်မလဲမသိပေ။ မော့ဟန်က အရမ်းချမ်းသာတာကို သူမသိ၍ဖြစ်သည်။
သူဟာ သူမတို့ကို ဒီလိုမျိုးတောင် ပြန်ပြောနိုင်သည်။
‘မင်းငါ့ကိုပေးတဲ့ ပိုက်ဆံလောက်ကများ ငါ့ရုံးကနေရတဲ့ ပိုက်ဆံလောက်တောင် မရှိဘူး!’
ညရောက်သည့်အခါမှာတော့ ရှုချင်းရီဟာ ထုံးစံအတိုင်း အိပ်မပျော်လေဘူး။ ဟန်လျန်က သူမဘေးမှာ စာအုပ်ဖတ်ရင်း လှဲလို့နေသည်။ ရှုချင်းရီက ခနတွေးပြီးသည်နှင့် အိပ်ခန်းအပြင်သို့ ထွက်သွားကာ ပြန်ဝင်မလာတော့ဘူး။
“ဒီနေ့ ကျွန်မဒီမှာ မအိပ်တော့ဘူး။ ဘေးကဧည့်သည်ထားတဲ့အခန်းမှာပဲ သွားအိပ်လိုက်တော့မယ်”
ဟန်လျန်က ထူးဆန်းသလို ခံစားရသောကြောင့်
“ဘာဖြစ်လို့လဲ? ကိုယ်တို့က လက်ထပ်ပြီးသားလေ။ ဘာတွေကို တွေးပူနေတာလဲ?”