May Honey Logo May Honey
Previous Next

၁၇၄။ အိမ်ပေါ်ကဆင်းပေးမယ်

သူမ၏အမေက မျက်ရည်တွေစီးကျလာကာ ငိုချတော့သည်။ ရှုချင်းရီမှာလည်း သူမ၏အတိတ်မှာ ဒီလိုဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူမလည်း သူမ၏အမေနှင့်အတူ လိုက်ငိုချင်သော်လည်း သူမ၏မျက်ရည်များက ထွက်မလာပေ။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ညဏ်များကို ပြန်မမှတ်မိသေး၍ ဖြစ်သည်။

“နောက်ပြီးတော့ရော?”
သူမမေးလိုက်သည်။

“သမီးကို လူသုံးယောက်က ခေါ်သွားပြီးတဲ့နောက်တော့ အမေတို့ကိုလည်း စောင့်ကြည့်နေတဲ့သူတွေ ရှိသေးတယ်။ ညန်ညန်က ကြောက်လွန်းလို့ မေ့တောင်သွားတယ်။ အမေ့လက်ကလည်း ကျိုးသွားသလို သမီးအဖေကလည်း ပြုတ်ကျတော့မတက် ဖြစ်သွားခဲ့တာလေ။ သမီးပြန်လာတာကိုပဲ အမေတို့မှာ စောင့်ရုံပဲရှိတော့တာ။ ဘာမှမလုပ်ပေးနိုင်လို့ . . .တောင်းပန်ပါတယ်. . .”
သူမ၏အမေက မျက်ရည်များဖြင့် တရှိုက်ရှိုက်ငိုရင်းက ပြောသည်။

ရှုချင်းရီသည် သူမ၏အမေပုခုံးကို ပုတ်ပေးလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် ဒီလိုအတိတ်မေ့နေခြင်းကို ဝမ်းသာမိသွားသည်။ ဒီလိုနာကျင်စရာများကို သူမပြန်မမှတ်မိချင်တော့ပေ။ အခုတော့ သူမ၏အမေကို ချော့ပေးနိုင်ခြင်းမှာ သူမနှင့်မဆိုင်သလို အကြောင်းအရာတစ်ခုကို ကြားလိုက်ရသလို ဖြစ်သောကြောင့်သာ ဖြစ်သည်။

“အဲ့လူတွေက နောက်နှစ်ရက်လောက်ကျတော့ ပြန်လာတယ်။ ဒါပင်မယ့် သမီးကတော့ ပြန်ပါမလာတော့ဘူး။ သူတို့က ဒီအတိုးတွေကို လျော်လိုက်ပြီး ချေးပေးလိုက်တဲ့အရင်းငွေကိုပဲ ၂ပတ်အတွင်းပြန်ဆပ်လို့ လာပြောကြတာ။ သမီးဘယ်မှာလဲလို့ အမေမေးပင်မယ့် သူတို့က သမီးကိုသေလူလိုပဲ သဘောထားပြီး လိုက်မရှာတော့ဖို့ ပြောတယ်။ အမေ့မှာလည်း နောက်ကလေးတစ်ယောက်ရှိနေတာဆိုတော့ပေါ့”

“ဒါပင်မယ့် သမီးတို့နှစ်ယောက်က တူတာမှမဟုတ်တာ။ သမီးကလည်း အမေ့သမီးပဲလေ။ သူတို့က ဘာဖြစ်လို့ အမေ့ဆီကို ပြန်မပေးကြတာလဲ?”
သူမ၏အမေအသံက တုန်နေသည်။

“အချိန်ကြာတော့ အမေရဲစခန်းကို သွားအမှုဖွင့်တယ်။ သူတို့က ဘာသတင်းမှ စုံစမ်းမရတော့ သမီးဆုံးသွားပြီလို့ ပြောကြတယ်”

ရှုချင်းရီ၏လက်ကိုကိုင်ကာ သူမ၏အမေက
“သမီးမသေခဲ့တာ တကယ်ကောင်းတာပဲ။ ဟန်လျန်က လွန်ခဲ့တဲ့၂နှစ်တုန်းက သမီးကိုတွေ့တာ။ အဲ့အချိန်ကျမှ သမီးမသေသေးမှန်းသိရလို့ အမေတို့ဆီ ပြန်လာဖို့ အမေခေါ်သေးတယ်။ သမီးက အမေတို့နဲ့ အခုနေကြတဲ့ဘဝချင်းမတူလို့ ပြန်မလိုက်နိုင်ဘူးလို့ ပြောတယ်”

ရှုချင်းရီက
“ဟန်လျန်လည်း ပြောပါတယ်”

ရှုချင်းရီက သူမ၏အမေကို လှည့်ဖက်လိုက်ကာ
“ထပ်ပြီးဝမ်းမနည်းပါနဲ့တော့။ ဒါတွေက အတိတ်ပဲလေ။ ပြီးတော့လည်း သမီးလည်း မှတ်မိတာမှ မဟုတ်တာ”

သူမ၏အမေက သူမကိုဖက်ရင်း ဆက်ငိုသည်။ ရှုချင်းရီက သူမ၏အမေ ပုခုံးကို ပုတ်ပေးလို့သာ နေလိုက်သည်။ ထို့နောက်တွင်တော့ အုတ်ဂူအရှေ့တွင် သူမ၏အမေနှင့် သူမတို့ အကြာကြီးဖက်ထားကြသည်။ သူမ၏အမေက အုတ်ဂူမှ ညန်ညန်ပုံလေးကိုကြည့်ပြီး နောက်ထပ်လာခဲ့ဦးမယ်ဟု ပြောသည်။

ထို့နောက် သူတို့ပြန်လာကြသည့်အခါ မှောင်နေပြီ။ သူမ၏အမေက သူမလက်ကိုဆွဲရင်း ဒီမှာတစ်ညလောက် အိပ်သွားဖို့ ပြောသည်။ ဟန်လျန်ကလည်း အိမ်ပြောင်းပေးသွားသောကြောင့် သူမ၏အမေတစ်ယောက်တည်းသာ အိမ်တွင်ရှိသည်။

ရှုချင်းရီက နာရီကို ကြည့်လိုက်သည့်အခါ သူမအခုအချိန်မှ ပြန်သွားလျှင် ဟိုဘက်မြို့ကို ညလယ်မှ ရောက်မှာဖြစ်ပြီး မော့ဟန်အိပ်နေသည်ကို နှောင့်ယှက်သလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူမမော့ဟန်ကို ဖုန်းခေါ်လိုက်သည်။

“အမေနဲ့ ညီမလေးရဲ့ အုတ်ဂူကို ဒီနေ့သွားကြတာ။ နောက်ကျနေပြီဆိုတော့ ဒီနေ့ပြန်မလာတော့ဘူး”
ရှုချင်းရီ၏ လေသံတွင် မော့ဟန်ကို စိတ်ဆိုးနေသည့်အသံ အပြည့်ဖြင့် ဖြစ်သည်။

မော့ဟန်က သူမစကားဆုံးပြီးနောက် ခနနေမှ အင်းလို့ ပြောသည်။

ရှုချင်းရီသည် မော့ဟန်၏ ထူးမခြားနားလေသံကြောင့် ဒေါသပိုထွက်လာသည်။ သို့သော်လည်း သူမစိတ်ကိုသူမ မနည်းထိန်းကာ
“မနက်ဖြန်နေ့လည်လောက် ပြန်လာခဲ့မယ်”

“ရတယ်။ ပြန်ချင်တဲ့အချိန်သာ ပြန်လာခဲ့”

ရှုချင်းရီက မော့ဟန်ပြောသည်ကို ကြားလိုက်သည်။

သူမသည် ဖုန်းကိုတင်းနေအောင် ကိုင်ထားစဉ် မော့ဟန်က
“တခြားပြောစရာမရှိရင် ငါဖုန်းချတော့မယ်”

ရှုချင်းရီက အော်လိုက်သည်။
“ခနလေး မချနဲ့ဦး!”

မော့ဟန်က ဖုန်းမချသေးဘဲ တိတ်ဆိတ်စွာဖြင့် သူမပြောမည်ကို စောင့်နေသည်။

“ညီမလေးကို. . .ရှောင်နေတာကို သိပါတယ်။ တကယ်လို့ ညီမလေးကို မမြင်ချင်တော့ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါလား။ အိမ်ပေါ်က ဆင်းပေးလို့ ရပါတယ်။ အခုကိုကြီးအိမ်မှာ နေစရာအကြောင်းမှ မရှိတော့တာ. . .ဒါပင်မယ့် ဒီလိုမျိုး ညီမလေးကို စကားပြောရတာက အချိန်ဖြုန်းနေရသလိုမျိုးကြီးတေ့ ဆက်မလုပ်ပါနဲ့”

ရှုချင်းရီက သူမဘယ်လိုခံစားနေရမှန်း မသိ၍ပြောလိုက်သည်။ သူမသိသည်ဟူ၍ သူမ၏ရင်ဘတ်ကို တစ်ခုခုကဖိထားသလို ဖြစ်နေခြင်းသာ ဖြစ်သည်။ သူမသည် လက်သီးကိုတင်းတင်းဆုပ်ရင် အရဲစွန့်ကာ မော့ဟန်အား ဒီလိုပြောလိုက်သည်။ သူမတို့ကြားတွင် ဒီလိုဆက်ဖြစ်နေလို့ မရဘူးဟု သူမခံစားနေရသည်။ သို့သော်လည်း သူတို့နှစ်ယောက်မှာ အရင်လို ပြန်နေလို့လည်း မဖြစ်တော့ပြန်ပေ။

ရှုချင်းရီက တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားနေရသော်လည်း သူမကိုယ်သူမ အားတင်းကာ ထပ်ပြောလိုက်သည်။

“အရမ်းအလုပ်ရှုပ်နေသလိုမျိုး အိမ်ကိုနောက်ကျမှ ပြန်လာပြီးတော့ ညီမလေးကို ရှောင်နေစရာ မလိုပါဘူး။ အိမ်ပေါ်က ဆင်းပေးပါ့မယ်။ ကိုကြီးဘယ်လိုခံစားရမလဲ သိပါတယ်။ ညီမလေးတို့ကြားက သံယောဇဉ်ကိုတော့ ကိုကြီးသဘောကျ ဖျက်ကြတာပေါ့။ ဒါဆိုရင် နောက်တစ်ခါထပ်တွေ့ရင် အနေရခက်မှာ မဟုတ်တော့ပါဘူး”

မော့ဟန်ကတော့ တိတ်ဆိတ်လို့သာ နေသည်။ ရှုချင်းရီမှာ ဖုန်းချသွားပြီတောင်ထင်လို့ ပြန်ကြည့်လိုက်ရသေးသည်။ အချိန်ကြာမှသာ
“ဒီလိုတကယ်ထင်တာလား?”

မော့ဟန်က မေးလာသည်။
“အင်း”

“ပြန်လာမှ ပြောကြတာပေါ့”

ရှုချင်းရီကလည်း ဘာထပ်ပြောရမလဲ မသိတော့ပေ။ မော့ဟန်က
“မင်းအဆင်ပြေလား?”

ရှုချင်းရီက အင်းလို့ ဖြေလိုက်သည်။ ထို့နောက် မော့ဟန်က
“မင်းဘက်က ဖုန်းချလိုက်”

ရှုချင်းရီသည် သူ့စကားကို နားထောင်ကာ ခေါင်းငြိမ့်ပြီး ဖုန်းချလိုက်သည်။ ထို့နောက်တွင်မှ သူမဖုန်းကိုကြည့်ကာ တွေးမိတော့သည်။
‘ဘာဖြစ်လို့ ဒီလိုလုပ်တာပါလိမ့်?
ဘာဖြစ်လို့ ငါ့ကိုဖုန်းအရင်ချခိုင်းတာလဲ?’

သူမ၏အမေအိမ်တွင် တစ်ညအိပ်ပြီးသည့်အခါ နောက်နေ့တွင် သူမပြန်လာခဲ့သည်။ သို့သော်လည်း သူမအိမ်သို့ ပြန်မရောက်ခင် လူတစ်စု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သူမသည် သူတို့တိုက်ခန်းသို့ရောက်၍ ဓာတ်လှေကားကို စောင့်နေစဉ်တွင် လူထွားကြီးတွေက သူမအား တားလိုက်သည်။

အစတုန်းက သူမသည် ငယ်ငယ်တုန်းက သူမကိုခေါ်သွားသည့် လူမိုက်များလားဟု ထင်မိသော်လည်း သူမတို့က သူမအားတားရုံပဲရှိကာ ဘာမှမလုပ်ပေ။

“ဘာဖြစ်လို့လဲ. . .မသိဘူးရှင့်?”
ရှုချင်းရီက သတိအပြည့်ဖြင့် မေးလိုက်သည်။

“ရှုချင်းရီထင်တယ်”
လူတစ်ယောက်က သူမအား ပြုံးပြကာ ပြောသည်။

ရှုချင်းရီသည် ဒီအပြုံးကြီးကြောင့် ကြောက်သွားသော်လည်း သတ္တိမွေးကာ
“ဟုတ်တယ်။ ဘာဖြစ်လို့လဲ?”

“ဒီလိုပါ။ ကျွန်တော်တို့ ဉက္ကဌကြီးက မိန်းကလေးကို တွေ့ချင်လို့ပါ”

ထိုလူက သူတို့တိုက်ခန်းအရှေ့တွင်ရပ်ထားသည့် ကားအနက်ကြီးကို လက်ညိုးထိုးပြသည်။ ထိုကားက အရမ်းတောက်ပကာ လှပနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာသည့်သူပိုင်ကြောင်း သိနိုင်သည်။

“ရှင်တို့ဉက္ကဌကြီးကို ကျွန်မမှ မသိတာ”

ထိုလူက အပြုံးကြီးဖြင့်
“ရပါတယ်။ ဉက္ကဌကြီးကတော့ မိန်းကလေးကို သိပါတယ်”

“ဒါပင်မယ့်. . .ရှင်တို့ဉက္ကဌကြီးက ကျွန်မကို မှတ်မိအောင် ဘာများလုပ်ထားမိလို့လဲ?”
ရှုချင်းရီက ခါးသီးစွာရယ်ရင်း ပြောသည်။

“မိန်းကလေးရဲ့ အကိုကြီးကြောင့်ပါ။ ဉက္ကဌကြီးက သူ့ကိုမိန်းကလေးနေတစ်ဆင့် စကားပါးချင်လို့ပါ”
ထိုလူသည် သူမမလိုက်မချင်း အတင်းခေါ်မည့်ပုံဖြင့် ပြောနေသည်။

သူမက ပြန်ပြောရန်လုပ်လိုက်စဉ်တွင်ပဲ နော်ကတစ်ယောက်က သူမ၏ပါးစပ်ကိုပိတ်ကာ သူ့ပုခုံးပေါ်တွင် တင်ထမ်းရင်း ကားဆီသို့ ခေါ်သွားသည်။ ရှုချင်းရီသည် ဇောက်ထိုးသယ်ခံလိုက်ရသဖြင့် ခေါင်းမူးသွားသည်။ ထို့ကြောင့် သူတို့ခေါ်သွားသည်ကိုသာ ခံလိုက်ရတော့သည်။

ထိုလူက ကားနောက်ခန်းထဲသို့ သူမကိုပစ်ချလိုက်ကာ ကားတံခါးကို ပိတ်လိုက်သည်။ ကားထဲတွင် လူကြီးတစ်ယောက်က ထိုင်နေသည်။ ထိုလူက သပ်ရပ်သည့် အနက်ရောင်ဝတ်စုံကို ဝတ်ထားကာ ခြေချိတ်ထိုင်ရင်းဖြင့် ရှုချင်းရီအား အကဲခတ်နေသည်။

ရှုချင်းရီသည် ထိုင်လိုက်ကာ အဝတ်များကို သပ်ရပ်အောင် ပြန်လုပ်ရင်းဖြင့်
“ဉက္ကဌကြီး ဒီလိုလုပ်တာက ကျွန်မရဲ့ လွတ်လပ်ခွင့်ကို တရားဝင်ချိုးဖောက်လိုက်တယ်ဆိုတာ သိသင့်တယ်”

ဉက္ကဌကြီးက ရှုချင်းရီ၏မျက်နှာကို သေချာမြင်ချင်သည့်ပုံဖြင့် အနားသို့ကပ်လာကာ
“မော့ဟန်ရဲ့ညီမ ရှုချင်းရီမလား? စိတ်ဝင်စားဖို့ ကောင်းသားပဲ”

သူတို့ကားက ရွေ့သွားသည့်အခါ ရှုချင်းရီက မေးသည်။
“ဘယ်ကိုခေါ်သွားမလို့လဲ?”

“ဘာဖြစ်လို့လဲ? ကြောက်လို့လား?”

ရှုချင်းရီက ပြုံးလိုက်ကာ ဉက္ကဌကြီးကို တည့်တည့်ကြည့်ပြီး
“ကြောက်တာပေါ့။ နောက်ကျရင် ဉက္ကဌကြီးက ပြန်ပေးဆွဲသမားလို့ ခေါ်ခံရမှာကို ကြောက်တာပေါ့။ ဒါကသိပ်တော့ မတရားဘူးမလား?”

ဉက္ကဌကြီးက အမူအယာပြောင်းသွားကာ
“မော့ဟန်ရဲ့ညီမ ပီသပါပေတယ်။ စကားတက်တာပဲ”

ထိုလူက ကားထဲတွင် ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ပုံဖြင့် စီးကရက်သောက်နေသည်။ ထို့နောက် စီးကရက်အငွေ့များကို မှုတ်ထုတ်လိုက်ပြီး
“စိတ်မပူပါနဲ့။ တစ်ခုပဲ ငါပြောမှာပါ။ ငါပြောပြီးရင် မင်းပြန်လို့ရပြီ”

“ပြောချင်ရင် ကားထဲမှာပဲ ပြောလိုက်ပေါ့။ ဘာဖြစ်လို့ အချိန်ကုန်အောင် လုပ်နေတာလဲ?”

ဉက္ကဌကြီးက ရယ်လိုက်ကာ
“ဒီလိုလုပ်မရဘူး။ မဆွေးနွေးခင်မှာ ဒီလိုမိန်းမလှလေးကို ကြင်နာမှုပြတဲ့အနေနဲ့ ထမင်းတစ်နပ်တော့ ကျွေးမှဖြစ်မှာပေါ့”

ရှုချင်းရီက သူမဘာပြောပြော ဒီလူကြီးက ကားပေါ်က ဆင်းခွင့်ပေးမှာ မဟုတ်သည်ကို သိလိုက်သည်။ ထို့ကြောင့် ကားပေါ်မှာ လိုက်သွားရင်းဖြင့် နောက်ဘယ်လိုအကွက်ရွှေ့မလဲကိုသာ ကြည့်ရန်လုပ်လိုက်တော့သည်။

Previous Chapter 174 of 199 Next