၉၅။ အနမ်း
မော့ဟန်က ရှုချင်းရီအား နောက်တစ်ခေါက် ကြည့်လိုက်သည့်အခါတွင်တော့ သူမမှာ တူကိုတစ်ဖက်ကကိုင်ကာ နောက်တစ်ဖက်ကို စားပွဲပေါ်တွင် တင်ထားသည်။ သူမက ဆက်မစားတော့သော်လည်း ခေါင်းကိုငုံထားဆဲ ဖြစ်သောကြောင့် သူမဘာလုပ်နေသလဲ မော့ဟန်က မတွေးတက်တော့ပါ။
မော့ဟန်က မေးသည်။
“ဘာဖြစ်နေတာလဲ? နေလို့အဆင်မပြေတော့ဘူးလား?”
ရှုချင်းရီက သူ့အားမော့ကြည့်ကာ ခေါင်းခါရင်း ပြုံးပြသည်။
မော့ဟန်က ရှုချင်းရီ၏ အပြုံးမှာ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ထိုကောင်မလေးမှာ ပုံမှန်မဟုတ်တော့သလိုပင်။
ရှုချင်းရီက တူကိုလက်ကချလိုက်ကာ စားပွဲပေါ်တွင် လက်နှစ်ဖက်တင်ရင်း သူမခါးကို မတ်လိုက်သည်။ ထို့နောက် သူမအနားက လူတိုင်းကို အပြုံးကြီးဖြင့်ကြည့်ကာ မကျယ်လွန်းသလို နူးညံ့မှုမရှိတော့သည့်အသံဖြင့်
“အကုန်လုံး. . .အဆင်သင့်ဖြစ်ပြီလား?”
စားပွဲဝိုင်းက လူတိုင်း၏ အာရုံမှာ သူမဆီသို့ ရောက်လာကာ ပဟေဌိဖြစ်စွာ ကြည့်နေကြသည်။ ဘာဖြစ်နေမှန်း ဘယ်သူမှ မသိကြပေ။
ရှုချင်းရီက အပြုံးကြီးဆက်ပြုံးရင်းဖြင့်
“ဒါဆိုရင် စတော့မယ်”
“သုံး”
ရှုချင်းရီက သူမဟာသူမရေတွက်နေပြီ။
မော့ဟန်က တစ်ခုခုလွဲနေပြီမှန်း သိလိုက်သောကြောင့် သူမလက်မောင်းကို ဆွဲလိုက်ကာ မူးနေပြီလားဟု ဇဝေဇဝါဖြင့်
“ဘာဖြစ်နေတာလဲ?”
“နှစ်”
ရှုချင်းရီမှာ တခစ်ခစ်ရယ်ရင် ဆက်ရေတွက်သည်။
ဘာမှမသိသောကြောင့် ထိုဝိုင်းကလူများမှာ လန့်နေကြပြီ။ သူတို့က စကားပြောဖို့ကို မေ့လျော့ကာ သူမအား ကြည့်နေကြသည်။
“တစ်”
ရှုချင်းရီက ပြောပြီးလျှင်ပြီးချင်း မော့ဟန်ဘက်သို့လှည့်လာသည်။ ထို့နောက် မော့ဟန်၏မေးအား သူမ၏ညာလက်ဖြင့် ဆွဲငုံ့စေကာ သူ့အားနမ်းလိုက်သည်။
မော့ဟန်မှာ သူတို့နှုတ်ခမ်းများ ထိတွေ့သွားသည့် အခိုက်အတန့်တွင် အလွန်အံ့သြသွားသည်။ သူဟာ ရှုချင်းရီအား ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ ထိုကောင်မလေးကတော့ သူ့အားနမ်းနေစဉ် မျက်လုံးများကို မှိတ်ထားသည်။ သူမ၏နှုတ်ခမ်းများမှာ နူးညံ့ကာ စိုစွတ်နေသည်။ သူမက သူနှင့်အရမ်းနီးကပ်နေပြီ ဖြစ်သောကြောင့် သူမ၏အသက်ရှုသံခပ်တိုးတိုးကိုတောင် သူကြားနေရသည်။
ဘာဖြစ်နေသလဲဆိုသည်ကို သူအသိဝင်သွားသည့် အချိန်တွင်တော့ သူမမှာ သူ့အားတွန်းထုတ်သွားလေပြီ။ ရှုချင်းရီက သူမ၏တစ်ဖက်မှာ ထိုင်နေသည့် ကျန်းချင်းချန်အား ကြည့်ကာ နမ်းရန် သွားနေသည်။
ထိုစားပွဲမှ လူတိုင်းမှာ အံ့အားသင့်နေကြလေရဲ့။ သူတို့အရှေ့က ဒီအခြေအနေအား ဘယ်လိုလုပ်တုံ့ပြန်ရမလဲ မသိကြတော့ပေ။ သူမက ကျန်းချင်းချန်ကို နမ်းမည့်အချိန်တွင် မော့ဟန်မှာ သူမအား နောက်ကနေ ပြန်ဆွဲထားလိုက်သည်။ ဘယ်သူမှ မမျှော်လင့်မိသည်က ရှုချင်းရီမှာ ကျန်းချင်းချန်၏လည်ပင်းအား လက်နှစ်ဖက်ကို လှမ်းဖက်ထားခြင်းပင် ဖြစ်သည်။
တစ်ဖက်က ကျန်းချင်းယန်မှာတော့ တစ်ကိုယ်လုံး မလှုပ်မယှက် မျက်လုံးအပြူးသားဖြင့် ရှုချင်းရီအား ကြောင်ကြည့်နေသည်။
“ဘာတွေလျှောက်လုပ်နေတာလဲ?”
မော့ဟန်မှာ ရှုချင်းရီအား အားသုံးပြီး ပြန်ဆွဲဖက်ကာ ထိုနှစ်ယောက်အား ခွဲလိုက်သည်။
ရှုချင်းရီက အားမရှိစွာဖြင့် မော့ဟန်၏ရင်ခွင်ထဲသို့ ပစ်ကျလာကာ ဆွဲဆောင်မှုအပြည့် တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် မော့ဟန်အား အပြုံးကြီးဖြင့်ကြည့်ကာ
“ဘာဖြစ်လို့ စိတ်ပူနေတာလဲ? ဒါနှစ်ကိုယ်ကြားကိစ္စကို”
မော့ဟန်က ပုံလဲကျတော့မတက်ဖြစ်နေသည့် သူမကိုယ်လေးအား ခါးကနေဖက်ရင်း ထိန်းကိုင်ပေးထားရသည်။ သူ့အမှုအယာကတော့ ရေခဲတုံးကြီးလို အေးစက်နေလေရဲ့။
“မင်းမူးနေပြီ”
ရှုချင်းရီက ထရယ်ကာ စားပွဲဝိုင်းက လူတိုင်းအား လိုက်ကြည့်ပြီး
“အကုန်လုံး . . .ပြေးမလွတ်စေရဘူး”
စားပွဲဝိုင်းက လူတိုင်းမှာ သူမ၏အခြေအနေကိုကြည့်ရင်း ဝိုင်းရယ်ကြတော့သည်။ သူတို့က မော့ဟန်အား နှစ်သိမ့်ပေးကြပါသည်။
“ရှေ့နေကြီးရဲ့ ညီမလေးမူးသွားရင် လုပ်တာက ထူးခြားသားပဲ”
မော့ဟန်က ဆိတ်ဆိတ်နေရင်းသာ သူ့လက်ထဲတွင် အငြိမ်မနေသည့် ရှုချင်းရီအား ထိန်းနေရသည်။ သူမက မော့ဟန်၏လက်တစ်ဖက်ကိုကိုင်ကာ နောက်တစ်ဖက်က ခေါင်းကိုလှမ်းနေရင်း သူ့အားထပ်နမ်းချင်ပုံပေါ်နေသည်။
မော့ဟန်က ဒေါသထွက်လာကာ ရှုချင်းရီ၏ နှုတ်ခမ်းအား လက်တစ်ဖက်ဖြင့်ကာရင်း ကျန်တဲ့လူများအား ပြောလိုက်သည်။
“ဒီလိုအခြေအနေဖြစ်လာလို့ ကျွန်တော်တောင်းပန်ပါတယ်”
ထိုလူများက နားလည်ပေးကြသော်လည်း ဝိုင်းစနေကြသည်။
“ရပါတယ်ဗျာ။ ရှေ့နေကြီးရဲ့ ညီမလေးက လှတာပဲဆိုတော့ လာနမ်းလည်း စိတ်မဆိုးပါဘူးဗျာ”
ရှုချင်းရီမှာ မော့ဟန်ကိုကြည့်ကာ အငြိမ်မနေဘဲ ရုန်းနေသည်။ သူမက မော့ဟန်ဆီက ထွက်ပြေးချင်နေသောကြောင့် မော့ဟန်ပါးစပ်ကိုအတင်းပိတ်ထားသော်လည်း ဝူးဝူးဝါးဝါးပြောနေဆဲပင်။
“ရှုချင်းရီ ငါပြောမယ်။ မင်းဒီလိုဆက်လုပ်နေရင် ဒီနေ့ည အိမ်ထဲကို ပေးမဝင်ဘူး”
မော့ဟန်၏လေသံမှာ ပြင်းထန်လွန်းလှသည်။ ထိုပွဲက လူတိုင်းမှာ သူမျက်မှောင်ကြီးကျုံလျှက် ဒီလိုဆူလိုက်သည့်အခါ သံသယဝင်စရာမလိုအောင်ကို ကြောက်လန့်နေကြပြီဖြစ်သည်။