၁၆၈။ အကျီချွတ်လိုက်
မော့ဟန်က သူမခေါင်းလေးကို ပုတ်ပေးကာ
“သွားအိပ်ကြမယ်။ ပြဿနာရှိရင် မနက်ဖြန် နိုးလာမှ ငါတို့ပြောကြတာပေါ့”
သူက သူမ၏အိပ်ခန်းသို့ခေါ်သွားကာ သူမကိုကုတင်ပေါ်တွင် ထိုင်စေပြီးနောက် သူမခေါင်းနှင့်ကိုယ်တို့ကို သုတ်ရန် သဘက်သွားယူပေးသည်။
“ရေချိုးချင်လား? မဟုတ်ရင် အအေးမိလိမ့်မယ်”
မော့ဟန်က ကုတင်ဘေးတွင်ထိုင်ရင်း သူမဆံပင်ကို သုတ်ပေးနေရင်းက မေးသည်။
ရှုချင်းရီက ခေါင်းခါလိုက်သည်။ မျက်ရည်တို့ကလည်း အဆက်မပြတ်ကျဆင်းဆဲပင်။
“ဒါဆိုရင်လည်း အဝတ်တော့လဲလိုက်ဦး။ မအိပ်ခင် နွေးနွေးထွေးထွေးဝတ်လိုက်”
ရှုချင်းရီက သူမ၏စကတ်ကို ဆွဲချွတ်ဖို့ လုပ်လိုက်သည့်အခါ မော့ဟန်က သူမအား သဘက်ဖြင့် အုပ်လိုက်ကာ ခေါင်းကိုအမြန်လွှဲလိုက်ရပြီး
“အဝတ်တောင် ထုတ်မပေးရသေးတာကို ဘယ်လိုလဲမှာလဲ? ခနနေဦး”
မော့ဟန်က သူမ၏ဗီရိုသို့ သွားကာ သူမအရင်ဝတ်တက်သည့် ညအိပ်ဝတ်စုံကို ထုတ်ပြီးပစ်ပေးလိုက်သည်။
“အဝတ်မလဲခင် ကိုယ်ကို အရင်သုတ်”
ရှုချင်းရီက စိုနေသည့်အဝတ်တွေကို ချွတ်နေချိန်မှာလည်း မျက်ရည်တို့က တပေါက်ပေါက်ကျနေသည်။ သူမသည် ဟိုဘက်မြို့မှာ ဖြစ်ခဲ့သမျှကို မတွေးချင်လောက်အောင် ပင်ပန်းနေသော်လည်း သူမ၏ကိုယ်ကို သဘက်ဖြင့် မရှိသည့်အားကို ဖြစ်ညှစ်ကာ သုတ်နေရသည်။ သို့သော်လည်း သူမ၏မျက်လုံးထောင့်မှ အိတ်ထဲက ထွက်လာသည့် ဓာတ်ပုံကိုမြင်သည့်အခါ လက်တွေ့ဘဝကို ပြန်သတိရသွားပြန်သည်။
အခန်းအပြင်က မော့ဟန်သည် ဘာအသံမှ မကြားတော့သောကြောင့် ရှုချင်းရီမှာ အဝတ်လဲပြီးပြီဟုထင်ကာ ဝင်လာသည်။ သို့သော် သူမသည် အဝတ်မဝတ်ရသေးသည်ကို မြင်သည့်အခါ ချက်ချင်းမျက်နှာကို လွှဲလိုက်ရပြီး
“ဘာဖြစ်လို့ အဝတ်မဝတ်သေးတာလဲ?”
ရှုချင်းရီသည် မော့ဟန်၏အသံကိုကြားမှ အသိစိတ်ပြန်ဝင်လာသည်။ ထို့နောက် ညအိပ်ဝတ်စုံကိုဝတ်ကာ ကုတင်ပေါ်တွင် လှဲချလိုက်သည်။ သူမ၏မျက်လုံးများက ပြတင်းပေါက်ကို ကြည့်နေရင်း
“အိပ်တော့မယ်။ သွားချင်ရင်သွားလို့ရပြီ”
မော့ဟန်က လှည့်ကြည့်သည့်အခါ သူမက ကုတင်ပေါ်တွင် ရေစိုနေသည့်ဆံပင်တို့ဖြင့် လှဲနေသည်ကို မြင်လိုက်ရသည်။ ညဝတ်ဝတ်စုံကို ဝတ်ထားသော်လည်း ဂျင်းဘောင်းဘီအစိုကိုတော့ မလဲနိုင်တော့ပေ။ ထို့ကြောင့် မော့ဟန်သည် စိတ်မရှည်တော့ဘဲ
“ငါပဲလာလုပ်ပေးတော့မယ်”
မော့ဟန်သည် ကုတင်ဘေးတွင် ဒူးထောက်ထိုင်လိုက်ကာ သူမ၏ဂျင်းဘောင်းဘီကြယ်သီးများကို ဖြုတ်လိုက်ပြီး မျက်နှာကို တစ်ဖက်သိုလွှဲရင်း ချွတ်ပေးလိုက်သည်။ ရှုချင်းရီကတော့ ပြတင်းပေါက်ကိုသာငေးရင်း စိတ်နှင့်လူကပ်ပုံမရပေ။
မော့ဟန်က သူမတစ်ခုခုဖြစ်နေသည်ကို သိလိုက်သည်။ မဟုတ်လျှင် သူမက ဒီလိုပုံစံဖြစ်နေမှာ မဟုတ်ပေ။ ထိုကိစ္စမှာလည်း ဟန်လျန်နှင့် ရန်ဖြစ်လာတာမျိုး မဖြစ်နိုင်ပေ။ မဟုတ်လျှင် ဟန်လျန်က သူ့အားဖုန်းခေါ်မေးမှာ မဟုတ်ပေ။
ထို့နောက် ရှုချင်းရီအား ရေစိုနေသည်ကို သုတ်လိုက်ရန် မှာခဲ့ပြီး သူကတော့ ရေချိုးခန်းမှ dryerကို သွားယူလိုက်သည်။ ထို့နောက် ကုတင်ဘေးတွင် ထိုင်ရင်း သူမ၏ဆံပင်အား သူခြောက်သည့်အထိ လုပ်ပေးလိုက်သည်။
ရှုချင်းရီကတော့ မော့ဟန်က သူမ၏ဆံပင်များကို ဖွကာ dryerဖြင့် အခြောက်ခံပေးနေသဖြင့် လူကသက်သောင့်သက်သာရှိလာပုံရသည်။ လေနွေးနွေးလေးက သူမကိုစိတ်သက်သာစေကာ မိုးရေမိကာ ဖြူဖပ်နေသည့် သူမ၏မျက်နှာလေးတွင် သွေးရောင်ပြန်သန်းလာတော့သည်။ ဤသို့ဖြင့် သူမသည် ဆေးကူစရာမလိုဘဲ အိပ်ပျော်သွားတော့သည်။ နောက်နေ့တွင်လည်း မနက်၁၀နာရီကျော်မှသာ နိုးလာတော့သည်။
“နိုးလာပြီလား?”
ရှုချင်းရီသည် နိုးနိုးချင်း မော့ဟန်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။ သူသည် အိပ်နေရင်းအဝတ်များဖြင့် ကုတင်ဘောင်ကိုမှီကာ သတင်းစာဖတ်နေသည်။ ရှုချင်းရီ၏စိတ်သည် ရှုပ်ထွေးသွားကာ မျက်လုံးကိုပွတ်ရင်း ထလာသည်။
“ဟန်လျန်က ငါ့ကိုသုံးခါလောက် ဖုန်းတွေဆက်နေတာ။ ငါကတော့ မင်းဒီမှာမရှိဘူးလို့ ပြောထားတယ်။ ပြန်ချင်ရင် သူ့ကိုဖုန်းပြန်ဆက်လိုက်”
ရှုချင်းရီသည် ကုတင်ပေါ်ကဆင်းကာ ဖိနပ်အပါးလေးကိုစီးပြီး အခန်းထဲမှ ထွက်စဉ် မော့ဟန်က အနောက်ကနေ
“ဘာလဲ? တွေးတောင်မနေတော့ဘူးလား? ရန်အကြာကြီး မဖြစ်ချင်တာနဲ့ အခုချက်ချင်း ဖုန်းသွားခေါ်မလို့လား?”
ရှုချင်းရီက လှည့်ကြည့်ကာ ပင်ပန်းနွမ်းနယ်နေသည့် အသံတိုးတိုးလေးဖြင့်
“မျက်နှာသွားသစ်မလို့လေ”
မော့ဟန်က သူမရေချိုးခန်းထဲကို ဝင်သွားသည့်အထိ နောက်ကနေ လိုက်လာသည်။ ရှုချင်းရီသည် မျက်နှာသစ် သွားတိုက်ပြီးနောက် ထွက်လာသည်။ သူမသည် ပင်ပန်းနေပုံရသေးသော်လည်း မနေ့ညကထက်စာရင်တော့ အနည်းငယ်သက်သာနေပြီ ဖြစ်သည်။
မော့ဟန်က မေးလိုက်သည်။
“ဗိုက်ဆာနေပြီလား?”
“နည်းနည်းပါ”
“ဘာစားချင်လဲ?”
“ဟိုဆိုင်က ဖက်ထုပ်ပြုတ်”
“မှာလိုက်မယ်။ ခနနေရင် ရောက်လာမှာပါ”
အရင်တုန်းက မော့ဟန်သည် သူမတစ်ခုခုစားချင်လျှင် သွားဝယ်ပေးနေကျ ဖြစ်သော်လည်း သူမ၏အခုလို အခြေအနေကြောင့် သွားမဝယ်ဘဲ မှာလိုက်ရသည်။
“မနေ့က ရေစိုတွေ ဘယ်နားမှာ ထားလိုက်လဲ?”
ရှုချင်းရီက မေးသည်။
“အဝတ်လျှော်စက်ထဲမှာ”
သူပြောသည်ကို ကြားသည်နှင့် ရှုချင်းရီသည် လန့်သွားပြီး ရေချိုးခန်းသို့ ပြေးလေသည်။
“ဒါကိုရှာနေတာလား?”
မော့ဟန်က နောက်ကနေ သူမကို မေးလိုက်သည်။
ရှုချင်းရီက နောက်ကို လှည့်ကြည့်သည့်အခါ မော့ဟန်၏လက်ထဲတွင် ဓာတ်ပုံကို တွေ့သည်။ ထို့ကြောင့် ချက်ချင်းသွားပြန်ယူသည်။ မော့ဟန်ကလည်း ထိုပုံကို ခနကြည့်ပြီးနောက် သူမလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ဖုန်းခနလောက် ဌားပါလား?”
ရှုချင်းရီက ပြောသည်။
“ဘာလုပ်မလို့လဲ?”
မော့ဟန်က ဖုန်းကိုယူလိုက်ရင်း မေးသည်။
“ဟန်လျန်ကို ခေါ်မလို့”
သူမပြောသည်ကို ကြားသည့်အခါ မော့ဟန်၏လက်တို့က တုန့်သွားသည်။ သို့သော်လည်း သူမ၏ဆုံးဖြတ်ချက်ကို လေးစားသဖြင့် ပေးလိုက်သည်။
ရှုချင်းရီက ဖုန်းကိုယူကာ ဝရံတာသို့ ထွက်သွားသည်။ သူ့စိတ်ကတော့ သူမတို့ ဘာပြောနေသလဲကို ကြားချင်နေသော်လည်း ခပ်ဝေးဝေးကို ထွက်ပေးကာ သူမအား လွတ်လွတ်လပ်လပ်ပြောစေသည်။
ရှုချင်းရီသည် မျက်နှာသစ်ပြီး ထွက်လာကတည်းက သူမလက်တွေ့ကို ရင်ဆိုင်ရမည်ဟု တွေးထားလိုက်သည်။ သူမသည် အမှန်တရားက ဘယ်လောက်နာကျင်ရပါစေ သေချာရှင်းရမည် ဖြစ်သည်။ သို့သော်လည်း ဖုန်းခေါ်လိုက်သည့်အခါ သူမ၏လက်တို့က တုန်နေသည်။ သူမသည် သက်ပြင်းကိုချကာ ဖုန်းကိုနားအနားသို့ ကပ်လိုက်သည်။
“ကျွန်မပါ”
ရှုချင်းရီက ပြောလိုက်သည်။
ဟန်လျန်က သူမ၏အသံကို ကြားသည့်အခါ စိတ်အေးသွားသော်လည်း မော့ဟန်၏ဖုန်းမှန်း သိလိုက်သည့်အခါ လေသံက အေးစက်သွားကာ
“မနေ့က သူ့ကိုသွားရှာတာပေါ့”
“မနေ့က ဖြစ်တဲ့ကိစ္စက ကိုကြီးနဲ့ဘာမှမဆိုင်ဘူး”
ရှုချင်းရီက ခနငြိမ်သွားသော်လည်း ပြောချလိုက်တော့သည်။
“ဟန်လျန် ကျွန်မအကုန်သိသွားပြီ”
ဟန်လျန်သည် ရင်ခုန်သံများ ရပ်တန့်သွားသလို လန့်သွားသော်လည်း
“ဘာကိုသိတာလဲ?”
“ရှင်တို့အကုန်လုံးက ကျွန်မကို လိမ်နေကြတာပဲ။ ကျွန်မအတိတ်မေ့နေတယ်ဆိုကတည်းက ရှင်တို့က ကျွန်မကို လိမ်ရမယ် ထင်နေတာကိုး။ ဒါပင်မယ့် ဒီလောက်အထိတော့ လုပ်ရက်လိမ့်မယ် မထင်ထားဘူး”
“ညန်ညန် သူများပြောတာတွေကိုကြားပြီး မယုံပါနဲ့။ ကိုယ်တို့က ဘာဖြစ်လို့ လိမ်ရမှာလဲ?”
“ဟန်လျန်! လိမ်မနေနဲ့တော့။ ကျွန်မက စုန်ယွဲ့ညန်မဟုတ်ဘူး”
ဖုန်းတစ်ဖက်ကလူမှာ အချိန်အတော်ကြာသည့်အထိ ငြိမ်ကျသွားသည်။ ထို့နောက်တွင်မှ ဟန်လျန်က
“ဘယ်လိုလုပ် သိသွားတာလဲ?”
“မနေ့က ကျွန်မ. . .ပုံတစ်ပုံတွေ့တယ်။ ရှင်တို့ကတော့ ဒါကို မတွေ့ခဲ့ဘူးနေမယ်။ ဒါပင်မယ့် ကျွန်မရှာတွေ့လိုက်တာ”
ရှုချင်းရီက သူမ၏လက်ထဲကပုံကို ကိုင်ထားရင်းဖြင့်
“ဟန်လျန် ကျွန်မတို့တွေ့ပြီး စကားပြောဖို့ လိုနေပြီ”
“အင်း”
ဟန်လျန်၏ လေသံက တိုးသွားကာ
“လာရှာပါ့မယ်”
ရှုချင်းရီက ဖုန်းချပြီးနောက် ဝရံတာတံခါးကို ပိတ်ကာ ပြန်ဝင်လာသည်။ မော့ဟန်က ဧည့်ခန်းထဲတွင် laptopတစ်လုံးဖြင့် သူ့အလုပ်ကို ထိုင်လုပ်နေသည်။
“မနေ့ညက ဘာဖြစ်တာလဲဆိုတာ ရှင်းမပြဘူးလား?”
ရှုချင်းရီက သူ့အလုပ်ကို မနှောင့်ယှက်ချင်သဖြင့် စာကြည့်ခန်းထဲသို့ ဝင်သွားရန်လုပ်ရင်းမှ
“ညီမလေး. . .ညီမလေး အခုသေချာရှင်းမပြနိုင်သေးဘူး. . .ပြန်လာမှပဲ ပြောပြပါ့မယ်။ ဖြည်းဖြည်းချင်းပေါ့”
“ဘယ်သွားဦးမလို့လဲ?”
“ဟန်လျန်နဲ့သွားတွေ့မလို့”
“ဘာဖြစ်လို့လဲ? မင်းတို့ရန်ဖြစ်ထားတယ်မလား? ရန်ဖြစ်ပြီး အခုကွာတော့မလို့လား?”
မော့ဟန်က စိတ်ညစ်နေသည်။ မနေ့ညက အိမ်ထဲကို ဝင်လာကတည်းက သူမဘာဖြစ်နေသလဲဆိုသည်ကို သူ့အားပြောမပြပေ။ ထို့ကြောင့် သူမအချိန်လိုလိမ့်မည်ဟု သူတွေးခဲ့သော်လည်း သူမက အခုသူ့အား သူစိမ်းလို ဆက်ဆံနေသလို သူခံစားလိုက်ရသည်။
သို့သော် မော့ဟန်အံ့သြသွားသည်မှာ ရှုချင်းရီက အရင်လို သူ့အားဒေါသထွက်မသွားဘဲ လေသံပျော့ပျော့လေးဖြင့်
“မဟုတ်ပါဘူး အများကြီးလျှောက်တွေးမနေပါနဲ့”
ထိုအခါ မော့ဟန်က ပိုဒေါသထွက်လာကာ
“ဪ? ဒီလိုလား? ဒါဆိုရင် ညသန်းခေါင်လောက်ကြီး ငါ့ဆီကို ဘာဖြစ်လို့ ရောက်လာတာလဲ? မင်းဝမ်းနည်းနေရင် ဖြေသိမ့်ပေးဖို့ ငါ့ကိုလိုသုံးလုပ်နေတာလား မင်းတို့ကြားမှ ငါ့ကိုအသုံးချနေတာလား”
ရှုချင်းရီကတော့ မော့ဟန်မှာ ဘာဖြစ်လို့ အခုတလော စိတ်ကြီးနေရသလဲ သူမနားကိုမလည်နိုင်ပေ။ ထို့ကြောင့် ကြောင်အစွာဖြင့် ခေါင်းလေးကိုကုတ်ကာ
“မဟုတ်ပါဘူး . . .ဘာဖြစ်လို့ ကိုကြီးက အမြဲတမ်း အဲ့လိုတွေ လျှောက်တွေးနေတာလဲ? ညီမလေး ပြောချင်တာက. . .ညီမလေးမှ လက်မထပ်ရသေးတာ. . .အင်းလေ ဟန်လျန်နဲ့ မယူရသေးဘူး. . .အား ရှုပ်နေပြီ. . .ညီမလေးက စုန့်ယွဲ့ညန်မှ မဟုတ်တာကို. . .”
မော့ဟန်က သူမကို ကြည့်ကာ
“ဘာပြောလိုက်တာ?”
ရှုချင်းရီက ပြောသည်။
“တကယ်တော့. . .ဒီတိုင်းရှင်းပြလို့ မရဘူး. . .ပြန်လာမှပဲ ရှင်းပြတော့မယ်”
“ဘယ်တော့ပြန်လာမှာလဲ?”
“မသိဘူးလေ။ သိပ်တော့ မကြာလောက်ပါဘူး”
“လိုက်ခဲ့မယ်”
“မလိုပါဘူး။ ဒါကညီမလေးတို့ကြားက ကိစ္စ။ ကိုကြီးလိုက်လာမှ ပိုဆိုးကုန်မယ်”
ရှုချင်းရီက မနေ့ကလို မဟုတ်တော့ကြောင်းကို မြင်ကာမှ မော့ဟန်က စိတ်ချနိုင်သည်။ သို့သော်လည်း သူမ၏ခုနတုန်းက စကားကြောင့် သူခေါင်းရှုပ်နေသည်။ ဟိုဘက်မြို့တွင် သူမမှာကိစ္စအများကြီး ဖြစ်ခဲ့ပုံရသော်လည်း သူကတော့ ဘာမှမသိလိုက်ပေ။
ရှုချင်းရီက အဝင်ဝတွင် ဖိနပ်လဲနေသည့်အခါ မော့ဟန်က ဧည့်ခန်းထဲမှ
“ဒီညပြန်လာရင် ဘာစားချင်လဲ?”
ရှုချင်းရီက ဖိနပ်စီးပြီးသည့်အခါ သူ့အားပြုံးကြည့်ပြီး
“ကိုကြီးသဘောပဲလေ”
သူတို့၏အရင်လို နွေးထွေးသည့်ရက်များ ပြန်ရောက်လာပြီဟု ခံစားလိုက်ရသည်။ မော့ဟန်က သူမကိုဘာစားချင်လဲမေးသည့်အခါတိုင်း သူမကဒီလိုပဲ ဖြေလေ့ရှိခဲ့သည်။ တံခါးဝတွင်ရပ်ကာ မော့ဟန်ကိုကြည့်နေရင်းဖြင့် သူမပျော်သလို ခံစားလိုက်ရသည်။ သူမသည် ထပ်ပြီးတော့ ထွက်မသွားချင်တော့ပေ။ ဒီမှာပဲ အမြဲတမ်းနေသွားချင်သည်။ သူမအသက်ကြီးလာကာ သေသွားသည့်အထိပင်။