၁၀၉။ ချစ်မိပြီ
ဒါပင်မယ့်လည်း ဒီလိုအရာမျိုးလုပ်ဖို့အတွက် ရုံးကတခြားသူများ၏ အကူအညီကို သူမယူရသည်။ ထို့ကြောင့် လျူဇီယွမ်နှင့် အပြင်ဘက်တွင်တွေ့ကာ တိုင်ပင်ရတော့သည်။
မော့ဟန်က သူမနှင့် လျူဇီယွမ်တို့ကို အပြင်မှာ နှစ်ယောက်တည်း ဘာကြောင့်တွေ့နေမှန်း သူမသိပါ။ ဤသို့ဖြင့် သူက ရှောင်ကျန်းအား အပြင်တွင် သူ့ညီမနှင့် လျူဇီယွမ်တို့ နှစ်ယောက်တည်းကို တွေ့လိုက်ရကြောင်းပြောသည့်အခါ တွဲနေကြတာ ဖြစ်နိုင်သည်ဟု ပြန်ဖြေသွားသည်။
မော့ဟန်ကတော့ မဖြစ်နိုင်ဘူးဟု ထင်သည်။ ဘာဖြစ်လို့ လျူဇီယွမ်နဲ့ တွဲရမှာလဲ? အပြင်မှာ သူတို့တွေ့ပြီး ဘာတွေပြောနေကြသလဲ ဆိုသည်ကိုပင် သူသိချင်နေသည်။
ထို့ကြောင့် နောက်နေ့တွင် ရှုချင်းရီအား မေးကြည့်လိုက်သည်။ သူမက အိမ်စာအတွက် လိုအပ်သည့် အချက်အလက်များမှာ လျူဇီယွမ်တွင် ရှိသောကြောင့် မေးနေခြင်းဖြစ်သည်ဟု ပြန်ဖြေသည်။
ထိုအကြောင်းကို ဖြေတုန်းက ရှုချင်းရီသည် ဖုန်းသုံးနေချိန်ဖြစ်သည်။ သူမ၏မျက်လုံးများက ဖုန်းပေါ်မှာပဲရှိကာ ပြုံးပြုံးလေး ဖြေသည်။ မော့ဟန်ကို အာရုံစိုက်ခြင်း မရှိပေ။
သူမလိမ်နေကြောင်းကို မော့ဟန်က သိလိုက်သည်။ ရှုချင်းရီမှာ သူ့အားဖုံးကွယ်ထားသည့် အရာရှိနေမှန်း သိလိုက်သည့်အခါ သူ့စိတ်က အဆင်မပြေတော့ပါ။ သူက ထပ်မေးချင်သေးပင်မယ့်လည်း ရှုချင်းရီက သူမအခန်းထဲသို့ ဝင်သွားဖို့လုပ်သည်။
ဖုန်းကိုပဲကြည့်ကာ ဝင်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မော့ဟန်က ထူးဆန်းသလို ခံစားရသည်။ အရင်တုန်းက ရှုချင်းရီမှာ ဖုန်းစွဲနေသည့်သူ မဟုတ်သောကြောင့် မော့ဟန်က သူမ၏ဖုန်းကို နောက်ကနေ လှမ်းခိုးကြည့်လိုက်သည်။
ရှုချင်းရီမှာ လျူဇီယွမ်နှင့် အပြန်အလှန် စာပို့နေခြင်းပင်။
မော့ဟန်က အံ့သြသွားသည်။ ရှောင်ကျန်းပြောသလိုတော့ မဖြစ်နိုင်လောက်ပေ။
သူကရှုချင်းရီအား တားလိုက်ကာ
“မင်း . . . လျူဇီယွမ်. . .”
“ဘာဖြစ်လို့လဲ?”
“တွဲနေကြတာလား?”
ရှုချင်းရီက ပြုံးကာကြည့်လာသည်။
“ဘာတွေလာပြောနေတာလဲ?”
“မင်းကိုလိုက်နေတာလား?”
ရှုချင်းရီမှာ ဆွံအသွားလေပြီ။ ထို့နောက် လှောင်ပြုံးကြီးဖြင့်
“ဘယ်ကကြားလာတာလဲ?”
“ဒါမှမဟုတ် မင်းကကြိုက်နေတာလား?”
မော့ဟန်က ထပ်မေးသည်။
ရှုချင်းရီက မော့ဟန်အား တွန်းဖယ်လိုက်ကာ
“အာ ကိုကြီး ကိုယ့်ညီမလေးကို သံသယဝင်နေတာက မကောင်းဘူးနော်။ ကိုကြီးရဲ့ ညီမလေးက သူ့ကိုကြိုက်မယ်လို့ ထင်လို့လား?”
“ဒါဆိုရင် ဘာဖြစ်လို့ အခုတလော သူနဲ့အရမ်းရင်းနှီးနေလဲ?”
မော့ဟန်က မေးလိုက်သည်။ အလုပ်ခွင်က အေးစက်သည့် ရုပ်တည်ကြီး ပြန်ဖြစ်သွားလေပြီ။
“ကိုကြီးကို ပြောပြီးသားမလား? သူနဲ့ဆွေးနွေးညှိနှိုင်းစရာ ရှိလို့ပါဆို”
“မင်းတို့ကြားမှာ ဘာညှိနှိုင်းစရာရှိလို့လဲ?”
မော့ဟန်က ပြန်အော်သည်။
“အဲ့ဒီတော့ ဘာဖြစ်လဲ? အပြင်မှာ လူနှစ်ယောက်ထိုင်ပြီး စကားပြောရုံလေးတင်လေ။ ပြီးတော့ တွဲနေတယ်ဆိုရင်ရော ပြဿနာကြီးမှ မဟုတ်တာ”
“မရဘူး”
မော့ဟန်က မျက်မှောင်ကြီးကျုံကာ ပြောသည်။
“ဘာဖြစ်လို့ မရတာလဲ?”
“မင်းကငယ်သေးတယ်။ အခုတွဲဖို့က မသင့်တော်သေးဘူး”
ရှုချင်းရီက မျက်လုံးကို လှန်မိရင်း စိတ်ထဲမှာ အော်ဟစ်နေမိပြီ။
‘ဘာကငယ်! တက္ကသိုလ် ကျောင်းသူတောင် ဖြစ်နေပြီကို’
ဒါပင်မယ့်လည်း သူမလုပ်ချင်တာက ရှိနေသေးသောကြောင့် စိတ်ထိန်းကာ
“ကိုကြီး စိတ်ပူမနေနဲ့။ အဲ့ဒီ ငပိန်းလိုချောတဲ့ကောင်နဲ့ မတွဲဘူး။ တစ်ယောက်ယောက်ကို တကယ်တွဲတဲ့အထိ စောင့်ဦးသလား။ တွဲဖြစ်ရင်လည်း အဲ့ဒီတစ်ယောက်ကို ကိုကြီးနဲ့ အရင်မိတ်ဆက်ပေးမယ်”
နောက်ဆုံးမှာတော့ သူမအား ဘာမှထပ်မပြောတော့ဘဲ ဝင်အိပ်ခိုင်းလိုက်သည်။ သူ့စိတ်ထဲတွင်တော့ အနည်းငယ်စိတ်ပူနေသေးသောကြောင့် လျူဇီယွမ်အား သတိပေးထားမှ ရမည်ဟု တေးမှတ်ထားလိုက်သည်။ သို့သော်လည်း သူစိတ်ပူနေသည်က လျူဇီယွမ်ကိုလား ရှုချင်းရီကိုလား သူမသဲကွဲပါ။
နှစ်ရက်လောက် ကြာသည့်အခါ မော့ဟန်မှာ အလုပ်ပိုပိလာပြန်သည်။ ရှုချင်းရီမှာ သူအလုပ်များနေမှန်း သိသောကြောင့် အရင်ရက်တွေမှာ မော့ဟန်အား ဖုန်းမဆက်တော့ပေ။ သူမက မနက်ဆိုလျှင် အတန်းကိုအမြန်သွားတက်ကာ သူအိမ်ပြန်ရောက်သည့်အချိန်ဆိုလျှင် သူမကအိပ်နှင့်နေပြီ။ မော့ဟန်က အခုတလော သူမဘာတွေဖြစ်နေသလဲဟု မေးချင်သော်လည်း ရှုချင်းရီကသာ သူ့ကိုဖုန်းအမြဲစခေါ်သည့်သူ ဖြစ်သောကြောင့် သူဘယ်လိုလုပ်ရမလဲ မသိတော့ပါ။