၁၇၅။ သူ့ကိုမထိနဲ့
ဉက္ကဌကြီးက သူမအား စားသောက်ဆိုင်ကြီးသို့ ခေါ်သွားကာ သီးသန့်ခန်းထဲတွင် စားစေသည်။ ရှုချင်းရီသည် သူမ၏အရှေ့က ဟင်းပွဲများကို ကြည့်နေမိသည်။ ရှုချင်းရီမှာ ဗိုက်တကယ်ဆာလာပြီ ဖြစ်သည်။ သူမစားရန် သင့်တော်သည့်အချိန်မဟုတ်သည်ကို သိသော်လည်း သူမ၏မျက်လုံးများက အစားအစာတို့တွင်သာ ရှိနေသည်။ ထိုလူကြီး၏ရည်ရွယ်ချက်ကို မသိသေးသောကြောင့် သူမ၏စားချင်စိတ်ကို မနည်းထိန်းနေရသည်။
“ပြောချင်တာကို ပြောလို့ရပါပြီ ဉက္ကဌကြီး”
ရှုချင်းရီက ဒီအခြေအနေကြီးကို မြန်မြန်အဆုံးသတ်ချင်လာသဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ မိန်းကလေးက ဒါတွေကိုစားမကြည့်ဘဲ ဆွေးနွေးဖို့ကို စိတ်မရှည်တော့ဘူး ထင်ပါရဲ့။ ဒီလိုတည့်တိုးဖြစ်တဲ့စရိုက်ကို သဘောကျတယ်”
ဉက္ကဌကြီးက သူမအားခေါင်းစောင်းကြည့်ကာ
“ဒီလိုပါ။ လက်ရှိအမှုကို မင်းရဲ့အကိုကြီးနဲ့ ငါအလုပ်လုပ်ချင်တယ်။ ဒါပင်မယ့် သူကငါပြောတာကို လက်မခံဘဲ အရင်ရက်တုန်းက ငြင်းလိုက်တယ်။ မင်းတို့က ရင်းနှီးကြတယ်ဆိုတော့ သူ့ကိုမင်းက ကူပြောပေးရင်ကောင်းမယ်လို့ တွေးမိတာပါ။ ကူညီမယ်ဆိုရင်တော့ မင်းစိတ်တိုင်းကျ အကျိုးဆောင်ခပေးပါ့မယ်”
ရှုချင်းရီက သူ့စကားကိုကြားသည့်အခါ စိတ်ထဲတွင် လှောင်ရယ်မိလိုက်သည်။
‘မော့ဟန်နဲ့ရင်းနှီးတယ်? ဒီလူကြီးက ငါတို့မတည့်တာတော့ကို မသိဘဲ ညီမလေးအထင်နဲ့ လာအကူအညီတောင်းနေတယ်ပေါ့? ငါသာအခု ကိုကြီးအလုပ်ကို ဝင်ရှုပ်လိုက်ရင် သေတာထက်တောင် ပိုဆိုးသွားလောက်တယ်’
“ကျွန်မရဲ့အကိုကြီးက သူ့အလုပ်ကိစ္စကို သူဆုံးဖြတ်ပြီးသားဆိုမှတော့ အခြားသူတွေ ဘာပြောပြော လက်ခံမှာမဟုတ်ဘူး။ ကျွန်မကူညီချင်ရင်တောင် မကူညီနိုင်တော့မှာမလို့ အားနာပါတယ်”
“အခြားသူတွေဆိုရင်တော့ ဟုတ်ရင်ဟုတ်လိမ့်မယ်။ မင်းကတော့ ဒီလိုဟုတ်မှာ မဟုတ်ပါဘူး။ ရှေ့နေကြီးက သေချာပြန်တွေးပေးမှာပါ”
ရှုချင်းရီက ခေါင်းကိုခါကာ
“ကျွန်မရဲ့အကိုကြီးက သူ့အလုပ်ကို ဝင်နှောင့်ယှက်တာမျိုးကို မကြိုက်ဘူး။ ကျွန်မဖြစ်နေရင်လည်း မထူးပါဘူး။ လူမှားပြီးတော့ လာရှာမိသွားပြီ။ တခြားကိစ္စမရှိတော့ရင် ကျွန်မကိုခွင့်ပြုပါဦး”
ရှုချင်းရီက ခေါင်းငုံပြီး အရိုအသေပေးကာ ပြန်ရန်ပြင်လိုက်သည်။
“ကြည့်ရတာ မိန်းကလေးက ငါ့ရဲ့ကြင်နာမှုကို လက်မခံဘူးထင်တယ်’
ဉက္ကဌကြီးက သူ့ကိုယ်ရံတော်ကို အချက်ပြလိုက်သည်။ ထိုလူက ရှုချင်းရီအား သူမ၏လက်တို့ကို နောက်သို့ဖမ်းချုပ်လိုက်သည်။ ထို့ကြောင့် ရှုချင်းရီသည် မလှုပ်နိုင်တော့ပေ။
“အားသုံးဖို့ လုပ်ခိုင်းနေတာလား? တခြားသူတွေကတော့ မိန်းကလေးတစ်ယောက်ကို ကြမ်းတမ်းလို့ဆိုပြီး အပြစ်တင်နေတော့မှာပဲ”
ဉက္ကဌကြီးက သူမ၏မျက်နှာကို ကိုင်တွယ်ရင်း ပြောသည်။
ရှုချင်းရီသာ သူမ၏လက်ထဲတွင် ဓားရှိနေလျှင် တွေးတောင်မနေနဲ့ ထိုးလိုက်မှာ ဖြစ်သည်။ သို့သော်လည်း သူမလက်ထဲတွင် ဓားမရှိသောကြောင့် ပြန်ကြည့်နေရုံအပြင် မတက်နိုင်ပေ။
“ဘာလုပ်ဖို့ကြံနေတာလဲ?”
“စိတ်မပူပါနဲ့။ ထိခိုက်အောင် မလုပ်ပါဘူး။ ငါပြောတာကို နားမထောင်မှတော့ ငါနဲ့အတူ ပွဲတစ်ခုကို အတူကပေးစေချင်ရုံတင်ပါ”
“ကျွန်မရဲ့အကိုကြီးက ရှင်တောင်းဆိုတာကို လက်ခံဖို့အတွက် ကျွန်မကို အသုံးချမလို့လား?”
ရှုချင်းရီက မေးလိုက်သည်။
“မဆိုးဘူး။ တော်သားပဲ”
“ဒါဆိုရင်တော့ လက်လျှော့လိုက်တော့။ သူကသဘောတူမှာ မဟုတ်ဘူး”
“ဒီမှာကောင်မလေး ပွဲမစခင် ထင်ကြေးတွေ လျှောက်ပေးမနေနဲ့။ ပွဲစမှ ဘယ်လိုဖြစ်မလဲ မင်းသိရမှာပါ”
ဉက္ကဌကြီးက ဆေးလိပ်ဖွာရင်းဖြင့် သူ့နေရာသူပြန်သွားထိုင်သည်။ ရှုချင်းရီကိုလည်း သူ့ဘေးတွင် ထိုင်စေသည်။ ရှုချင်းရီက အနည်းငယ်လှုပ်လိုက်သည့်အခါ အနောက်မှနေ အေးစက်ကာ ထက်သည့်အရာဖြင့် ထောက်ထားသည်။ သူမလှည့်ကြည့်လိုက်သည့်အခါ သူမနောက်ကလူမှာ ဓားဖြင့်ထောက်ထားခြင်း ဖြစ်သည်။
“ဒီလောက်အထိ လုပ်စရာမလိုပါဘူး ဦးလေးကြီးရယ်။ ကျွန်မက နည်းနည်းလေး ရွေ့လိုက်ရုံတင်ပါ”
ရှုချင်းရီက ကူကယ်ရာမဲ့စွာ ခေါင်းကိုခါရင်း ပြောသည်။
ထိုလူကတော့ သူမအား ကြောက်ဖို့ကောင်းအောင် စိုက်သာကြည့်နေသောကြောင့် သူမငြိမ်ငြိမ်နေလိုက်ရသည်။
ဉက္ကဌကြီးကတော့ သူမဘေးတွင် ဖုန်းဆက်နေပြီ ဖြစ်သည်။ ဖုန်းက အကြာကြီးဝင်နေပြီးနောက်ဆုံးမှ မော့ဟန်က ဖုန်းကိုင်လာသည်။
“ဟယ်လို”
မော့ဟန်၏ အေးစက်သည့်လေသံက ဖုန်းထဲကနေ ထွက်လာသည်။
“ဟယ်လို ရှေ့နေကြီး။ ငါနဲ့အတူထမင်းစားဖို့ လာခဲ့ပါလား”
ဉက္ကဌကြီးက စိတ်အေးလက်အေး ပြောသည်။
“ကုမ္ပဏီကိစ္စနဲ့ပတ်သက်လို့ ထမင်းစားရင်း ပြောစရာမလိုဘူးထင်တယ်”
မော့ဟန်က အခြားအမှုတစ်ခုကို ကြည့်နေရင်းမှ ပြောသည်။ သူသည် မြန်မြန်စကားဖြတ်ပြီး ဖုန်းချလိုက်ရန်သာ တွေးနေသည်။
“ဒီလောက် မြန်မြန်မငြင်းနဲ့လေ။ အခုငါနဲ့ ဘယ်သူထမင်းအတူစားနေလဲ သိလား?”
ဉက္ကဌကြီးက သူ့ဘေးတွင် ခေါင်းမဖော်စတမ်းစားနေသည့် ရှုချင်းရီကို တစ်ချက်ကြည့်ရင်း ပြောသည်။ သူမသည် ဗိုက်ဆာနေပြီဖြစ်သောကြောင့် သိက္ခာမထိန်းနိုင်တော့ဘဲ စားနေခြင်းသာ ဖြစ်သည်။
မော့ဟန်က
“မသိချင်ပါဘူးဗျာ။ ကျွန်တော်မှာ အလုပ်တွေရှိသေးလို့ ဖုန်းချလိုက်တော့မယ်”
“မင်းညီမလေး ဒီမှာရှိတယ်ဆိုရင်တောင်လား?”
မော့ဟန်က ခနငြိမ်သွားပြီးနောက် လေသံကသိသိသာသာကို ပြောင်းသွားကာ မေးသည်။
“ကျွန်တော့်ညီမ? ရှုချင်းရီလား?”
“အင်း။ ဒီလိုညီမလှလှလေးရှိမှန်း ငါမသိခဲ့ပါလား? ဆိုးလိုက်တာကွာ”
ဉက္ကဌကြီးက မော့ဟန်ကို စလိုက်သည်။
“ဉက္ကဌကြီးက ကျွန်တော့်ကို နောက်လိုက်တာလား?”
မော့ဟန်၏လေသံက အေးစက်နေသည်။
“ဘာဖြစ်လို့ နောက်ရမှာလဲ? နားထောင်ကြည့်ပါလား?”
ဉက္ကဌကြီးက ရှုချင်းရီအနားသို့ ဖုန်းထိုးပေးလိုက်ချိန်တွင် ရှုချင်း၏အနောက်ကလူမှ သူမခါးကို ဓားဖြင့် အားပျော့ပျော့ထိုးလိုက်သည်။
“အား. . .ဘာလုပ်တာလဲ? နာတယ်”
တစ်ဖက်က မော့ဟန်ကတော့ သူမ၏အသံကိုကြားလိုက်သည့်အခါ လက်ထဲက ဘောပင်တောင် ပြုတ်ကျသွားသည်။
ဉက္ကဌကြီးက ရှုချင်းရီအား ဖုန်းထိုးပေးလိုက်ကာ
“မင်းအကိုကြီးကို တစ်ခုခုပြောလိုက်ဦး”
“ဒီကိုလာစားလေ. . .”
မော့ဟန်က စိတ်ငြိမ်အောင်ထားကာ
“အဆင်ပြေရဲ့လား?”
“ပြေပါတယ်။ ဒီနေရာက မဆိုးဘူး”
ရှုချင်းရီက ဖြေသည်။ သူမကထပ်ပြောချင်ပင်မယ့်လည်း ဉက္ကဌကြီးက ဖုန်းကိုယူသွားကာ
“ရှေ့နေကြီး အခုယုံပြီမလား? အလုပ်တွေထားခဲ့ပြီး ဒီကိုလာခဲ့ဗျာ”
“ဘယ်မှာလဲ?”
“ရှန်ဟိုင်းစားသောက်ဆိုင်မှာ။ ရှေ့နေကြီးရုံးနဲ့ သိပ်မဝေးပါဘူး”
“သူကဒီကိစ္စတွေနဲ့ မဆိုင်ဘူး။ သူ့ကိုမထိနဲ့”
“ငါကဒီလောက်အထိ မဆိုးပါဘူး။ အမှုကိစ္စကို ဆွေးနွေးဖို့ လာမယ်ဆိုရင် ဘာမှမလုပ်ပါဘူး”
“အခုလာခဲ့မယ်။ စကားကိုတည်ပါစေ”
မော့ဟန်သည် သူ့အလုပ်ကြောင့် ရှုချင်းရီကိုပါ ထိခိုက်စေမည့်နေ့ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သူသည် ရုံးခန်းထဲက ချက်ချင်းပြေးထွက်လာခဲ့သည်။ အရင်တစ်ခေါက် ရှုချင်းရီဆေးရုံတက်ရကတည်းက သူမတစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သည့်စိတ်က ကြီးလာခြင်း ဖြစ်သည်။ သူနောက်ကျသွားသောကြောင့် သူမကိုနာကျင်စေမှာမျိုး ထပ်အဖြစ်မခံနိုင်တော့ပေ။
သို့သော်လည်း ထိုနေရာကို သူအရူးတစ်ယောက်လို အမြန်သွားခြင်းတော့ မဟုတ်ပေ။ သူကားမောင်းနေရင်းဖြင့် အခြေအနေကို သုံးသပ်သွားသည်။ ထို့နောက် တခြားမြို့က သူ့သူငယ်ချင်းရှေ့နေတစ်ယောက်အား ဖုန်းဆက်လိုက်သည်။
ရှန်ဟိုင်းစားသောက်ဆိုင်ကို မိနစ်၂၀အကြာတွင် သူရောက်လာသည်။ သူရောက်ရောက်ချင်းတွင် လူနှစ်ယောက်က သူ့အားထွက်ကြိုနေကာ အခန်းသို့ ခေါ်သွားသည်။ တံခါးဖွင့်လိုက်သည့်အခါ ဉက္ကဌကြီးက အလယ်ခေါင်တွင် ထိုင်နေသည်။ ရှုချင်းရီကတော့ ဘေးတွင် ဘာထိခိုက်ဒဏ်ရာမှ ရသည့်ပုံမပေါ်ဘဲ တည်ငြိမ်စွာ စားသောက်နေရင်းမှ သူဝင်လာသည်ကို မော့ကြည့်ပြီးသော် ခေါင်းငုံကာ ဆက်စားတော့သည်။ ထိုအခါမှ မော့ဟန်က အနည်းငယ် စိတ်သက်သာရာရတော့သည်။
ဉက္ကဌကြီးက ရယ်ရင်းဖြင့်
“အလုပ်များတဲ့ ရှေ့နေကြီး ရောက်လာပြီပဲ”
“မလာဘဲ ဘယ်နေနိုင်မလဲ ဉက္ကဌကြီးရဲ့ ကျွန်တော့်ကို ထူးထူးခြားခြားခေါ်တာကိုး”
ဉက္ကဌကြီးကရယ်ကာ ရှုချင်းရီပုခုံးပေါ်ကို လက်တင်လိုက်ပြီး
“ရှေ့နေကြီးရဲ့ ညီမလေးက အရမ်းလှတာကိုတော့ မပြောဘဲမနေနိုင်ဘူး။ ငါ့လိုလှတဲ့သူတွေအများကြီး မြင်ဖူးတဲ့သူတောင် သူ့အလှမှာ မြောသွားတယ်”
“ခင်ဗျားလက်ကို ဖယ်လိုက်”
မော့ဟန်၏အကြည့်တွေက ဓားတွေလို ထက်နေသည်။
ရှုချင်းရီကတော့ စိတ်ထဲကနေ သက်ပြင်းအခါခါချနေမိသည်။ သူမ၏ပုခုံးပေါ်တွင် အားဖြင့်ဖိထားသည့်လက်ရှိနေကာ နောက်မှလည်း ဓားဖြင့်ထောက်ခံထားနေရသည်။ ထို့ကြောင့် သူမသည် အစားကိုတောင် ကောင်းကောင်းမစားနိုင်တော့ပေ။
ဉက္ကဌကြီးက မျက်ခုံးပင့်သွားကာ ရှုချင်းရီပုခုံးပေါ်က လက်ကိုဖယ်လိုက်ပြီး
“ရှေ့နေကြီး ဒီလောက်ရန်လိုဖို့ မလိုဘူးမလား? ငါလည်း ဘာမှမလုပ်ရသေးဘူးလေ”
“ကျွန်တော်တို့အလုပ်ကိစ္စက သူနဲ့ဘာမှဆိုင်တာ မဟုတ်ဘူး။ သူ့ကိုလွှတ်ပေးလိုက်။ ပြီးရင် ကျွန်တော်တို့ စကားပြောကြမယ်”
“မင်းညီမကြောင့်သာ မဟုတ်ရင် ဒီအထိမင်းရောက်လာမှာ မဟုတ်ဘဲနဲ့များကွာ”
ဉက္ကဌကြီးက ရှုချင်းရီ၏အနောက်ကလူဆီမှ ဓားကိုယူလိုက်ကာ သူမ၏လည်ပင်းပေါ်တွင် တင်လိုက်ပြီး
“မင်းတို့လိုချင်သလောက် ငါပေးပါ့မယ်လို့ ပြောပြီး ညှိနှိုင်းနေတာတောင်မှ မင်းတို့မောင်နှမတွေက တစ်ပုံစံတည်းပဲ! ငကြောင်တွေ!”
ရှုချင်းရီ၏လည်ပင်းတွင် ဓားတင်လိုက်သည့်အခါ မော့ဟန်သည် အသက်ရှုဖို့တောင် မေ့သွားသည်။ သူသည် စကားဖြင့် ဖြောင်းဖျတော့သည်။
“လိုချင်သလို ညှိလို့ရပါသေးတယ်။ ဓားကိုချပြီး ထိုင်လိုက်ပါ။ အသေးစိတ်ကို ဆွေးနွေးကြတာပေါ့”
သို့သော်လည်း ရှုချင်းရီကတော့ သူမ၏လည်ပင်းပေါ်တွင် ဓားတင်ထားသည်ကိုတောင် လုံးဝကြောက်နေပုံမရဘဲ ဉက္ကဌကြီးအား စကားကို အေးဆေးပြောလာသည်။
“စိတ်ကူးယဉ်မနေနဲ့။ ဒါမဖြစ်နိုင်ဘူး။ ဒီလို လွယ်လွယ်လေး သဘောတူလိုက်မှာ မဟုတ်ဘူး”