May Honey Logo May Honey
Previous Next

၁၃၇။ ညန်ညန်

ရှုချင်းရီက ပျော်ရွှင်နေသည့်အချိန်တွင်ပဲ လူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
“ညန်ညန်”

ထိုအသံက အချစ်အပြည့်ဖြင့် ဖြစ်သည်။ ရှုချင်းရီက သူမဘေးနားက ဖြတ်သွားဖြတ်လာများကို တစ်ချက်ကြည့်လိုက်သည်။

“ညန်ညန်”
ထိုလူက ထပ်ခေါ်ပြန်သည်။ ရှုချင်းရီက ထူးဆန်းသလိုဖြစ်နေသောကြောင့် ထိုအသံလာရာကို ကြည့်လိုက်သည်။

ထိုအချိန်တွင် အရာအားလုံးက ရပ်တန့်သွားသလိုပင်။ တစ်လောကလုံးက ရပ်တန့်သွားကာ လေပြေညင်းတို့ကသာ တိုက်ခတ်နေသလို ဖြစ်သည်။ ရှုချင်းရီက သူမဆံပင်လေးတွေ လွင့်နေသည်ကိုတောင် ပြန်မသပ်နိုင်ဘဲ ကြောင်အလို့သာ နေပေသည်။

နှစ်များစွာကြာသည့်နောက်တွင်တော့ ရှုချင်းရီမှာ ဒီနေ့တွင် မော့ဟန်နောက်ကို လိုက်မသွားဘဲ ဒီမှာထိုင်ကာ ထိုလူနှင့် တွေ့ရခြင်းကို နောင်တရလို့သာ နေတော့သည်။ အကယ်၍ သူမသာ ဒီလိုဖြစ်မည်ကို ကြိုသိခဲ့ပါက မော့ဟန်အနောက်သို့ လိုက်သွားမှာ ဖြစ်သည်။ သို့သော် အကယ်၍ဆိုတာမျိုးက မရှိဘူးမလား။

ရှုချင်းရီက ကြည့်လိုက်သည့်အခါ တစ်ဖက်လမ်းတွင် လူတစ်ယောက်က သူမကိုကြည့်ရင်း မျက်ရည်များကျနေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူမကတော့ ဒီလူအား မမှတ်မိပါ။ သူမတို့ဟာ တစ်ယောက်နှင့်တစ်ယောက် လမ်းတစ်ဖက်ဆီက ကြည့်နေမိသည်။ ထိုလူက သူမအား ငိုနေရင်းက ပြုံးပြလာသော်လည်း သူမကတော့ ဘယ်လိုမှ မခံစားရပေ။

“ဘာဖြစ်လို့လဲ?”
မော့ဟန်က သူမအား အအေးခွက်ကိုပေးရင်း မေးသည်။

ရှုချင်းရီက အအေးကိုယူကာ မော့ဟန်အား ခေါင်းခါပြလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး။ အခုပြန်ရအောင်”

ရှုချင်းရီက ထိုလူအား ထပ်မမြင်ချင်တော့သောကြောင့် မော့ဟန်၏အနောက်သို့ကွယ်ကာ သွားသည်။ သူမက ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်သွားသည်။ သူမသာ ထိုလူကို ထပ်ကြည့်လိုက်ပါက အတိတ်သို့ ပြန်ဆွဲခံရတော့မလို ခံစားနေရသည်။ အတိတ်ကလူများ သူမအား လာရှာခြင်းကိုလည်း သူမမနှစ်သက်တော့ပါ။

“ညန်ညန်”
ထိုလူက အော်ခေါ်ကာ အမြန်လမ်းကူးလာသည်။ ထိုလူ၏အသံမှာ တစ်လမ်းလုံး ကြားရသည့်အထိပင်။

မော့ဟန်နှင့် ရှုချင်းရီတို့မှာ ခြေလှမ်းများ ရပ်မိသွားကြသည်။ မော့ဟန်က လှည့်ကြည့်လိုက်သော်လည်း ရှုချင်းရီက ဒီနေရာမှ အမြန်ထွက်သွားချင်သောကြောင့် မော့ဟန်၏အကျီစကို ဆွဲကာနေသည်။

မော့ဟန်က သူတို့ဆီသို့ ထိုလူက ပြေးလာသည်ကို မြင်သည့်အခါ ရှုချင်းရီ၏လက်ကလေးကို ကိုင်လိုက်ကာ
“ဘာမှမဖြစ်ပါဘူး”

ထိုလူက အမောတကောဖြင့် ပြေးလာကာ ရှုချင်းရီ၏အနားသို့ ရောက်လာသည်။ သူ့အကြည့်တို့က သူမဆီတွင်ပဲဖြစ်ကာ မော့ဟန်အား လုံးဝမကြည့်ပေ။

ရှုချင်းရီက ပြန်ကြည့်လိုက်သည့်အခါ ထိုလူက ဆံပင်များ ရှုပ်ပွကာ မောနေသည့်တိုင်အောင် ဆွဲဆောင်မှုရှိကြောင်း သိလိုက်ရသည်။ သို့သော် မော့ဟန်လောက်တော့ အရပ်မရှည်ပါပေ။ ထိုလူသည် မျက်တွင်းများကျကာ နှုတ်ခမ်းမွှေးများကို မရိတ်နိုင်သည့်ပုံဖြင့် ဖြစ်သောကြောင့် စိတ်ထောင်းကိုယ်ကျေ ဖြစ်နေပုံရသည်။

“ညန်ညန်”
ထိုလူက သူမကိုကြည့်ကာ ရေရွတ်လေသည်။

“ဒီမှာ ရှင်ကျွန်မကို တစ်ယောက်ယောက်နဲ့ မှားနေတာ ထင်တယ်။ ကျွန်မနာမည်က ရှုချင်းရီ”
ရှုချင်းရီသည် ဒီလူမှာ လူစိမ်းတစ်ယောက်သာ ဖြစ်သောကြောင့် သူမအနည်းငယ်ကြောက်မိနေသော်လည်း တခြားခံစားချက်တို့ ရှိမနေပါ။

ထိုလူက သူမမျက်နှာလေးကို ကိုင်ကြည့်ချင်သည့်ပုံဖြင့် လက်လှမ်းလိုက်သော်လည်း ရှုချင်းရီမှာ ချက်ချင်းရှောင်လိုက်သည်။ ထိုလူက ကသိကအောက်ဖြစ်စွာဖြင့် လက်ကိုချလိုက်ကာ
“ကိုယ့်ကိုတကယ်မသိတာလား?”

ရှုချင်းရီက သူမအိတ်ထဲက မှတ်ပုံတင်ကဒ်ကို ထုတ်ပြလိုက်ကာ
“အင်း. . .ဒီမှာ ကျွန်မရဲ့ မှတ်ပုံတင်ကဒ်။ ရှင်လူမှားနေတာ”

Previous Chapter 137 of 199 Next