၁၉၇။ ဝေးကွာခြင်း
“ငါ့ဖုန်းရဲ့ lock screenမှာက မင်းအိပ်နေတဲ့ပုံလေ။ မနက်ကအစည်းအဝေးမှာ လျူဇီယွမ်က ငါ့ဖုန်းကိုကိုင်လိုက်တာ။ တွေ့သွားပြီးမေးတော့ အမှန်အတိုင်းဖြေလိုက်တာ”
“ကိုကြီးရူးနေလား?”
ရှုချင်းရီက မေးသည်။
“ညီမလေး အပျော်သဘောနဲ့ စပြီးတင်ပေးထားတာကို ဆက်ထားရသလား! ဘာဖြစ်လို့ သူတို့ကိုလည်း ပြောပြလိုက်ရတာလဲ?”
မော့ဟန်က စိတ်တိုနေသည့် ရှုချင်းရီကို နားမလည်နိုင်စွာ ကြည့်ကာ
“ဘာမှားလို့လဲ? အနှေးနဲ့အမြန် သိကြရမှာပဲ”
“အတိအကျ ဘယ်လိုပြောခဲ့တာလဲ?”
“ငါ့ကောင်မလေးလို့ ပြောလိုက်တာလေ”
“ဒီလိုကြီး ပြောချလိုက်တာလား?”
“ဘယ်လိုပြောရမှာလဲ?”
“သူတို့က ဘယ်လိုဖြစ်သွားလဲ?”
“လျူဇီယွမ်ကတော့ အံ့သြသွားတယ်။ ဟိုရှေ့နေလေးကတော့ စကားတောင် ပြန်မပြောနိုင်တော့ဘူး”
ရှုချင်းရီက စိတ်ပူသွားကာ
“သူတို့က ကိုကြီးရဲ့ညီမလို့ ထင်နေတာလေ။ အဲ့ဒီလိုပြောလိုက်တော့ ကိုယ့်ညီမနဲ့ ပြန်ကြိုက်နေတယ်လို့ ထင်ကုန်ကြတော့မှာပဲ”
“သွေးရင်းမဟုတ်တာ အကုန်လုံးက သိပါတယ်”
“သွေးရင်းမဟုတ်လည်း ဥပဒေအရ ညီမဖြစ်နေတယ်လေ။ သူတို့က ဘယ်လိုထင်ကုန်ကြမလဲ? ညီမလေးက ကိစ္စမရှိဘူး။ ဒါပင်မယ့် ကိုကြီးကို မကောင်းတဲ့သူလို့ ထင်ကုန်ကြမှာပေါ့!”
“ငါပြောတာကလည်း အမှန်ပဲလေ။ မင်းက ငါ့ချစ်သူပဲ”
ရှုချင်းရီက ဒီလိုလူသိရှင်ကြားတွဲခံရတာကို ပျော်မယ်ဟုသာ ထင်ခဲ့သည့် မော့ဟန်က
“ငါတို့အကြောင်း မသိစေချင်လို့လား? ခိုးတွဲစေချင်တာလား? လူကြားထဲတောင် မင်းလက်ကို ငါ့မှာကိုင်လို့ မရဘူးလား”
“မသိစေချင်တာမဟုတ်ပါဘူး။ အချိန်မတန်သေးတာ။ မွေးစားစာချုပ်က ကုန်ဖို့သိပ်မှမလိုတော့တာ။ ပြီးတော့လည်း ညီမလေးကို မပြောမဆိုနဲ့ ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး ပြောလိုက်ရတာလဲ?”
“စာချုပ်က ဘာအရေးမလို့လဲ? ငါတို့က သွေးရင်းမှ မဟုတ်တာ။ တွဲတာက ဘာဖြစ်လို့လဲ? ပြောလိုက်တော့ရော ဘာဖြစ်မှာမလို့လဲ?”
“ဒါပေမယ့်. . .အဲ့ဒီလိုကြီးကျတော့. . .လူတွေက ကိုကြီးကို ဘယ်လိုထင်ကြမလဲ? ညီမနဲ့ ကြိုက်နေတယ်တဲ့သူဆိုပြီးတော့. . . ကိုကြီးအလုပ်ကို ထိခိုက်မှာ စိုးရိမ်နေတာ!”
“အလုပ်က အလုပ်ပဲ။ ဒါက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ။ ဘာမှမဆိုင်ဘူး။ မင်းလျှောက်စိတ်ပူမနေနဲ့။ အကုန်လုံးက ငါရှင်းနိုင်တဲ့ကိစ္စတွေပဲ”
မော့ဟန်ကလည်း ရှုချင်းရီက သဘောမကျဖြစ်နေမှုကြောင့် စိတ်တိုလာသည်။
“ရှင်းနိုင်တယ် ဟုတ်လား?”
ရှုချင်းရီက မေးပြီ။
“ရှင်းနိုင်တယ်ဆိုရင် တတိယသခင်လေးနဲ့ တွေ့တာကို ဘာဖြစ်လို့ ညီမလေးကို မပြောတာလဲ?”
မော့ဟန်က သူမကို တစ်ချက်ကြည့်လာသည်။ ထို့နောက် ခေါင်းငုံ့သွားကာ စိတ်တိုပြီး ခပ်ပြတ်ပြတ်ပြောသည်။
“သူ့အကြောင်းကို ငါတို့ကြားမှာ ပြောစရာမလိုဘူး”
“ကိုကြီးသိသွားပြီမလား?”
“ဘာကိုသိရမှာလဲ? မင်းက တတိယသခင်လေးကို ၆နှစ်လုံး ကြိုက်လာတယ် ဆိုတာကိုလား!”
“ကိုကြီးက အမြဲတမ်း အဲ့ဒီလိုပဲ။ ကိုယ့်ဟာကိုယ် ကြိတ်မှိတ်နေတယ်။ ပြန်လာတုန်းက မေးပါလား? ရှင်းပြမှာပေါ့”
“ထပ်ပြောမယ်။ မင်းရည်းစားဟောင်းကိစ္စကို အစမဖော်နဲ့”
မော့ဟန်က စိတ်မထိန်းနိုင်တော့ဘဲ လေသံက မာလာသည်။
“ဘာရည်းစားဟောင်းလဲ! အရင်တုန်းက သူနဲ့တွဲခဲ့တာမှ မဟုတ်တာ!”
“၆နှစ်တောင် ကြိုက်ခဲ့တာလေ! သူ့အတွက်ဆို အကုန်လုပ်ပေးရဲတဲ့အထိ ဖြစ်ခဲ့တာက ရည်းစားဟောင်းနဲ့ ဘာကွာလို့လဲ!”
“ကွာတာပေါ့! ရည်းစားဟောင်းနဲ့ အထက်လူကြီးက ဘာဆိုင်လို့လဲ! ပြီးတော့လည်း. . .”
ရှုချင်းရီက ကျန်းယန်ပြောသွားသည့် တတိယသခင်လေးက သူမကိုနှောင့်ယှက်သည့်သူကို သတ်ပစ်ခဲ့တာကို သတိရသွားသည့်အခါ ပြောနေရင်းမှာပဲ စကားပျောက်သွားသည်။
မော့ဟန်က သူမအား ခပ်ချဥ်ချဥ်ကြည့်ကာ လှောင်ပြုံးကြီးဖြင့်
“အခုလည်း သူ့အကြောင်းကို မင်းတွေးနေတာမလား?”
ရှုချင်းရီမှာ အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် ရှုပ်ထွေးသွားကာ ပင်ပန်းလာသဖြင့် သက်ပြင်းချလိုက်ပြီး
“ဒါတွေက ပြီးခဲ့ပြီ။ ထပ်မပြောဘဲ နေကြရအောင်”
“တတိယသခင်လေးက မင်းကို သူ့လက်ရုံးတစ်ယောက်လို မဆက်ဆံတာတော့ ငါသိတယ်။ မင်းသူ့ကို အခုအထိ ကြိုးစားပြီး မေ့မရသေးဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြော။ သူ့ဆီပြန်သွားလို့ရတယ်။ ငါမတားဘူး။ မင်းထွက်သွားလို့ရတယ်”
“ဘာသဘောလဲ?”
ရှုချင်းရီက မော့ဟန်အား မယုံကြည်နိုင်ဖွယ် မော့ကြည့်လာသည်။
မော့ဟန်က သူပြောပြီးသွားခါမှ လန့်နေကာ ဆံပင်ကိုသပ်နေသည်။
“အခု ညီမလေးကို သံသယဝင်နေလား?”
ရှုချင်းရီက အသံတွေတုန်လာကာ မျက်လုံးတွေ နီရဲလာသည်။
မော့ဟန်က ဆိတ်ဆိတ်နေသည်။
ရှုချင်းရီက သူမကိုယ်သူမ စိတ်ထိန်းကာ လေသံပျော့ပျော့လေးဖြင့်
“အခု ရန်ထပ်မဖြစ်ချင်ဘူး. . .နှစ်ရက် သုံးရက်လောက်နေမှ ပြောရအောင်. . .လတ်တလောတော့ အချင်းချင်း မတွေ့ဘဲနေကြတာပေါ့”
မော့ဟန်က အေးစက်စွာဖြင့်
“မင်းအခုထွက်သွားတော့မလို့လား?”
မော့ဟန်၏ ဒီလိုလေသံကြားသည့်အခါ ရှုချင်းရီမှာလည်း ဆက်မပြောချင်တော့သဖြင့်
“အင်း! ဟုတ်တယ်! ဟုတ်တယ်! ထွက်သွားတော့မှာ! ပြန်မလာတော့ဘူး! ကိုယ့်ဟာကိုသာ နေကျန်ရစ်ခဲ့တော့”
ရှုချင်းရီက အိမ်ပေါ်ကနေ ထွက်သွားရန် လုပ်သည့်အခါ မော့ဟန်က နောက်ကနေလှမ်းအော်ပြောသည်။
“မင်းအခုထွက်သွားရင် ငါလိုက်ရှာမှာ မဟုတ်ဘူးနော်!”
ရှုချင်းရီက သူ့စကားများကို လျစ်လျူရှုကာ တံခါးကိုစောင့်ပိတ်ပြီး ထွက်သွားတော့သည်။ မော့ဟန်ဆီက ထွက်လာပြီးနောက် ရှုချင်းရီသည် ဦးတည်ချက်မရှိလျှောက်နေခဲ့သည်။
အချိန်ကြာလာတော့မှ သူမသည် အိမ်နေရင်းဖိနပ်ဖြင့် ထွက်လာတာဖြစ်ပြီး ဖုန်းကအစ ငွေတစ်ပြားတစ်ချပ်မှ ပါမလာသည်ကို သတိရတော့သည်။
သူမသည် အမှောင်ထဲတွင် လမ်းမီးရောင်အောက်မှာ ခေါင်းကိုငုံ့ကာ လျှောက်သွားနေခဲ့သည်။ သူမသည် အတိတ်ကို ပြန်မှတ်မိသွားတည်းက သူမကိုယ်သူမ အတိတ်က စုန်ညန်မှုလား ရှုချင်းရီလား မသဲကွဲကာ သေချာနားမလည်တော့ပေ။
မော့ဟန်က ရှုချင်းရီအား လုံးဝလိုက်မရှာပေ။ ဆိုဖာပေါ်တွင်ထိုင်ကာ ဆေးလိပ်သောက်ရင်း စောင့်နေခဲ့သည်။ သူမပြန်လာရင် ဆူရန်ရည်ရွယ်ကာ ဆေးလိပ်များ ထိုင်သောက်နေခဲ့သော်လည်း တစ်ညလုံး သူမသည် ပြန်မလာခဲ့ပေ။
နောက်နေ့မနက်တွင် မော့ဟန်က အလုပ်သွားရန် ပြင်ဆင်ပြီးနောက် ထွက်လာသည်။ ဧည့်ခန်းစားပွဲပေါ်တွင် ရှုချင်းရီ၏ဖုန်းအောက်မှာ စာတစ်စောင်ကို သူထားခဲ့လိုက်ရသည်။
“အိမ်မှာပဲနေ။ ငါအလုပ်ကပြန်လာမှ ပြောကြရအောင်”
ထို့နောက် သော့အပိုတစ်စုံကို ရှုချင်းရီသိသည့် အိမ်အပြင်ဘက် နေရာတစ်ခုတွင် သိမ်းထားခဲ့သည်။ ထို့နောက် ရုံးသို့ထွက်သွားတော့သည်။
နွေရာသီဖြစ်ကာ သိပ်မအေးသောကြောင့် ရှုချင်းရီသည် ATMစက်တစ်ခုကိုမှီကာ ခနမှေးလိုက်ရင်းက တစ်ညလုံး အိပ်ပျော်သွားခဲ့သည်။ ရှုချင်းရီက နိုးလာသည့်အခါ ဒေါသမထွက်တော့ပေ။ သို့သော်လည်း သူမတို့ကြားတွင် တွေးချိန်ထားသင့်သည်ဟု ယူဆကာ ခရီးထွက်သွားရန်ပဲ ဆုံးဖြတ်လိုက်သည်။
ရှုချင်းရီတွင် အချိန်ပိုင်းအလုပ်မှ လုပ်အားခများကို စုထားသည့် ကဒ်တစ်ခုရှိသည်။ ထိုကဒ်ကို သိပ်မသုံးသဖြင့် အရင်နေ့တုန်းက သူမသူငယ်ချင်းဆီတွင် မေ့ကျန်ထားခဲ့မိနေသည်။ ထိုကဒ်ထဲတွင် ရက်အနည်းငယ် ခရီးသွားရန် ငွေအလုံအလောက် ရှိနေသည်ဖြစ်ကာ သူမ၏ သူငယ်ချင်းဆီမှ သွားယူလိုက်သည်။ မှတ်ပုံတင်က မော့ဟန်၏အိမ်တွင် ဖြစ်သော်လည်း သူမသည် အိမ်သို့ မပြန်ချင်သေးသဖြင့် ယာယီကဒ်တစ်ခုလျှောက်လိုက်သည်။ ထို့နောက် ကျောင်းကိုလည်း ခွင့်တင်လိုက်သည်။ ပြီးနောက် အဝတ်အစားများဝယ်လိုက်သည်။
နောက်ဆုံးတွင် သူမသည် လက်ရှိမြို့တွင် အလွန်ဝေးကွာသည့် တိုင်းပြည်၏ အနောက်ဘက်အကျဆုံး လူဦးရေနည်းသည့် မြို့ကလေးသို့ လေယာဉ်လတ်မှတ်ဖြတ်လိုက်သည်။ လေဆိပ်တွင် အခြားသူများက မထွက်ခွာခင် နှုတ်ဆက်နေကြသည်ကို မြင်သည့်အခါ သူမစိတ်ဓာတ်ကျသွားသည်။
ထို့ကြောင့် ဖုန်းတောင်ပါမလာသည့် ရှုချင်းရီသည် သူစိမ်းတစ်ယောက်ဆီမှ ဖုန်းကိုဌားကာ မော့ဟန်ကို စာပို့လိုက်သည်။
“ရှုချင်းရီပါ။ သူများဖုန်းနဲ့ စာပို့လိုက်တာ”
“နှစ်ယောက်လုံးအတွက် တွေးချိန်လိုမယ်ထင်လို့ ခရီးထွက်သွားတော့မယ်။ စိတ်ပူမနေနဲ့။ တစ်ပတ်အတွင်း ပြန်လာခဲ့ပါ့မယ်”
“ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်နော်။ အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့ဦး”
ဤသို့စာသုံးစောင် ပို့ပြီးသည့်နောက် မျက်ရည်များက ကျဆင်းလာတော့သည်။ ထို့နောက် မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ ဖုန်းကို သူစိမ်းဆီသို့ ပြန်ပေးလိုက်သည်။
လေယာဥ်ထွက်ချိန်ရောက်သည့်အခါ ရှုချင်းရီသည် မော့ဟန်နှင့် ဝေးရာမြို့သို့ ထွက်ခွာသွားတော့သည်။
မော့ဟန်က ၆နာရီတွင် အိမ်သို့ပြန်လာခဲ့သည်။ ရှုချင်းရီအား လေသံမာမာဖြင့် မပြောတော့ဘဲ ပြေလည်ရာပြေလည်ကြောင်း ချော့မော့ကာပြောမည်ဟု တွေးပြီး အိမ်ဝင်လာသည့်အခါ ဧည့်ခန်းထဲမှ ဖုန်းနှင့် သူချန်ခဲ့သည့်စာရွက်တို့က မတို့မထိရသေးပင်။ ရှုချင်းရီ၏ အခန်းထဲသို့ ဝင်ကြည့်သည့်အခါလည်း သူမပြန်လာသည့်ပုံ မပေါ်ပေ။
ထိုအခါ မော့ဟန်သည် စိတ်ပူသွားလေပြီ။ မော့ဟန်သည် သူမ၏ဖုန်းဖြင့် သူမသူငယ်ချင်းများကို ဖုန်းဆက်၍ မေးကြည့်လိုက်မှ ရှုချင်းရီက တစ်ပတ်လောက်ခရီးထွက်သွားကြောင်းနှင့် သူမ၏ဘဏ်ကဒ်ပါ ပါသွားကြောင်းကို သိရလေသည်။ ထိုအခါမှ မော့ဟန်သည် ငွေရေးကြေးရေးကိစ္စကို စိတ်အေးနိုင်လေသည်။ သို့သော်လည်း သူကိုမပြောမဆိုဖြင့် ဘယ်ကိုထွက်သွားမှန်း မသိသောကြောင့် စိုးရိမ်စိတ်ကတော့ ရှိမြဲပင်။
မော့ဟန်နှင့် ရှုချင်းရီတို့ နှစ်ယောက်လုံး မသိခဲ့သည်မှာ မော့ဟန်ဖုန်းတွင် မသိသည့်ဖုန်းမှ ပိုသည့်စာများကို လက်မခံသည့် functionရှိနေကြောင်းကိုပင်။ ထို့ကြောင့် မော့ဟန်မှာ သူ့ဆီစာရောက်လာကြောင်း မသိသလို ရှုချင်းရီသည်လည်း စာပို့ပြီးသားဟုသာ အထင်လွဲနေကြတော့သည်။
မော့ဟန်က သူ့အဆက်အသွယ်များဖြင့် စုံစမ်းကြည့်သည့်အခါ ရှုချင်းရီသည် ယာယီမှတ်ပုံတင်ဖြင့် Dမြို့ကို ထွက်သွားကြောင်း သိရသည်။ မော့ဟန်သည် လိုက်သွားကာ ရှင်းပြချင်သော်လည်း သူ့ဒေါသကို မထိန်းနိုင်ပါက ပိုဆိုးသွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူမပြန်လာသည့်အခါမှ ဘယ်ကိုမှ ထွက်မသွားစေရန် ကြိုးစားတော့မည်ဟုသာ ဆုံးဖြတ်လိုက်သည်။
မော့ဟန်က တစ်ပတ်လုံး သည်းခံကာ စောင့်ဆိုင်းနေခဲ့သော်လည်း ရှုချင်းရီမှာ ပြန်မလာခဲ့ပေ။ ထိုအခါ မော့ဟန်သည် စိုးရိမ်လာခဲ့ပြီ။