၁၆၅။ မှတ်ညဏ်ထဲက ကလေးမလေး
သူမ၏အမေက သူမမျက်လုံးများကို သေချာအကဲခတ်ပြီးမှ စာအုပ်ကိုထိုးပေးကာ
“ယူလေ။ ငယ်ငယ်တုန်းက သမီးက ဒီစာအုပ်တွေ ဖတ်ရတာကို အရမ်းကြိုက်တာ”
ရှုချင်းရီက စာအုပ်တွေကိုယူကာ သူမ၏ရင်ဘတ်ထဲတွင်ပိုက်လျက် သူမ၏အမေအား ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
ထိုအချိန်တွင် ဟန်လျန်သည် အပြင်မှ ပြန်ရောက်လာသည်။ ဖိနပ်လဲပြီးနောက် သူမတို့ကို မြင်သည့်အခါ
“ဘာလုပ်နေကြတာလဲ?”
“အမေက ကျွန်မကို ဖတ်ဖို့စာအုပ်တွေ ပေးတယ်”
ရှုချင်းရီက စာအုပ်တွေကို ပိုက်လာရင်းဖြင့် ပြောလိုက်သည်။
“ဘာစာအုပ်တွေလဲ?”
ဟန်လျန်က မေးသည်။
“ငယ်ငယ်တုန်းက ဖတ်တဲ့စာအုပ်တွေလို့ ပြောတာပဲ။ ပြန်ဖတ်ချင်လာလို့”
ဟန်လျန်က စာအုပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက်
“ကလေးစာအုပ်တွေပဲ။ ဒါကိုထပ်ဖတ်ဦးမလို့လား?”
ရှုချင်းရီက
“အင်း ကောင်းမယ်ထင်လို့”
ဟန်လျန်က သူမကို ထပ်မေးသည်။
“ဒီညဘာစားချင်လဲ?”
“အမေချက်တာ”
ရှုချင်းရီက ဆိုဖာပေါ်တွင် စာအုပ်ကို လှန်ဖတ်နေရင်းဖြင့် ဖြေလိုက်သည်။ ထိုစာအုပ်သည် ရောင်စုံပုံများဆွဲထားကာ စာတွေကို ဘောင်ခတ်ထားသည့် ကာတွန်းစာအုပ်ဖြစ်သည်။
“ညန်ညန် သဘက်ခါ အတန်းသွားစရာမလိုဘူး။ ကိုယ်ခွင့်တိုင်ထားတယ်။ ဦးလေးအိမ်ကို ထမင်းအတူသွားစားကြမယ်”
“ဦးလေး?”
ရှုချင်းရီက ဟိုနေ့ညက သူမခိုးနားထောင်တုန်းက သူမကြားခဲ့သည်များကို သတိရသွားသည်။
“အင်း. . .ညန်ညန်ပြန်ရောက်ပြီလို့ ဦးလေးက ကြားလို့။ သူလည်း ညန်ညန်ကို တွေ့ချင်နေတာ”
“ဪ”
ရှုချင်းရီက မေးလိုက်သည်။
“အဲ့ဒီအိမ်က ဝေးလား?”
“တော်တော်ဝေးတယ်။ ဒီကနေ ၆နာရီ ၇နာရီလောက် ကားမောင်းသွားရမှာ။ အဲ့ဒါကြောင့် ကိုယ်တို့တစ်ရက်လောက် အဲ့ဒီမှာနေမလို့”
ရှုချင်းရီက ခေါင်းငြိမ့်ကာ “အင်း”လို့ ပြောလိုက်သည်။
ဦးလေးအိမ်ကို သွားမည့်နေ့တွင် ဟန်လျန်က သူမအား လာနှိုးပြီးနောက် သူတို့မနက်စာစားလိုက်ကြသည်။ ထို့နောက် သူတို့သုံးယောက် ကားဖြင့်ထွက်လာကြသည်။
ရှုချင်းရီက ထိုဦးလေးနှင့် ပတ်သက်၍ ဘာအမြင်မှ မရှိပေ။ ကားပေါ်တွင် သူမ၏အမေက ထိုဦးလေးအကြောင်းကို ပြောပြသည့်အခါ ငယ်ငယ်တုန်းက အကြောင်းများကလွဲ၍ သူမဘာကိုမှ သတိမရပေ။ ထို့ကြောင့် ငယ်ငယ်တုန်းက အကြောင်းတွေကိုပဲ ဘာကြောင့် သူမမှတ်မိနေရသလဲဟု မေးလိုက်သည်။
သူမတို့မိသားစုမှာ သူမငယ်တုန်းက ထိုဦးလေးနှင့် ပိုရင်းနှီးခဲ့သည်။ အိမ်မှာတစ်ခုခုဖြစ်လျှင် သူမကို ထိုအိမ်သို့ တစ်ရက်နှစ်ရက်လောက် ပို့ထားတက်သည်။ သူမကြီးလာ၍ ဒီဘက်သို့ပြောင်းလာသည့်အခါ အဆက်အသွယ်သိပ်မရှိတော့သောကြောင့် သူမမမှတ်မိတော့ခြင်းဖြစ်မည်ဟု သူမ၏အမေက ဖြေလာသည်။
သို့သော်လည်း ရှုချင်းရီသည် တစ်ခုခုလွဲချော်နေသလို ခံစားနေရသည်။ သူမသည် ကားပေါ်မှာ ဟိုတနေ့တုန်းက ကလေးစာအုပ်တစ်အုပ်ကို ဖတ်ကာလိုက်လာသည်။ သို့သော်လည်း ထိုစာအုပ်တွေမှာ အရင်တုန်းက တစ်စုံတစ်ယောက်ဖတ်ခဲ့သည့် အရိပ်အယောင်လုံးဝရှိမနေပေ။ ထိုပုံပြင်တို့မှာလည်း သိပ်စိတ်ဝင်စားစရာမကောင်းသလို သူမအတွက်လည်း ဘာကိုမှမှတ်မိအောင် ကူညီမပေးနိုင်ပေ။
ဤသို့ဖြင့် သူတို့သည် ဦးလေးအိမ်သို့ ရောက်လာသည်။ ဟန်လျန်က ကားပေါ်က အရင်ဆင်းသွားကာ ဦးလေးအတွက် သူတို့ဝယ်လာသည်များကို သွားသယ်သည်။ ရှုချင်းရီကတော့ သူမ၏အမေကို ကားအပြင်သို့ ထွက်လာရန် ကူညီပေးလိုက်သည်။
ထိုအိမ်မှာ ရှုခင်းကြည့်ကောင်းသည့်နေရာတွင် တည်ရှိသည်။ သူတို့သုံးယောက်သည် လက်ဆောင်ပစ္စည်းများဖြင့် ထိုအိမ်ရာသို့ ရောက်လာသည်။ ဟန်လျန်က ဓာတ်လှေကားထဲကို ဝင်လိုက်ကာ ၁၂ထပ်ကို နှိပ်လိုက်သည်။
ဤသို့ဖြင့် သူတို့သည် ဦးလေး၏တိုက်ခန်းတံခါးသို့ ရောက်လာသည်။ ရှုချင်းရီက တံခါးဘဲလ်ကို တီးလိုက်သည့်အခါ လူတစ်ယောက်က တံခါးကို လာဖွင့်ပေးသည်။ ထိုအခါ ရှုချင်းရီသည် အံ့သြသွားသည်။
“ရောက်လာပြီပဲ”
ဦးလေးလောင်စုက တံခါးဝမှာ ပြုံးရင်းဖြင့် ပြောသည်။
“အမြန်ဝင်လာကြလေ။ အပြင်မှာရပ်မနေကြနဲ့”
ထိုဦးလေးသည် ပြည့်ပြည့်ဖြိုးဖြိုးရှိကာ စကားလည်း တောက်လျှောက်နီးပါးပြောနေသောကြောင့် ဖော်ရွေသည့်ပုံပေါက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုဦးလေးက သူမဝင်လာကတည်းက သူမကိုသာ ကြည့်နေသည်ဟု ရှုချင်းရီက ခံစားရသည်။
“လာ လာ လာ . . .ဒီဆိုဖာမှာ ထိုင်ကြ။ ရေဆာနေကြလား? ရေသောက်ဖို့ ယူလာပေးမယ်”
လော့စုက မီးဖိုချောင်ကို ထွက်သွားသည်။
သူတို့က ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ ရှုချင်းရီသည် ဒူးနှစ်ဖက်ပေါ်ကို လက်တင်လျှက် သတိထားကာ ထိုင်နေသည်။ ထိုဦးလေးက သူမအား ရေခွက်အရင် ကမ်းပေးသောအခါ သူမပိုအံ့သြသွားသည်။ ထို့ကြောင့် ကျေးဇူးတင်ကြောင်းပြောကာ ရေခွက်ကို အမြန်ယူလိုက်ရသည်။
လော့စုက သူမဘေးမှာ လာထိုင်ကာ ရေသောက်လိုက်မည့်အချိန်အထိ သူမကို စိုက်ကြည့်နေသည်။ ထို့ကြောင့် ရှုချင်းရီသည် လန့်လာပြီး သတိထားကာ မေးလိုက်သည်။
“ဦးလေး ပြောစရာရှိလို့လား?”
လော့စုက ပြုံးရင်း ခေါင်းခါပြကာ
“မဟုတ်ပါဘူး။ မတွေ့ရတာ ကြာလို့ပါ
“အရင်တုန်းက ဒီကိုတစ်ခါတစ်လေ လာတက်တယ်လို့တော့ အမေက မပြောပါဘူး”
ထို့နောက် လော့စုက သူမ၏အမေကို ကြည့်ကာ
“ဟမ်? ဟုတ်သားပဲ. . .တစ်နှစ်မှ တစ်ခါပဲလာတာလေ။ ပြီးတော့ မတော်တဆလည်း ဖြစ်သွားသေးတော့ မတွေ့ရတာ တစ်နှစ်ခွဲလောက် ရှိသွားပြီ”
လော့စုက ရှုချင်းရီကို ကြည့်ကာ သူဟာသူ ရေရွတ်သလိုဖြင့်
“ပြန်ရောက်လာတာကို ငါတကယ်မယုံနိုင်သေးဘူး”
ရှုချင်းရီက ထိုစကားမှာ ထူးဆန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် မျက်မှောင်ကျုံလိုက်မိပြီး ရေတောင်မသောက်ချင်တော့ပေ။
လော့စုက သူမကို ဆက်ကြည့်နေပြီးနောက် သူမ၏အမေက ဟင်းချက်ဖို့ မီးဖိုချောင်ထဲကို လာရန်ပြောကာမှ ထွက်သွားသည်။ ထိုအခါ ဟန်လျန်နှင့် ရှုချင်းရီတို့သာ ဧည့်ခန်းထဲတွင် ကျန်ခဲ့တော့သည်။ ဟန်လျန်က ရှုချင်းရီ၏ဘေးသို့ အမြန်ဝင်လာထိုင်ကာ ဆိုဖာပေါ်တွင် လက်ဆန့်တင်သလိုဖြင့် သူမပုခုံးကို ဖက်လိုက်သည်။
ရှုချင်းရီကတော့ သူ့လုပ်ရပ်ကို လျစ်လျူရှုလိုက်သည်။ အိမ်ထဲတွင် တခြားသူ မမြင်သောကြောင့်
“ဦးလေးရဲ့ တခြားမိသားစုတွေကရော?”
ဟန်လျန်က
“ဒေါ်လေးက ခရီးထွက်သွားတယ်။ ၃ရက်အတွင်း ပြန်ရောက်မှာပါ။ သမီးက ကျောင်းမှာ။ နောက်မှ လာမယ်ထင်တယ်”
သူက ရှုချင်းရီ၏အနားကို တိုးကပ်လာသည့်အခါ ရှုချင်းရီက လျှောက်ကြည့်ချင်သည့်ပုံဖြင့် ထလိုက်ကာ သူဖက်ထားသည်မှ ရှောင်လိုက်သည်။
“သူတို့မိသားစုပုံလား?”
ရှုချင်းရီက မိသားစုပုံဟု ထင်ရသည့်ပုံတစ်ခုကို ပြကာ မေးလိုက်သည်။ ထိုပုံတွင် ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နှင့် ၇နှစ်၈နှစ်အရွယ် ကလေးမလေးတစ်ယောက်တို့ ပုံဖြစ်သည်။
ဟန်လျန်က လျှောက်လာပြီးကြည့်ကာ
“ဟုတ်တယ်။ သူတို့မိသားစုပုံ”
“ဪ . . .ဒါနဲ့ အိမ်မှာ မိသားစုပုံ မတွေ့ပါလား။ ကျွန်မရဲ့ အဖေပုံကို မြင်ချင်သေးတယ်”
ရှုချင်းရီက ရုတ်တရပ်တွေးမိသွားသည်။
“ဪ ဒါလား။ အမေရယ် သိမ်းထားတယ်ထင်တယ်။ အဖေဆုံးသွားကတည်းက အိမ်မှာ မိသားစုပုံမထားတော့တာ”
ဟန်လျန်ကိုပါ ဦးလေးက မီးဖိုချောင်ထဲသို့ ခေါ်သွားသည့်အခါ သူမသည် အရင်ပုံများကို ဆက်ကြည့်လိုက်သည်။ ထိုဧည့်ခန်းက တီဗီနားတွင် ဓာတ်ပုံစာအုပ်တွေ့သဖြင့် သူမထိုင်ကာ လှန်ကြည့်နေခြင်းဖြစ်သည်။ ထိုပုံများမှာ ဦးလေးမိသားစု၏ပုံတို့သာ ဖြစ်သည်။ သူတို့က ပုံထဲတွင် ပျော်ရွှင်စွာ ပြုံးနေသောကြောင့် သူမလည်း ကြည့်နေရင်းဖြင့် ပြုံးမိနေသည်။
ပုံဟောင်းတစ်ခုတွေ့သည့်အခါ သူမ၏လက်မှာတုန့်သွားသည်။ ထိုပုံမှာသူမနှင့်တူသည့် ကလေးမလေးတစ်ယောက်ဖြစ်သည်။ ထိုကလေးမလေးသည် ၇နှစ်၈နှစ် အရွယ်လောက်ပဲ ရှိသေးကာ ပေကျံနေသည့်မျက်နှာဖြင့် ဂေါ်ပြားတစ်ခုကိုကိုင်ထားကာ ခြံဝင်းတစ်ခုထဲတွင် ကင်မရာကိုပြုံးပြနေသည်။
ထိုပုံ၏အနောက်နားရှိမြက်ခင်းပေါ်တွင် ဆံပင်နှစ်ဖက်ကျစ်ထားသည့် နောက်ကလေးမလေးတစ်ယောက်လည်း ရှိနေသေးသည်။ ရှုချင်းရီ၏အကြည့်များသည် ပြုံးနေသည့် ကလေးမလေးအနောက်မှ ကျောခိုင်းထားသည့် ထိုကလေးမလေးဆီ ရောက်သွားသည်။ ထိုကလေးမလေး၏နောက်ကျောကို သူမအရမ်းရင်းနှီးနေခဲ့သည်။ သို့သော်လည်း သူမဘယ်မှာတွေ့ခဲ့သလဲ သူမမသိတော့ပေ။
“အရင်တုန်းကပုံတွေကို ကြည့်နေတာလား?”
လော့စုက သူမအနားကိုရောက်လာကာ ရှုချင်းရီကြည့်နေသည့်ပုံကို ကြည့်ပြီးနောက် ပြောသည်။
သူမက အနည်းငယ်လန့်သွားသောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့”
“ငယ်ငယ်တုန်းက သမီးက အရမ်းဆော့တာ။ ဒါဦးလေးတို့အရင်အိမ်တုန်းက သမီးတို့ ဂေါ်ပြားတွေနဲ့ ဆော့နေကြတာလေ။ ညစ်ပတ်ပေကျံနေတာ ကြည့်ပါဦး။ သမီးအမေက လာခေါ်တော့ ဒီလိုဖြစ်နေလို့ ငါ့ကိုတောင် ကြိမ်းမောင်းသွားသေးတယ်”
“ဒါဆိုရင် ဒီကောင်မလေးကရော?”
ရှုချင်းရီက မြက်ခင်းပေါ်ထိုင်နေသည့် ထိုကောင်မလေးကို ပြလိုက်သည်။
“ဒါကအိမ်နီးချင်းကလေးမလေးပါ။ အဲ့ဒီအချိန်တုန်းက သူကပန်းကို ကြည့်နေတာ”
ရှုချင်းရီက ခေါင်းငြိမ့်ပြလိုက်ကာ ဓာတ်ပုံစာအုပ်ကို ပြန်ထားလိုက်ပြီးနောက်
“မီးဖိုချောင်ထဲမှာ အမေတို့ကို သွားကြည့်လိုက်ဦးမယ်”
လော့စုက ခေါင်းငြိမ့်ကာ သူမအနောက်သို့ လိုက်လာသည်။
သူတို့ထမင်းအတူစားနေသည့်အချိန်တွင် လော့စု၏သမီးက ပြန်ရောက်လာသည်။ ထိုကောင်မလေးသည် ၁၇နှစ် ၁၈နှစ်လောက်သာ ရှိလောက်သေးသည်။ သူမသည် အဖြူနှင့်အပြာရောင်စပ်ထားသည့် ကျောင်းဝတ်စုံအကျီကို ဂျင်းဘောင်းဘီအပြဲဖြင့် ဝတ်ထားကာ ကျောင်းလွယ်အိတ်ကြီးကို သယ်လာသည်။ သူမသည် ထမင်းစားနေကြသည့်သူများကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီးနောက် သူမ၏အခန်းထဲသို့ သူမပြန်ဝင်သွားဖို့ လုပ်သည်။
“လော့မုန်း! ရပ်လိုက်! ဘယ်ကိုသွားမလို့လဲ? ဧည့်သည်တွေရောက်နေတာကို မမြင်ဘူးလား?”
လော့စုက ထိုကောင်မလေးမှာ သူမ၏အခန်းထဲသို့ ဝင်မည်လုပ်သည့်အခါ လှမ်းပြောသည်။
လော့မုန်းက ခေါင်းကိုလှည့်လာကာ
“ကျောင်းမှာ အကြာကြီး ပိတ်လှောင်ထားတာကို အိမ်မှာတောင် လွတ်လပ်ခွင့် မပေးချင်တော့ဘူးလား? သွားချင်တဲ့နေရာကို သွားမှာပေါ့”
လော့စုက ကသီးကအောင့်ဖြစ်သွားပုံရကာ
“နင်. . .နင့်အမဝမ်းကွဲ ပြန်ရောက်နေတယ်။ ဒီမှာလာထိုင်ပြီးတော့ စကားလာပြော”
လော့မုန်းက ရှုချင်းရီအား နှာခေါင်းရှုံကြည့်ကာ
“သူ့ကိုလား. . .တော်ပါပြီ! သူဟာသူပြန်ရောက်လာတာ သမီးနဲ့ ဘာဆိုင်လို့လဲ? ဘာဖြစ်လို့ စကားထိုင်ပြောပေးရမှာလဲ?”
“လော့မုန်း! လွန်မလာနဲ့။ အရင်တုန်းက နင်နေချင်သလို နေရတိုင်း ဒီနေ့တော့ လာမလုပ်နဲ့”
သို့သော်လည်း လော့မုန်းက သူမ၏အဖေစကားများကို စိတ်ထဲထားပုံမရဘဲ မျက်မှောင်ကြီးကျုံကာ သူမအခန်းထဲသို့ သူမပြန်ဝင်သွားသည်။ လော့စုက သူတို့အား
“အားနာလိုက်တာ။ သူကိုအလိုလိုက်လွန်းသွားတယ်။ ဆယ်ကျော်သက်အရွယ် ပုန်ကန်လို့ကောင်းနေတဲ့ အချိန်လည်း ဖြစ်နေသေးတော့ သူ့ကို ဗွေမယူကြနဲ့။ အတူစားကြရအောင် ငါသွားခေါ်လိုက်မယ်”
ထိုသို့ပြောပြီးသည်နှင့် လော့စုက လော့မုန်းနောက်သို့ လိုက်သွားရန် ထလိုက်သည်။
“ဦးလေး မလိုပါဘူး။ သူမလာချင်ရင်လည်း ထားလိုက်ပါ။ သူ့ကိုအရမ်းဆူနေရင် သူပိုဆိုးလာလိမ့်မယ်။ ကျွန်မတို့ပဲ ဆက်စားလိုက်ကြရအောင်”
ရှုချင်းရီက ပြောလိုက်သည်။
“မဟုတ်ဘူး။ အဲ့ကလေးမက အဲ့ဒီလိုပဲ။ သမီးတို့အရင်စားနှင့်။ သူဘာလုပ်နေလဲ ဦးလေးသွားကြည့်လိုက်ဦးမယ်”
လော့စုက စားပွဲဘေးမှာ ဆက်ရပ်နေရင်းဖြင့် ပြောသည်။
ရှုချင်းရီက ထပ်တားဖို့ လုပ်လိုက်သော်လည်း ဟန်လျန်က သူမအနားသို့ကပ်ကာ အသံတိုးတိုးဖြင့်
“သူတို့မိသားစုကိစ္စကို သူတို့ရှင်းပါစေ။ ကိုယ်တို့ပဲ ဆက်စားရအောင်”
ထို့ကြောင့် ရှုချင်းရီသည် ဘာမှဆက်မပြောတော့ဘဲ သူမ၏အမေကိုသာ လှမ်းကြည့်လိုက်သည်။ သူမ၏အမေမှာ ဒီလိုကိစ္စမျိုးတွေကို ရိုးနေသည့်အလား တည်ငြိမ်စွာဖြင့် သူ့ဟာသူစားသောက်နေသည်။