၁၆၃။ လက်ကိုလွှတ်
“သူ့ကိုကြည့်ရတာ အဲ့လိုဟုတ်ပုံမရပါဘူး။ အဲ့ဒီနေ့တုန်းက နင့်ဘေးမှာ အကြာကြီးထိုင်သွားတာ။ ကော်ဖီသောက်နေတာအပြင် ဘာမှမလုပ်ဘူး။ နင်နိုးလာတဲ့အထိ စောင့်မယ်ထင်နေပင်မယ့် နင်ကအကြာကြီးအိပ်နေတော့ သူလည်းမစောင့်ဘဲ ထွက်သွားတာ”
ရှုချင်းရီသည် သူစိမ်းတစ်ယောက်ဆီမှ မော့ဟန်၏အကြောင်းကို ကြားရသည်မှာ မသင့်တော်ဘူးဟု ခံစားမိသည်။ ထိုမိန်းကလေးက ဆက်စကားပြောရန်လုပ်နေသောကြောင့် သူမပြန်ရန်လုပ်လိုက်သည်။
“လုပ်စရာရှိသေးလို့. . .နောက်ကျရင်. . .အချိန်ရရင်. . .ကျွန်မတို့ဆက်ပြောကြတာပေါ့”
ရှုချင်းရီက သူမပြောနေသည်များကို ဆက်နားမထောင်ချင်တော့သောကြောင့် ချက်ချင်းဆိုင်ထဲက ထွက်လာသည်။ သူမလမ်းလျှောက်နေရင်းဖြင့် ထိုမိန်းကလေး ပြောသည့်စကားများကို ပြန်ကြားယောင်နေရင်းမှ တစ်ခုခုကို သူမသတိရသွားသည်။ သူမခြေလှမ်းတွေကို ရပ်လိုက်ကာ အိတ်ထဲကို လှန်လှောကြည့်လိုက်သည်။ အခုတလော သူမ၏အိပ်ဆေးတွေ လျော့သွားသည်ဟု သူမစိတ်ထင်နေခဲ့တာဖြစ်သည်။ အခုတော့ သူမအဖြေသိသွားပြီ။ သူမအိပ်ပျော်နေသည့်အချိန်တွင် မော့ဟန်က ဆေးတစ်ချို့ကို လွှတ်ပစ်လိုက်တာ ဖြစ်မည်။
ရှုချင်းရီက ဖုန်းကိုထုတ်ကာ မော့ဟန်အား ဖုန်းခေါ်သင့် မခေါ်သင့် တွေးနေမိသည်။ သို့သော်လည်း မခေါ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူလာခဲ့သည့်အကြောင်း သူမကိုအသိမပေးချင်မှာ သူမအား မသိစေချင်လို့သာ ဖြစ်လိမ့်မည်။ သူမကိုလည်း သူ့အားအဆက်အသွယ်မလုပ်ဖို့ ပြောသွားခဲ့သည်လေ။ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ?
ထိုအချိန်တွင်ပဲ ဟန်လျန်က သူမအား ဖုန်းခေါ်လာသည်။
“ဟယ်လို ဘယ်မှာလဲ?”
“လမ်းပေါ်မှာ။ တော်ကြာ အိမ်ပြန်လာခဲ့မယ်”
“အိမ်ကိုမပြန်နဲ့။ ကိုယ့်ဆီကိုလာခဲ့။ ညန်ညန်လုပ်စရာတစ်ခု ဒီမှာရှိတယ်”
“ဘာလဲ?”
“ဘယ်လိုလာရမလဲသိတယ်မလား။ ရှောင်မေးတို့ဆိုင်မှာ ကိုယ်ရှိနေမယ်။ မလာတက်ရင် တက်စီစီးလာခဲ့”
“မဖြစ်မနေလာရမှာလား?”
ရှုချင်းရီက မေးလိုက်သည်။ ဟန်လျန်က အရင်တုန်းက သူမ၏သူငယ်ချင်းများနှင့် ပြန်မိတ်ဆက်ပေး၍ စကားပြောကြရန် စီစဉ်ပေးမည် ဆိုတာကို သတိရသွား၍ မေးခြင်းဖြစ်သည်။ ဒီလိုတွေ့ရမှာမျိုးကို သူမမကြိုက်ပေ။
“အင်း လာခဲ့”
သူမလည်း ထပ်ပြီးတော့ ရှောင်ပြေးမနေချင်သောကြောင့်
“ဟုတ်ပြီလေ။ ခနစောင့်”
ရှုချင်းရီက ဖုန်းချသွားသည်နှင့် ဟန်လျန်က သူ့အရှေ့မှာထိုင်နေသည့်သူကို ပြုံးကြည့်လိုက်ကာ
“စိတ်မပူပါနဲ့။ မကြာခင် ရောက်လာမှာပါ”
ဟန်လျန်၏အရှေ့ကသူက ခပ်ဖွဖွပြုံးရင်း
“ရပါတယ်။ ငါသူ့ကိုစောင့်ရတာ အသားကျနေပြီ”
ရှုချင်းရီက ဆိုင်ကိုရောက်လာသည့်အခါ ဟန်လျန်က တစ်ယောက်တည်းထိုင်နေကာ သူမအား ပြုံးရင်း လက်လှမ်းပြသည်။ သူမသည် ဟန်လျန်၏စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ သူမ၏အိတ်ကို ဘေးသို့ချလိုက်သည့်အခါ ဇစ်နှင့် အကျီက ညိသွားသည်။ ထို့ကြောင့် သူ့မသည် ခေါင်းငုံကာ ပြန်ဖြေနေရသည်။ ထိုအချိန်တွင် သူမတို့ဝိုင်းသို့ တစ်စုံတစ်ယောက် ရောက်လာသည့် ခြေသံကို ကြားလိုက်ရသည်။
ထိုသူငယ်ချင်းကို ပြုံးပြရန် သူမခေါင်းကိုမော့လိုက်သည့်အခါ ရင်းနှီးသည့်မျက်နှာကို တွေ့လိုက်ရသည်။ ထိုသူမှာ မော့ဟန်ပင်။ သူတို့သည် အကြည့်ချင်းဆုံသွားသည့်အခါ သူတို့အကြည့်နောက်ကွယ်မှာ ပြောချင်သည့်စကားတို့ ပြည့်နှက်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။
“အံ့သြသွားမယ်လို့ ကိုယ်ထင်ပြီးသားပါ”
ဟန်လျန်က သူမ၏ခေါင်းကိုပုတ်ကာ ပြောသည်။
“ညန်ညန်ကို ပြောဖူးတဲ့ လျော်ကြေးကိစ္စဆွေးနွေးမလို့။ အစကတော့ ဟိုဘက်မြို့ကို ကိုယ်သွားမလို့ပဲ။ ရှေ့နေကြီးက ဒီမှာဆိုတာနဲ့ ညန်ညန်ကိုပါ ကိုယ်ခေါ်လိုက်တာ”
“ရှင်တို့နှစ်ယောက်ကြားက ကိစ္စပဲ။ ကိုယ့်ဟာကိုယ်ရှင်းလို့ရပါတယ်။ ကျွန်မကို ခေါ်စရာမလိုပါဘူး”
ရှုချင်းရီက မော့ဟန်ကို ဖြတ်ခနဲ ခိုးကြည့်လိုက်ပြီးနောက် ရင်တွေခုန်လာသည်။ ထို့ကြောင့် ခေါင်းကိုငုံလိုက်ပြီးနောက် ဇစ်ထဲကိုညပ်နေသည့် အကျီကိုသာ ပြန်ဆွဲထုတ်နေသည်။ သို့သော်လည်း စိတ်လှုပ်ရှားနေသောကြောင့် ပိုဆွဲထုတ်လေလေ ပိုဆိုးလေလေ ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ? အကျီညပ်သွားတာလား?”
ဟန်လျန်က ရှုချင်းရီဘက်ကို ငဲ့ကြည့်ရင်း မေးသည်။
“အင်း”
ရှုချင်းရီသည် ခေါင်းငုံကာသာ ချွေးတွေရွှဲနေသောလက်ဖြင့် ဆွဲထုတ်နေသည်။
“ကိုယ်လုပ်ပေးမယ်”
ဟန်လျန်က သူမဘက်သို့ ကိုင်းလာသည်။
“မလိုဘူး။ မလိုဘူး. . .”
ရှုချင်းရီက ငြင်းနေသော်လည်း ဟန်လျန်က သူမ၏လက်ကိုဆွဲကာ အကျီကိုကူထုတ်သည်။
“ကြည့်ပါဦး လက်တွေမှာချွေးတောင် ရွှဲနေပြီ။ အဲ့ဒါကြောင့် ဆွဲထုတ်မရတာကိုး”
ဟန်လျန်က အကျီကိုထုတ်ပေးရင်းဖြင့် ပြောသည်။
ရှုချင်းရီက သူမလက်က ချွေးမျာကို အကျီဖြင့်သုတ်လိုက်ပြီး ဟန်လျန်အား ကသီးကအောင့်ဖြစ်စွာဖြင့် ပြုံးပြလိုက်သည်။
ရှုချင်းရီသည် ခေါင်းကိုပြန်ငုံသွားကာ သူမနှင့်အနီးဆုံးပန်းကန်ထဲမှ အစားအသောက်များကိုယူကာ ဆက်စားနေသည်။ သူမသည် မုန့်စားနေရင်းမှ ဒီလိုအခြေအနေကြီး မြန်မြန်ပြီးသွားရန် ဆုတောင်းနေမိသည်။ သူမသည် မော့ဟန်၏ဘေးမှာ ဒီလိုထိုင်နေရင်းဖြင့် မော့ဟန်အား လျော်ကြေးပေးဖို့ ဆွေးနွေးရမည့် အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
ဟန်လျန်က
“ဆေးဖိုး၊ ကျောင်းစရိတ်၊ နေရေးထိုင်ရေးစရိတ်နဲ့ ညန်ညန် ခင်ဗျားဆီမှာ သုံးသွားသမျှကို ကျွန်တော်ပြန်ပေးမယ်။ ပြီးတော့လည်း ခင်ဗျားညန်ညန်ကို စောင့်ရှောက်ပေးထားရတဲ့အတွက် စေတနာကြေးလည်း ပေးမယ်”
မော့ဟန်၏အကြည့်က ဟန်လျန်ဆီမှာပဲဖြစ်ကာ
“ငါနဲ့နေတဲ့အချိန်တုန်းက သူသုံးသွားတာ သိပ်မရှိပါဘူး။ တကယ်လို့ မင်းက သူသုံးသမျှ ငါ့ကိုတစ်ပြားမကျန် ပြန်ပေးချင်တယ်ဆိုရင်တော့ ငါလည်း သူဘယ်လောက်သုံးသွားသလဲ မမှတ်မိတော့တာတော့ စိတ်မကောင်းဘူး”
“ဒါဆိုရင်လည်း ကျွန်တော်တို့ဘာသာပဲ ပေးလိုက်တော့မယ်။ ညန်ညန် ကိုယ်သူ့ကို ဘယ်လောက်ပေးသင့်တယ်လို့ထင်လဲ?”
သူမလက်မှတူမှာ အနည်းငယ်တုန်သွားသည်။ သူမသည် မော့ဟန်ကို မကြည့်ရဲသောကြောင့် ခပ်မြန်မြန်
“သူကျေနပ်သလောက်ပေါ့။ ကျွန်မအမြင် မလိုပါဘူး”
“ဘယ်လိုလုပ်ပြီး ညန်ညန်ရဲ့အမြင်က မလိုမှာလဲ? ညန်ညန်ရဲ့အမြင်က အရေးကြီးဆုံးပဲ”
ဟန်လျန်ပြောနေသည့် စကားကိုဖြတ်ကာ မော့ဟန်က ရှုချင်းရီအား
“တကယ်တော့. . .”
မော့ဟန်က စကားရပ်သွားပြီးနောက် နှုတ်ခမ်းထောင့်များက အပေါ်သို့ကွေးတက်သွားကာ သူ့ပန်းကန်ထဲက အရွက်တစ်ခုကို ခက်ရင်းဖြင့် ထိုးစိုက်လိုက်ပြီး
“ကိစ္စတွေကို ရှုပ်အောင် လာလုပ်မနေကြနဲ့။ မင်းတို့တွေ ငါ့ကိုလျော်ကြေးပေးချင်တယ်ဆိုရင်လည်း ဘယ်လောက်ပဲဖြစ်ဖြစ်ရတယ်။ သူကငါ့အိမ်မှာ နေတော့တဲ့သူမှ မဟုတ်တာ”
ရှုချင်းရီသည် ထိုအခါမှသာ ခေါင်းထောင်ကာ မော့ဟန်ကို ကြည့်လိုက်သည်။
“ငါကသူ့အမျိုးလည်း မဟုတ်ဘူး။ နာမည်ခံအကိုကြီးပဲ။ အခုတော့ သူကပြန်သွားပြီဆိုတော့ လျော်ကြေးပေးချင်ရင်လည်းပေး။ ငါကငွေရေးကြေးရေး ပူနေရတဲ့သူမဟုတ်လို့ မင်းတို့ပေးချင်သလောက်သာပေး”
မော့ဟန်၏ ဒီစကားများကို ကြားသွားသည့်အခါ ရှုချင်းရီသည် စိတ်ထဲမှာ အဆင်မပြေတော့ပေ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဒီလိုငွေပမာဏတစ်ခုတည်းနဲ့ တန်ဖိုးဖြတ်လိုက်ပြီလား? သူမ၏ပါးစပ်ထဲက စားနေသည့် အစားအသောက်မှာတောင် အရသာမရှိတော့ပေ။ ဒီမှာထိုင်ကာ သူတို့ငွေရေးကြေးရေး ပြောနေကြတာကို နားမထောင်ချင်တော့သဖြင့်
“အားနာပင်မယ့် သန့်စင်ခန်းခနသွားလိုက်ဦးမယ်”
ရှုချင်းရီသည် အပြင်ကိုပြန်ထွက်မလာချင်သောကြောင့် သန့်စင်ခန်းထဲမှာသာ အချိန်အကြာကြီးထိုင်နေခဲ့သည်။ သူတို့နှစ်ယောက်က ငွေရေးကြေးရေး ပြောနေကြတာကို သူမလုံးဝနားမထောင်ချင်ပေ။ သူတို့လုပ်နေသည့်ပုံက သူမအား ကုန်ပစ္စည်းတစ်ခုလိုပင်။ ထို့နောက် မှန်ထဲက သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ ထိုမှန်ထဲက သူမသည် အပြုံးတစ်ပွင့်မှ မရှိပေ။ မျက်တွင်းတွေကလည်းကျနေကာ သူမကိုယ်သူမ တခြားသူတစ်ယောက်ကို မြင်နေရသလို ဖြစ်နေသည်။
သူမမှတ်ညဏ်တွေကို ပြန်ရလာရင်ရော? သူမသည် မော့ဟန်ဆီကို ပြန်သွားလို့ရမှာ မဟုတ်တော့ပေ။ ဘာဖြစ်လို့ ပြန်သွားချင်နေရတာလဲ? သူမသာ မရှိလျှင် မော့ဟန်၏ဘဝမှာ ချောမွေ့နေမှာဖြစ်သည်။ သူမသာ မရှိလျှင် သူအရင်တုန်းကလို တည်ငြိမ်ကာ ငြိမ်းချမ်းသည့် ဘဝကို ပြန်ရနိုင်မှာဖြစ်သည်။
ထို့နောက် သူမမှန်ထဲကိုကြည့်ရင်း သက်ပြင်းချမိသည်။ ထို့နောက် သူမမျက်နှာကိုသူမ ပြန်ရိုက်လိုက်ကာ ဆက်မတွေးဖို့ သတိပေးလိုက်ရသည်။
သူမအပြင်ကိုထွက်လာသည့်အခါ အရှေ့က ယောက်ျားလေး သန့်စင်ခန်းအပေါက်ဝတွင် မော့ဟန်သည် နံရံကိုမှီကာ ဆေးလိပ်သောက်နေသည်။ သူ့၏မျက်လုံးတွေက ဆေးလိပ်ငွေ့တွေမှာပဲ ဖြစ်ကာ သူ့အား အလန့်တကြားကြည့်နေသည့် ရှုချင်းရီဆီမှာ မရှိပေ။
ရှုချင်းရီသည် မော့ဟန်ဆီမှ ဆေးလိပ်နံ့ကိုရသည့်အခါ မျက်မှောင်ကျုံလိုက်သည်။ သူ့အား သူမဒီလိုတွေ့ရသည့်အခါ ဘာပြောရမှန်းမသိသောကြောင့် ဘာမှမမြင်လိုက်သလို ကျော်ထွက်သွားရန် လုပ်လိုက်သည်။
“ငါ့ကိုမြင်တာတောင် မနှုတ်ဆက်နိုင်တော့ဘူးလား?”
မော့ဟန်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း မေးသည်။
ရှုချင်းရီက လှည့်ကြည့်ကာ မနည်းပြုံးလိုက်ပြီး
“ဒီလိုပါပဲ။ ဘာပြောရမလဲ မသိလို့”
“ဘာပြောရမှန်းမသိဘူးလား? မင်းနဲ့မတူတော့သလိုပဲ”
မော့ဟန်က ပြုံးကာ
“အရင်တုန်းက စကားအရမ်းများတာပဲ”
“လူတွေက ပြောင်းလဲတက်တယ်”
“ဒါဆိုရင် မင်းပြောင်းလဲသွားတာ အရမ်းမြန်လွန်းတယ်။ ၁၀ရက်ပဲရှိသေးတာကို”
ရှုချင်းရီက ဘာပြန်ဖြေရမှန်းမသိတာကြောင့် ပြုံးသာပြလိုက်သည်။
သူမမှာ အရင်တုန်းကလို သွက်လက်ကာ သူ့အားစွာတေးလန်စွာ ပြန်ပြောနေတက်သည့် ရှုချင်းရီနှင့် မတူတော့ဘဲ အရမ်းတိတ်ဆိတ်ကာ ငြိမ်သက်နေသည်ကို မော့ဟန်က တွေ့လိုက်ရသည်။ သူသည် ဆေးလိပ်မီးကို ဘေးကကျောက်စားပွဲပေါ်တွင် သတ်လိုက်ပြီးနောက်
“သူမင်းကို အနိုင်ကျင့်လား?”
မော့ဟန်က အသံနှိမ့်ကာ မေးလိုက်သည်။
ရှုချင်းရီက ခေါင်းကိုမော့ကာ မော့ဟန်အား ပြန်ကြည့်လိုက်သော်လည်း ဘာကိုဆိုလိုမှန်း မသိသောကြောင့် ခေါင်းကိုခါလိုက်ကာ
“ဟင့်အင်း အကုန်အဆင်ပြေပါတယ်”
မော့ဟန်က ခပ်ချေချေပြုံးလိုက်ကာ
“ဒါဆိုရင် သူနဲ့အတူအိပ်ရာဝင်ရတာက မင်းစိတ်ပါတယ်လား?”
ရှုချင်းရီက သူ့အားမယုံနိုင်ဖွယ်ကြည့်ရင်း
“ဘာကိုပြောနေတာလဲ?”
“အရင်အတိတ်ဟောင်းကို ပြန်ရောက်သွားတာနဲ့ အကုန်လုံးကို မှတ်မိတာနဲ့ မင်းယောက်ျားနဲ့ တန်းရင်းနှီးသွားတယ်လား? လူရှေ့သူရှေ့မှာတောင် လက်မကိုင်ဘဲ မနေနိုင်ကြတော့ဘူးလား?”
ဟန်လျန်က သူမလက်အပေါ်က အုပ်ကိုင်၍ အကျီစကို ကူထုတ်ပေးနေသည့် မြင်ကွင်းကို မြင်ယောင်မိသည့်အခါ ဒေါသထွက်လာကာ သူမအား ဒီလိုပြင်းပြင်းထန်ထန် ပြောလိုက်သည်။
ရှုချင်းရီက
“ယုံတောင် မယုံနိုင်ဘူး။ ဒီလိုမျိုးပြောထွက်လိမ့်မယ့်နေ့ကို ဒီလိုရောက်လာမယ်ဆိုတာ”
ရှုချင်းရီမှာလည်း ဒေါသထွက်သွားကာ မော့ဟန်နှင့် ဆက်စကားမပြောချင်တော့သဖြင့် ချက်ချင်းလှည့်ထွက်သွားသည်။ သို့သော် မော့ဟန်က သူမလက်ကို လှမ်းဆွဲထားသည်။
“လက်ကိုလွှတ်”
သူမသည် အားရှိသမျှဖြင့် ရုန်းကာ အသံကိုနှိမ့်ပြောသည်။
“မလွှတ်နိုင်ဘူး”
မော့ဟန်က သူမကိုကြည့်ကာ ပြောသည်။