May Honey Logo May Honey
Previous Next

၁၈၀။ မတော်တဆအနမ်း

ရှုချင်းရီမှာ ရင်ဘက်ထဲတွင် ခဲလုံးကြီးဖြင့် ဆွဲချခံလိုက်ရသလို ဖြစ်သွားသည်။
‘ပြန်တွဲသွားကြတာတော့ မဟုတ်ကြဘူးမလား?’

မော့ဟန်က ဘာကိုမှမပြောဘဲ သူမကိုသာ စိုက်ကြည့်နေသည်။

ရှုချင်းရီက မော့ဟန်ကို မကြည့်တော့ဘဲ ဒေါသထွက်နေသည့် လေသံဖြင့်
“ဘာပဲဖြစ်ဖြစ် သူနဲ့တော့ ခင်ခင်မင်မင် မနေနိုင်ဘူး။ ကျေးဇူးပြုပြီး ချိန်းတွေ့ဖြစ်ရင် ညီမလေးကို မခေါ်နဲ့။ သူကအပြစ်မရှိအပြစ်လိုက်ရှာပြောလိမ့်မယ်”

“ဒါဆိုရင် ဘာဖြစ်လို့ စိတ်တိုနေတာလဲ?”

“စိတ်မတိုပါဘူး!”
ရှုချင်းရီက ပြန်အော်သည်။

“စိတ်မတိုဘူးဆိုရင် ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ?”

“စိတ်မတိုပါဘူး ဆိုနေမှ!”
ရှုချင်းရီက ခနငြိမ်ကျသွားပြီးနောက်
“သွားအိပ်တော့မယ်။ မနက်ဖြန်မနက် အတန်းချိန်ရှိတယ်”

“ငါတို့ပြန်မတွဲဖြစ်ပါဘူး။ သူ့ကိုသေချာပြောပြီးသား”

“ညီမလေးနဲ့ ဘာဆိုင်လို့လဲ။ အိပ်တော့မယ်”

“ဒါကနောက်ဆုံးအကြိမ်တွေ့တာ။ သူကလာနှုတ်ဆက်သွားတာ”

“ကိုကြီးတို့ကြားမှာ ဘာပဲဖြစ်ဖြစ် ညီမလေးကို ဘာမှလာပြောနေစရာ မလိုပါဘူး”

“ဒါပင်မယ့် ပြောပြချင်တယ်လေ”
မော့ဟန်က ဆွဲဆောင်မှုပြည့်နေသည့် အသံဖြင့် ရှုချင်းရီအား သေချာစိုက်ကြည့်ကာ ပြောသည်။ ရှုချင်းရီမှာ မော့ဟန်၏ဒီလိုအကြည့်တွေထဲတွင် နစ်မြုပ်သွားသလို ဖြစ်သွားသည်။ ဒီလိုအကြည့်မျိုးကို သူမအရင်တုန်းက မြင်ဖူးသလိုပင်။

“အများကြီးတွေးမနေနဲ့။ အိပ်တော့”
မော့ဟန်က ပြောသွားသည်။

ရှုချင်းရီမှာလည်း မော့ဟန်၏အကြည့်တို့ဖြင့် မရင်ဆိုင်ရဲသောကြောင့် တံခါးပိတ်လိုက်သည်။ ထို့နောက် မီးကိုလည်း ပိတ်လိုက်ကာ အမှောင်ထဲတွင် သူမ၏ရင်ခုန်သံကို နားထောင်နေမိသည်။

နောက်ရက်များတွင် မော့ဟန်သည် နိုင်ငံတကာစီးပွားရေးပူးပေါင်းမှု သဘောတူညီချက် စာချုပ်အတွက် တရားရေးရာအကြံပေးအဖြစ် တာဝန်ယူရသည်။ အကယ်၍ ဒီစာချုပ်သာ အောင်မြင်သွားလျှင် တစ်နှစ်လုံးအတွက် သူ့ဝန်ထမ်းများ၏လစာကို သူစိတ်ပူစရာ မလိုတော့ပေ။

ထို့ကြောင့် ရှုချင်းရီအား ချက်ပြုတ်မကျွေးနိုင်တော့ဘဲ အလုပ်တွေ အရမ်းရှုပ်လာသည်။ သူသည် ကွန်ပျူတာရှေ့တွင် စာရိုက်လိုက်၊ အခြားရှေ့နေများဖြင့် video chatဖြင့် အစည်းအဝေးလုပ်လိုက်၊ စာဖတ်လိုက်ဖြင့်သာ အိမ်တွင်လည်း အလုပ်ရှုပ်နေတော့သည်။

ရှုချင်းရီကလည်း အလိုက်သိစွာ သွားမနှောင့်ယှက်ပေ။ တစ်ရက်တွင်တော့ သူမသည်ထုံးစံအတိုင်း ရုပ်ရှင်ထိုင်ကြည့်နေရင်းမှ အိမ်စာလုပ်ရန်ရှိသည်ကို သတိရသွားသည်။ ထို့ကြောင့် သူမ၏အခန်းထဲသို့ ဝင်သွားသည်။

သို့သော် စာအုပ်သည် ဗီဒိုအပေါ်သို့ ရောက်နေသည်။ ရှုချင်းရီသည် ဘယ်လိုလုပ် စာအုပ်က ထိုအပေါ်သို့ရောက်နေသလဲဆိုတာကို လုံးဝသတိတော့ပေ။ သူမသည် ခြေဖျားထောက်ကာ ယူသော်လည်းမမီပေ။ ခုန်ကြည့်သော်လည်း မရဖြစ်နေသဖြင့် အနားကခုံကိုယူကာ ခုံပေါ်သို့တက်ပြီး ယူလိုက်သည်။ စာအုပ်ရသော်အခါ သူမသည်ပျော်ချိန်တောင်မရဘဲ ခုံပေါ်ကပြုတ်ကျတော့သည်။

“အား!!!”
ရှုချင်းရီသည် ကြမ်းပြင်ပေါ်တွင် လဲကျနေကာ ခြေထောက်မှာလည်း နာလွန်းလို့ ချွေးတောင်ပြန်လာသည်။

မော့ဟန်က သူမ၏အသံကိုကြားသည့်အခါ အခန်းထဲမှ ချက်ချင်းပြေးထွက်လာသည်။
“ဘာဖြစ်တာလဲ?”

ရှုချင်းရီက သူမ၏ခြေထောက်ကို လက်ညိုးထိုးပြကာ
“ခြေထောက်! ခြေထောက်!”

မော့ဟန်က သူမ၏ခြေထောက်ကို ထိလိုက်သည့်အခါ
“မထိနဲ့! ခနလေး နာလိုက်တာ!”

“ဘယ်လိုဖြစ်တာလဲ?”
မော့ဟန်က အရမ်းစိတ်ပူနေပုံရသည်။

“ခုံပေါ်ကပြုတ်ကျတာ ခုံနဲ့ကြိတ်မိသွားတယ်”

“ခုံပေါ်ကို ဘာတက်လုပ်တာလဲ?”

“ဘာဖြစ်လို့ ဆူနေတာလဲ? စာအုပ်က အဲ့ဒီအပေါ်မှာရောက်နေတာ။ မမီလို့ ခုံနဲ့တက်ယူတာ”

“မမီဘူးဆိုရင်လည်း ငါ့ကိုခေါ်လိုက်ပါလား?”

“အလုပ်လုပ်နေတယ်မလား? ကိုယ့်ဟာကိုယ်ယူလည်း ရနေတာကို”
မော့ဟန်က ကြမ်းပြင်ပေါ်တွင် နာလွန်းလို့ အံ့ကြိတ်ထားသည့် ရှုချင်းရီကို ကြည့်လိုက်ကာ လေသံပျော့သွားပြီး
“လှုပ်လို့ရော ရရဲ့လား?”

ရှုချင်းရီက နာနေခြင်းကို အောင့်ခံကာ လှုပ်ကြည့်သည်။ သူမလှုပ်ရသည့်အတွက် အရိုးကိုတော့ ထိသွားတာ မဟုတ်လောက်ပေ။ ထိုအခါမှ သူမစိတ်သက်သာရာရသွားကာ
“အဆင်ပြေတယ်ထင်တယ်”

“ဒီလိုယောင်နေတာကို ဘာအဆင်ပြေတာလဲ?”

“ခုနတုန်းကလောက် သိပ်မနာတော့ပါဘူး။ နည်းနည်းသက်သာသွားပြီထင်တယ်”

မော့ဟန်က သူမကိုထူပေးကာ
“လမ်းရောလျှောက်နိုင်လား?”

ရှုချင်းရီက မော့ဟန်ကိုတွဲကာ လျှောက်ကြည့်လိုက်သည်။ ခုနတုန်းကလောက်တော့ သိပ်မနာတော့ပေ။
“အိပ်ရာပေါ်မှာထိုင်လိုက်။ ငါသေချာကြည့်လိုက်မယ်”

ရှုချင်းရီက ကုတင်ပေါ်တွင် ထိုင်လိုက်သည့်အခါ မော့ဟန်က သေချာကြည့်ပေးသည်။ သူကဖိလိုက်သည့်အခါ
“မနာဘူးလား?”

ရှုချင်းရီသည် အိပ်ရာကိုရိုက်လိုက်ကာ
“နာတယ်! နာတယ်! ယောင်နေမှတော့ မနာဘဲနေပါ့မလား?”

“ဆေးရုံကိုသွားကြမယ်”

ရှုချင်းရီက သူ့ကိုအမြန်တားကာ
“သွားဖို့မလိုပါဘူး။ ယောင်ရုံလေးတင်ပါ။ ဒီမှာကြည့် ခြေထောက်က လှုပ်ရတယ်လေ”

သူမသည် မော့ဟန်အား ခြေထောက်ကို လှုပ်ပြလိုက်သည်။

“ယောင်နေပြီဆိုမှတော့ သွားပြရမှာပေါ့”

“ဒါဆိုရင်လည်း မနက်ဖြန်မှပဲ။ အခုကနောက်ကျနေပြီ။ ညီမလေးလည်း မလှုပ်ချင်တော့ဘူး။ အိမ်မှာဆေးရှိတယ်မလား?”

မော့ဟန်က သူမကိုဘာမှမပြောဘဲ ဆေးရုံသို့သာ ခေါ်သွားမည့်ပုံရသည်။

“ကိုကြီးကလည်း. . .ဆေးပဲသွားယူပေးပါနော်။ ထင်သလောက်ကြီး မဆိုးပါဘူး”
ရှုချင်းရီက မော့ဟန်၏အကျီစလေးကိုဆွဲကာ ချွဲလိုက်သည်။

မော့ဟန်က သတိပေးသည်။

“အင်း။ မနက်ဖြန် မသက်သာရင်တော့ ဆေးရုံသွားရမယ်။ ကိုယ့်စကားကိုယ်တည်”

မော့ဟန်က ဆေးယူလာကာ သူမအားသေချာလိမ်းပေးသည်။ အနည်းငယ်နာသော်လည်း ရှုချင်းရီ၏ရင်ထဲတွင် နွေးထွေးသွားကာ မော့ဟန်ကို ပြုံးကာ ကြည့်နေသည်။ ထို့နောက် မော့ဟန်အား စတော့သည်။

“ဟယ် ဒီမှာ ကိုကြီးခေါင်းမှာ ဆံပင်ဖြူထွက်နေတယ်”

မော့ဟန်ကတော့ သူမကိုဆေးသေချာဝင်အောင် နှိပ်ပေးလို့သာ နေသည်။

“အသက်၃၀မှာ ဆံပင်ဖြူထွက်နေတာ မစောလွန်းဘူးလား?”

ရှုချင်းရီက ရယ်နေကာ
“သေချာတွေးကြည့်ရင် ညီမလေးက ၂၁နှစ်ပဲ ရှိသေးတာ။ အသက်က အရမ်းကွာနေတာပဲ”

“ငါ့ကိုအိုပြီလို့ ပြောနေတာလား?”

ရှုချင်းရီက ထပ်ရယ်ကာ
“အိုပြီလို့ ဘယ်သူကပြောလို့လဲ? အသက်၃၀က မအိုသေးပါဘူး။ ဘဝစရုံပဲ ရှိသေးတာ။ ကိုကြီးက အိုတယ်ဆိုရင်တောင် ဖြတ်လတ်လို့ပါ”

မော့ဟန်က သူမဆေးလိမ်းပေးနေသည်ကို ဖိလိမ်းလိုက်သည့်အခါ ရှုချင်းရီသည် နာသွားပြီး
“ဖြည်းဖြည်းလုပ်ပါ”

သူမသည် မော့ဟန်ကိုရွဲ့ကာ မရှိသည့်ဆံပင်ဖြူကို ဆွဲနှုတ်ပေးတော့မည့်ပုံဖြင့်
“ငြိမ်ငြိမ်နေ။ ကိုကြီးမြင်ရအောင် နှုတ်ပေးမယ်”

မော့ဟန်က သူမကိုဆေးလိမ်းပေးနေရင်းက
“ဆံပင်ဖြူတွေ့တာနဲ့ ငါကအိုပြီလား? မင်းစကားတွေကလည်းကွာ”

ရှုချင်းရီက ဆက်စချင်သေးသဖြင့်
“ခြေထောက်ကို ဆက်လိမ်းမပေးနဲ့တော့။ မျက်နှာကို ကြည့်ရအောင်။ မျက်လုံးထောင့်မှာ အရည်တွန့်နေတာကို ကိုကြီးသတိမထားမိတာ နေမယ်”

မော့ဟန်က သူမ၏ခြေထောက်ကိုလွှတ်လိုက်ကာ ခေါင်းမော့လိုက်ပြီး
“ဒါဆိုရင်လည်းကြည့်”

“အင်း အင်း ကြည့်ပေးမယ်”
ရှုချင်းရီသည် သူ့မျက်နှာအနားသို့ကပ်ကာ သူ့မျက်လုံးထဲကို စိုက်ကြည့်နေသည်။ ထို့နောက် သူမသည် မော့ဟန်၏မျက်နှာကို ကိုင်လိုက်ကာ မျက်လုံးနားကိုထိရင်း အလွန်တရာနူးညံ့သည့်အသံဖြင့်
“တကယ် နည်းနည်းတွန့်နေပြီ”

မော့ဟန်က သူမကိုကြည့်နေမိသည်။ သူတို့နှစ်ယောက်သည် အရမ်းနီးကပ်နေသောကြောင့် သူမရှုထုတ်လိုက်သည့်လေက သူ့မျက်နှာအထက်တွင် ဖြတ်ပြေးနေသည်။ သူမသည် သဘောတကျဖြင့် ဖွေးနေသည့် သွားလေးများပေါ်အောင် ရယ်နေသည်။ မော့ဟန်သည် စိတ်မထိန်းနိုင်တော့ဘဲ သူမ၏နှုတ်ခမ်းကို နမ်းလိုက်သည်။

ရှုချင်းရီသည် မရယ်နိုင်တော့ဘဲ တောင့်သွားသည်။ သူမသည် ကြောင်ကြည့်နေသောကြောင့် မော့ဟန်မှာ ထပ်နမ်းချင်လာသည်။ သို့သော်လည်း သူမစိတ်ဆိုးမှာ ကြောက်သောကြောင့် မလုပ်ရဲတော့ပေ။

ရှုချင်းရီက သူ့ကိုကြည့်ကာ မေးသည်။
“အလုပ်သွားမလုပ်သေးဘူးလား?”

ရှုချင်းရီက သူ့ကိုတွန်းထုတ်လိုက်သဖြင့် မော့ဟန်သည် ဘာပြန်ပြောရမလဲ မသိပေ။ ရှုချင်းရီက
“အလုပ်သွားလုပ်လေ။ အရေးကြီးတဲ့ကိစ္စမလား? ကိုကြီးအလုပ်ကို နှောင့်နှေးအောင် လုပ်နေမိပြီ”

မော့ဟန်က သူမစိတ်ဆိုးသွားသလား မဆိုးဘူးလား မသိတော့သော်လည်း
“တောင်းပန်ပါတယ်. . .ရုတ်တရပ် မထိန်းလိုက်နိုင်ဘူး. . .”

“အလုပ်မြန်မြန်ပြီးမှ စောစောအိပ်ရမှာပေါ့။ အလုပ်သွားလုပ်လေ”

ရှုချင်းရီ၏အမှုအယာသည် ပုံမှန်လိုသာ ဖြစ်သည်။ သူမသည် ခြေထောက်ကို ကုတင်ပေါ်တင်ကာ စောင်ခြုံလိုက်ပြီးနောက်
“အိပ်တော့မယ်”

မော့ဟန်က သူမကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်သည်။ ကြမ်းပြင်ပေါ်က ဆေးများကို ယူပြီးနောက် သူမအခန်းတံခါးကိုပိတ်ပေးကာ ထွက်လာသည်။ သူ့၏ခုနတုန်းက လုပ်ရပ်ကို သူနောင်တရနေမိသည်။ သူမက သူ့ကိုပါးမရိုက်လိုက်သလို ပြန်လည်းနမ်းမလာသဖြင့် သူစိတ်စောလွန်းသွားသည်ဟု ခံစားရသည်။ သူမ၏အမှုအယာက သူ့ကိုစိတ်မဆိုးဘူးမလား? ဒါပင်မယ့် ကြိုက်ပုံလည်းမရဘူး။ မော့ဟန်သည် သူရှင်းခဲ့သည် အမှုများထက် ခက်ခဲလွန်းသည့် ပြဿနာဖြင့် ကြုံနေရသလို ခံစားနေရပြီ။

နောက်နေ့တွင် ရှုချင်းရီသည် ဘာမှမဖြစ်ခဲ့သလို မနက်စာလာစားသည်။ သူမသည် တခြားစိတ်ဝင်စားစရာ အကြောင်းများကို ရယ်မောကာ ပြောပြနေသည်။

“ခြေထောက်က သက်သာလား?”
မော့ဟန်က မေးလိုက်သည်။

ရှုချင်းရီက ခြေထောက်ကိုဆန့်ပြကာ
“အခုသက်သာနေပြီ။ ကြည့်ပါလား မယောင်တော့ဘူး”

သူမသည် ခြေထောက်ကို လှုပ်ပြကာ
“မနေ့ကတော့ အရမ်းနာနေပင်မယ့် အခုမနက်နိုးလာတော့ လုံးဝမနာတော့ဘူး”

“အရမ်းလှုပ်လှုပ်ရှားရှားလုပ်မနေနဲ့ဦး”

“အင်း။ ဂရုစိုက်ပါ့မယ်။ နောက်ရက်နည်းနည်းလောက် ဆက်လိမ်းလိုက်ရင် လုံးဝကောင်းသွားလောက်မယ်”

ရှုချင်းရီက မေးသည်။
“စာချုပ်ကိစ္စကရော ဘယ်လိုလဲ? အရမ်းခက်တာလား?”

“အဆင်ပြေနေပါပြီ။ ငါတို့ပြီးတော့မှာ။ ဘာမှမထူးရင် နောက်အပတ်လောက်ဆို ပြီးပြီ”

“အင်း။ ပြီးသွားရင် ပျော်ပွဲရွှင်ပွဲလုပ်ပေးမှာလား?”

“လုပ်မှာ။ ဒါပင်မယ့် ငါကလူများတာကို မကြိုက်တော့ လျူဇီယွမ်ကိုပဲ စီစဉ်ခိုင်းမှာ။ ငွေကတော့ ငါပဲရှင်းမှာပေါ့”

“ဝိုး ကောင်းလိုက်တဲ့သူဌေး”
ရှုချင်းရီက
“ညီမလေးလည်း လိုက်စားချင်တယ်”

သူမက ထပ်ပြောသည်။
“ရုံးကလူတွေနဲ့ မတွေ့ရတာတောင်ကြာတော့ သတိရနေပြီ။ ညီမလေးလည်း လိုက်လို့ရတယ်မလား? သူတို့ကလည်း ညီမလေးနဲ့ သိတာပဲလေ”

“အင်း နောက်ဆိုရင် လိုက်ချင်ရင်လည်း ပြောလေ”
မော့ဟန်က သူ့ထက်တောင် သူတို့ရုံးကပွဲများကို သူမဘာကြောင့် လိုက်ချင်နေလဲ မသိသော်လည်း လိုက်ခွင့်ပြုလိုက်သည်။

Previous Chapter 180 of 199 Next