May Honey Logo May Honey
Previous Next

၉၁။ ဖက်ပေးထားချင်တယ်

“အဲ့ဒီအချိန်တုန်းက ငါဘာလုပ်ခဲ့သလဲ သဲသဲကွဲကွဲမမှတ်မိတော့ဘူး။ ငါငိုနေမိခဲ့မယ်လို့တော့ ထင်ရတာပဲ”
မော့ဟန်က ခေါင်းခါရင်း ဆက်ပြောသည်။

“အဲ့ဒီနောက်ပိုင်းမှာ ကုမ္ပဏီက လူတိုင်းရဲ့အရှေ့မှာ နွေးထွေးတဲ့လူကောင်းတစ်ယောက်လို ထင်ရတဲ့ ငါ့အဖေက လူမသိသူမသိ ဆေးစွဲနေခဲ့တယ် ဆိုတာကို သိလိုက်ရတယ်။ အမေကတော့ သိပြီးပုံရတယ်။ ဒီလိုဆေးစွဲနေတာကြောင့် အမေက အဖေကို ဆေးတွေ ဆက်မသုံးခိုင်းတဲ့နောက်မှာတော့ အဖေက သူ့ကိုယ်သူမထိန်းဖြစ်သွားပြီး အမေ့ကိုရိုက်နှက်ခဲ့တဲ့အထိ ဖြစ်သွားခဲ့တာ”

“နောက်နေ့မှာတော့ သူတို့က အရင်လိုပဲ ပြန်နေကြတယ်။ မိဘဆရာတွေ့ဆုံပွဲတွေဆိုရင်လည်း သူတို့က လက်တွဲပြီး အတူတူတက်ကြတယ်။ ငါ့သူငယ်ချင်းတွေကို ငါနဲ့အဆင်ပြေအောင် နေကြဖို့ပြောတယ်။ ဆရာတွေနဲ့လည်း ငါ့ကျောင်းကိစ္စတွေကို ဆွေးနွေးကြတယ်”

“ဒါပင်မယ့် ဒါတွေအားလုံးရဲ့ အနောက်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူက သိမှာလဲ? အဖေဆေးသုံးနေတာကိုငါသိသွားတဲ့အကြောင်းကို သူတို့သိသွားတဲ့နောက်မှာ သူတို့အပြုအမူတွေက ပိုထိန်းမရသိမ်းမရ ဖြစ်လာတယ်။ ငါ့ကိုချုပ်ချယ်တာမျိုးမလုပ်ဘဲ လွတ်လပ်မှုတော့ အပြည့်အဝပေးကြပါတယ်။ အဖေက ဆေးဆက်သုံးနေပြီးတော့ အမေကတော့ ဆက်မသုံးတော့ဖို့ အမြဲတမ်းဆူနေတက်တယ်။ အဖေကတော့ အမေ့ကို ပြန်ရိုက်နှက်လိုက်တာပဲ”

“အဖေဆေးသုံးပြီးတော့ တစ်ကိုယ်လုံးတုန်နေတဲ့အချိန် ပြုံးတဲ့အပြုံးကို မင်းဘယ်တုန်းကမှ မြင်ဖူးမှာ မဟုတ်ဘူး။ ဒါကဘယ်လိုမှ တကယ်မေ့မရတာမျိုးပဲ”
မော့ဟန်၏ အသံမှာ အနည်းငယ်တုန်လာသည်။

“တစ်ခါတုန်းက အဖေက သူ့ဆေးသုံးနေတုန်း ငါကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့အချိန်မှာ ငါ့ကိုရော သုံးကြည့်ချင်လားလို့ မေးဖူးတယ်”

ရှုချင်းရီက သူမလက်ကို မော့ဟန်၏လက်ပေါ်တင်လိုက်ကာ သူ့ကိုမကြည့်ဘဲ မနေနိုင်ဘူး။

မော့ဟန်က သူမကိုလှည့်ကြည့်လိုက်သည်။ သူမလက်ကိုတော့ ဖယ်ပစ်ခြင်း မရှိဘဲ စကားဆက်ပြောသည်။
“အမေက အဖေ့ကို နောက်ဆုံးတော့ လက်လျှော့ခဲ့တယ်။ ဒါပင်မယ့် မကွာရှင်းခဲ့ဘူး။ ငါသိတာကတော့ အမေက အဖေ့ရဲ့ပိုင်ဆိုင်မှုတွေကို လိုချင်သေးလို့ပဲ။ အမေက အဖေမရှိရင် ဘာမှမဟုတ်ဘူး။ အဖေ့ငွေတွေသုံးပြီး အပြင်မှာ တခြားယောက်ျားတွေ ရှာတော့တာပဲ။ တစ်ယောက်ပြီးတစ်ယောက် အိမ်ကသူတို့အိပ်ရာပေါ်ကို ခေါ်လာတယ်။ အဲ့ဒီနောက်မှာတော့ အဖေက အမေ့ကိုရိုက်တယ်။ အဲ့ဒီလိုပဲ သံသရာက လည်နေတော့တာ”

ရှုချင်းရီက သူ့စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်းက သူ့လက်ကို ကိုင်ထားပေးလိုက်သည်။

“အထက်တန်းကျောင်းပြီးသွားတာနဲ့ ငါသူတို့ကို သွားပြောခဲ့တယ်။ ဒီနေ့ကစပြီး ငါကသူတို့သားမဟုတ်တော့သလို သူတို့ကိစ္စတွေထဲကို ဝင်မပါတော့ဘူးလို့။ အပြန်အလှန်အနေနဲ့ ငါ့ဘဝကိုလည်း သူတို့ဝင်မစွက်ဖက်ဖို့ မျှော်လင့်ရတာပါပဲ”

ရှုချင်းရီက မော့ဟန်၏လက်များမှာ အေးစက်ကာ အနည်းယ်တုန်ရီနေသည်ကို ခံစားမိသည်။ သူဘယ်လောက်ပဲ သူ့ခံစားချက်များကို ဖုံးကွယ်ထားပါစေ ခံစားချက်ဆိုတာမျိုးက ကျန်နေစမြဲပင်။

သူမက မော့ဟန်၏လက်များကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ့လက်များကို ပြန်နွေးသွားစေချင်သည့် စိတ်ဖြင့်ဖြစ်သည်။ မော့ဟန်၏ မျက်လုံးများထဲသို့ သူမမကြည့်မိရန် သူမကိုယ်သူမထိန်းထားလိုက်သည်။ မော့ဟန်ကလည်း သူမကိုကြည့်စေချင်မှာ မဟုတ်လောက်ပေ။

“ရုံးဖွင့်တဲ့ပိုက်ဆံတွေအကုန်လုံးက ငါတက္ကသိုလ်တက်တုန်းက ရှာထားတာတွေပဲ။ ဒါပင်မယ့် အဖေ့ကိုတော့ ကျေးဇူးတင်ရမယ်။ သူကအောင်မြင်တဲ့ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်လေ။ လူတွေက ငါကသူ့သားမှန်းသိကြပြီးတော့ ငါ့ဟာငါကြိုးစားနေတာ သိကြတာနဲ့ ငါ့ကိုနည်းမျိုးစုံနဲ့ လွယ်ကူအောင် ကူညီပေးကြတယ်။ ငါတက္ကသိုလ်တက်နေတုန်းက ငါ့မိဘတွေက ငါ့ကိုတစ်ခါလေးတောင် လာမတွေ့ကြဘူး။ ငါ့အကောင့်ထဲကိုတော့ ငွေကိုလွှဲပေးပင်မယ့် ငါလုံးဝမထိခဲ့ဘူး”
မော့ဟန်၏မျက်နှာတွင် ခပ်ချေချေအပြုံးတစ်ခု ပေါ်လာသည်။

“ငါသူတို့ကို တကယ်တော့ နားလည်ပါတယ်။ အဖေက ဆေးစွဲသွားကတည်းက အရင်လူမဟုတ်တော့ဘူး။ သူက ငါ့ကိုသူနဲ့ဝေးဝေးမှာ နေစေချင်တယ်။ အဲ့ဒါမှ သူ့လျို့ဝှက်ချက်ကို သူဖုံးနိုင်မယ်ထင်တာ။ ပြီးတော့ အမေကရော ဘာထူးလဲ? သူအပြင်ကခေါ်လာတဲ့ယောက်ျားတွေကို သူ့မှာ အသက်ကြီးတဲ့သား ရှိနေမှန်းကို မသိစေချင်ဘူးလေ”

“ငါအခု သူတို့ကို ဘာဖြစ်လို့ မပြောတာလဲဆိုတာ မင်းသိလောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြောစရာအကြောင်းမှ မရှိတာ။ သူတို့က ဂရုစိုက်မှာလည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ရည်းစားဟောင်း။ သူကတော့ မတော်တဆပါ။ သူပြန်လာပြီးတော့ မင်းကိုသိသွားလိမ့်မယ်လို့ ငါလုံးဝမထင်ခဲ့တာ”
မော့ဟန်က ရှုချင်းရီအား ကြည့်ကာ ပြောလိုက်သည်။ ရှုချင်းရီက ခေါင်းကိုငုံနေကာ သူ့ကိုမော့မကြည့်ခြင်းကတော့ ဆိုးပါသည်။

မော့ဟန်မမျှော်လင့်မိခဲ့သည်ကတော့ ရှုချင်းရီက နောက်တစ်စက္ကန့်ကြာသည့်အခါ သူ့အားဖက်ထားလိုက်ခြင်းပင် ဖြစ်သည်။

Previous Chapter 91 of 199 Next