May Honey Logo May Honey
Previous Next

၁၇၉။ ပြန်တွဲကြမယ်

ရှုချင်းရီက ဘာမှဖြစ်မသွားသောကြောင့် သူမ၏လက်နှစ်ဖက်ကိုခါကာ ပြန်ထရန် လုပ်သည့်အချိန်တွင် မော့ဟန်က သူမအားလာထူပေးသည်။ သူမက ရှန်ယို့ကို ဒေါသတကြီး ကြည့်လိုက်ကာ
“ရန်ဖြစ်ချင်နေတာလား?”

“နင်က ငါ့နဲ့ရန်ဖြစ်ချင်သေးတယ်လား? အရှက်မရှိတဲ့ စနိုက်ကျော်မ!”
ရှန်ယို့က ပြောသည်။

ရှုချင်းရီမှာတော့ ဒါကိုကြားသည့်အခါ သူမမေးတောင်ပြုတ်ကျသွားသည်။ ထို့ကြောင့် သူမသည် ပြန်ပြောတော့သည်။
“မူလတန်းကျောင်းကို ပြန်သွားပြီး ဘယ်စကားက ဘာကိုပြောတာလဲဆိုတာ ပြန်သင်လိုက်ပါဦး”

“နင်ဘာစကားပြောတာလဲ?”

“ဘာကိုပြောရမှာလဲ ဦးနှောက်ကိုသုံးလို့။ ဦးနှောက်ဆိုတာ သူများကို အပြစ်လျှောက်တင်ဖို့ မဟုတ်ဘူး။ စဉ်းစားဖို့! သူများကို စနှိုက်ကျော်လို့ ပြောသင့်မပြောသင့် ဦးနှောက်နဲ့ တွေးကြည့်လေ”
ရှုချင်းရီက သူမအား ဦးနှောက်မရှိသည့်အရူးမဟု သွယ်ဝိုက်ကာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

“ဒီမှာ အမကြီး ကိုကြီးနဲ့ ပျက်သွားမှတော့ သူ့ဟာသူ နောက်တစ်ယောက်ထားပြီး ဘာပဲလုပ်လုပ် အမနဲ့ဆိုင်တာ မဟုတ်ဘူး! ကိုကြီးကို မကြိုက်တော့ရင် သူများကိစ္စကို ဝင်ရှုပ်မနေဘဲ ကိုယ့်လမ်းကို သွားပါတော့။ ကိုကြီးကို ကြိုက်နေသေးတယ်ဆိုရင်လည်း ပြန်တွဲဖို့ တောင်းပန်ပါလား။ ကိုယ့်ကိုယ်ကို မြင့်မြတ်ပြီး သိက္ခာရှိသူကြီးလို လာလုပ်မနေနဲ့”
ရှုချင်းရီသည် ဒေါသထွက်လွန်း၍ မရပ်မနားပြောတော့သည်။

ရှန်ယို့တော့ ဘာမှပြန်မပြောနိုင်ဘဲ သူမကို ငေးနေသည်။ မော့ဟန်မှာလည်း ရှုချင်းရီ၏ ဒေါသထွက်လွန်း၍ အသက်ရှုဖို့တောင် မနားဘဲ တရစပ်ပြောနေသည်ကို တအံ့တသြကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် မော့ဟန်သည် အရမ်းရယ်ချင်လာသည်။

“ကျွန်မကို အမဘာများ ထပ်ပြောချင်ဆဲချင်သေးလဲ? နောက်တစ်ခေါက် ထပ်တွေ့လို့ ကျွန်မကို ဒီလိုထပ်ပြောမယ်ဆိုရင် အမနဲ့ကျွန်မတွေ့တော့မယ်”
ရှုချင်းရီက ရှန်ယို့ကို စိုက်ကြည့်ကာ ပြောသည်။

ရှန်ယိုသည် ဘာပြန်ပြောရမလဲ မသိတော့ပေ။ ရှုချင်းရီမှာ သူမအား လှည့်တောင်မကြည့်တော့ဘဲ မော့ဟန်အား
“ပြန်ရအောင်။ ဒီမှာဘာလုပ်ဖို့ ဆက်နေမှာလဲ? အိမ်ပြန်ပြီး ရေချိုးချင်တယ်”

ဒီတစ်ခေါက်မှာတော့ ရှုချင်းရီသည် မော့ဟန်၏အရှေ့ကနေ ဦးဆောင်ကာ ထွက်သွားသည်။ သူတို့နောက်တွင်တော့ ရှန်ယို့သည် ထိုဆိုင်ထဲမှာပဲ ဒေါသတကြီး ကျန်ခဲ့တော့သည်။

သူတို့အိမ်ပြန်ရောက်သည့်တိုင်အောင် ရှုချင်းရီသည် ရှန်ယို့၏စကားများကြောင့် ဒေါသထွက်ဆဲဖြစ်သည်။ သူမသည် ဖိနပ်ကို ချွတ်ပြီးလိုက် ဒေါသတကြီးပိတ်ကန်လိုက်ကာ
“ရေသွားချိုးတော့မယ်”

ရှုချင်းရီက ရေချိုးခန်းသို့ ဝင်ကာနီးတွင် မော့ဟန်ကို လှည့်ကြည့်ကာ
“တကယ်လို့ ကိုကြီးရှန်ယို့နဲ့ နောက်နောင် ထပ်တွေ့ရင် ညီမလေးကို ပြောမပြပါနဲ့။ ပြီးတော့လည်း တကယ်လို့. . .ပြန်တွဲဖြစ်ကြတယ်ဆိုရင်တောင်မှ ညီမလေးကို သူနဲ့ခင်ခင်မင်မင်နေဖို့ လာမပြောပါနဲ့။ သူနဲ့ ညီမလေးတော့ လုံးဝဖြစ်မှာ မဟုတ်ဘူး. . .ဘယ်တော့မှ”

“အများကြီးလျှောက်တွေးနေတာပဲ။ ငါတို့က ပျက်သွားကြပါပြီ”

“ဘာပဲဖြစ်ဖြစ်. . .ဒီလိုမျှော်လင့်ရတာပါပဲ။ သူနဲ့ညီမလေးက အရင်တုန်းကရော အခုရော နောင်လည်း တည့်မှာမဟုတ်ဘူး”
ရှုချင်းရီက ပြောပြီးသည်နှင့် ရေဝင်ချိုးတော့သည်။

နောက်နေ့တွင် မော့ဟန်သည် ရုံးမှာအလုပ်လုပ်နေတုန်း မသိသည့်ဖုန်းနံပတ်တစ်ခုက သူ့ဖုန်းကို ခေါ်လာသည်။ သူသည် ဖုန်းကို အသံပိတ်လိုက်ကာ အလုပ်ဆက်လုပ်သည်။ ထိုဖုန်းက တရစပ်ခေါ်နေသော်လည်း မော့ဟန်ကတော့ အလုပ်ကိုပဲ ဆက်လုပ်နေသည်။ အခြားရှေ့နေတစ်ယောက်ဆီက လိုအပ်သည့် စာရွက်စာတမ်းကို သွားယူပြီးနောက် ပြန်လာသည့်အခါတွင် သူ့ဖုန်းကို ၁၀ကြိမ်ခေါ်ထားသလို စာလည်းအစောင်၃၀လောက် ပို့ထားသည်။

ဘယ်သူလဲဆိုသည်ကို သူတွေးကြည့်နေစရာတောင် မလိုပါပေ။ ထို့ကြောင့် သူဖုန်းကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ကာ အလုပ်ဆက်လုပ်တော့သည်။ မော့ဟန်သည် အလုပ်ဆင်းမည့် ညနေအထိ ဖုန်းကိုတစ်ချက်လေးတောင် မကြည့်တော့ပေ။

မော့ဟန်သည် အလုပ်ကို နောက်ကျသည့်အထိ ရုံးတွင် မလုပ်တော့ပေ။ ရှုချင်းရီက အိမ်သို့စောစောပြန်ရောက်တက်ကာ သူ့ကိုလည်း မုန့်ဝယ်လာခိုင်းတက်သည်လေ။ ထို့ကြောင့် မော့ဟန်သည် အလုပ်တို့ကို အချိန်မှီအပြီးသတ်လိုက်သည်။ အကယ်၍ အလုပ်တချို့ကျန်လျှင်လည်း အိမ်သို့သယ်သွားသည်။

သူ့ရုံးခန်းထဲကထွက်သည့်အခါ မော့ဟန်သည် ရုံးအဝင်ဝတွင် ရပ်စောင့်နေသည့် ရှန်ယို့ကို တွေ့လိုက်သည်။ သူမအား သူစိမ်းတစ်ယောက်လို တစ်ချက်သာကြည့်ပြီးနောက် မော့ဟန်သည် ခြေလှမ်းများကို အရှိန်မလျှော့ဘဲ ဖြတ်သွားသည်။

“ငါတောင်းပန်ပါတယ်. . .”
ရှန်ယို့က မနေ့ကလို အပြုအမှုများ လုံးဝမရှိတော့ဘဲ နောက်ကနေ လှမ်းပြောသည်။

“ဒီစကားတွေက ငါ့ကိုပြောရမှာ မဟုတ်ဘူး”
မော့ဟန်က သူမကို လှည့်မကြည့်ဘဲ ပြောသည်။

ရှန်ယို့က လက်ကိုလိုက်ဆွဲကာ
“ငါမှားမှန်း သိပါတယ်။ ငါပြန်လာတော့ ငါအရမ်းမှားမှန်း သိသွားတယ်။ နင်တို့က အတွဲတွေမဟုတ်ဘဲ ငါအထင်လွဲမိတာပါ။ မနေ့ကလို မလုပ်သင့်ဘူးဆိုတာ ငါသိပါတယ်။ ငါနင့်ကို လက်မလွှတ်နိုင်လို့ပါ။ ငါတောင်းပန်ပါတယ်. . .ငါ့ကိုယ့်ငါ မထိန်းလိုက်နိုင်ဘူး”

မော့ဟန်က ခေါင်းခါရင်း သူ့လက်ကိုမလိုက်ကာ
“ကျေးဇူးပြုပြီး နင့်လက်ကို ဖယ်ပေးစမ်းပါ။ ငါတို့က လမ်းခွဲပြီးသား”

“မော့ဟန် . . . ငါတို့အချိန်အကြာကြီးတွဲခဲ့တာမလို့ နင်ငါ့အပေါ်ခံစားချက် ကျန်သေးတယ်မလား? ငါ့ကိုအခွင့်အရေးပေးပါနော်. . .”
ရှန်ယို့က သူ့အားတောင်းပန်နေသည်။

“ရှန်ယို့ ငါတို့လမ်းခွဲလိုက်ကတည်းက ငါတို့ကြားမှာ ဘာမှထပ်မဖြစ်နိုင်တော့ဘူးဆိုတာ နင်နားလည်သင့်တယ်”
မော့ဟန်က ထွက်သွားချင်နေပြီ။

သို့သော်လည်း ရှန်ယို့က သူ့အားနောက်ကနေ သိုင်းဖက်လိုက်ကာ
“ငါနင့်ကို အရမ်းလွမ်းနေတာ. . .ငါတောင်းပန်ပါတယ်ဟာ. . .ငါအရမ်းလွမ်းလို့ပါ. . .နင်ထားသွားကတည်းက အရမ်းလွမ်းနေမိတာ. . .”

“ငါအားနာပင်မယ့် နင်နဲ့လမ်းခွဲပြီးကတည်းက ငါ့ဘဝရဲ့နေ့တိုင်းက သာယာလာပြီ”
မော့ဟန်ကပြောပြီးနောက် သူမ၏လက်ကိုဖယ်လိုက်ကာ
“ရှန်ယို့ ငါသိတဲ့နင်က ယုံကြည်မှုအပြည့်ရှိတဲ့သူပါ။ အခုလို အရှက်သိက္ခာမဲ့တဲ့လုပ်ရပ်မျိုးကို လုပ်မယ့်သူ မဟုတ်ပါဘူး”

ရှန်ယို့သည် စိတ်နှင့်လူမကပ်သည့်အလား နောက်ကနေ မေးသည်။
“နင်သူ့ကို ချစ်သွားပြီလား?”

“ဟုတ်တယ်။ ငါသူ့ကိုချစ်နေမိပြီ။ ဒါပင်မယ့်လည်း ဒါကလည်း ငါတို့လမ်းခွဲပြီးမှပါ။ ငါတို့ကြားကကိစ္စက သူနဲ့ဘာမှမဆိုင်ဘူး”
မော့ဟန်ကပြောသည်။ သူနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ရှန်ယို့က ငိုနေသဖြင့် သူ့၏လေသံက ပျော့သွားကာ
“ရှန်ယို့ ငါတောင်းပန်ပါတယ်။ ငါမပြောရင်တောင်မှ ငါတို့ကြားမှာ ဘာမှမရှိတော့ဘူးဆိုတာကို နင်နားလည်သင့်တယ်။ ငါတို့လမ်းခွဲလိုက်ကတည်းက ငါတို့ကြားမှာ ဘာမှမရှိတော့ဘူး”

“ဒါပင်မယ့်. . . ငါနင့်ကို တကယ်ချစ်တာ. . .”

“ငါသွားတော့မယ် ရှန်ယို့”
မော့ဟန်က မျက်နှာကိုလက်အုပ်ကာ ငိုနေသည့် ရှန်ယို့ကို ကြည့်ပြီး
“စိတ်ငြိမ်သွားမှ ပြန်လိုက်တော့။ ရုံးကလူတွေကို မင်းဒီမှာ ခနနေလို့ရအောင် ရုံးတံခါးဖွင့်ခိုင်းထားမယ်”

မော့ဟန်သည် အိမ်ကိုပြန်ရောက်သည့်အခါ ရှုချင်းရီက ရေချိုးပြီး၍ ဧည့်ခန်းထဲက ဆိုဖာအောက်ကအခင်းတွင်ထိုင်ကာ ရုပ်ရှင်ကြည့်နေသည်။ သူမသည် မော့ဟန်ပြန်လာသည်ကို ကြားသော်လည်း ရုပ်ရှင်မှ မျက်လုံးက မခွာနိုင်ဘဲ
“ပြန်လာပြီလား”

မော့ဟန်က သူ့အိတ်ကိုချကာ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးသွားယူပြီးနောက် ဆိုဖာပေါ်တွင် လာထိုင်သည်။

“မီးဖိုချောင်ထဲမှာ စားစရာတွေရှိသေးတယ်။ စားချင်လား?”

“ဘယ်ကဝယ်လာတာလဲ?”

ရှုချင်းရီက သူ့အားဂုဏ်ယူသည့် အပြုံးကြီးဖြင့် လှည့်ကြည့်ကာ
“ညီမလေးကိုယ်တိုင်လုပ်ထားတာ”

မော့ဟန်က မီးဖိုချောင်ထဲကို သွားကြည့်သည့်အခါ အိမ်ဟင်းတို့ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မော့ဟန်က
“ဘာဖြစ်လို့ ထချက်နေတာလဲ?”

“အတန်းကစောစောပြီးသွားတော့ အိမ်မှာပျင်းနေတာ။ ကိုကြီးပဲ အမြဲချက်ကျွေးနေတော့ ညီမလေးလည်း ချက်ကြည့်ချင်လာလို့။ စမ်းကြည့်လိုက်တာ”

ရှုချင်းရီက ရုပ်ရှင်ကို မကြည့်တော့ဘဲ သူ့အားမျက်လုံးတောက်တောက်လေးများဖြင့် လှည့်ကြည့်လာကာ
“စားကောင်းလား?”

မော့ဟန်က စားကြည့်လိုက်ကာ
“မဆိုးပါဘူး”

သို့သော်လည်း ရှုချင်းရီက နှုတ်ခမ်းဆူသွားကာ
“ဘာလဲ မကောင်းဘူးလို့ ပြောချင်တာလား?”

“ငါချက်တာကို မမှီသေးဘူး”
မော့ဟန်က တူကိုမချဘဲ သူမချက်ထားသည်ကို စားရင်းက ပြောသည်။

“ညီမလေးချက်တာကို မကြိုက်ဘူးဆိုရင်လည်း နောက်ဆိုရင် ကိုကြီးပဲ ဆက်ချက်တော့”
ရှုချင်းရီက ရုပ်ရှင်ပဲ ပြန်ကြည့်သွားသည်။

မော့ဟန်ကတော့ ရယ်နေသည်။ ထို့နောက်
“ထမင်းရော?”

“ရှိတယ်။ အိုးထဲမှာ ကိုယ့်ဟာကိုယ်ပြန်နွေးစားလိုက်”
ရှုချင်းရီက စိတ်တိုစွာ ပြောသည်။

မော့ဟန်က ထမင်းစားနေသည့် အချိန်တွင် ရှုချင်းရီက ရုပ်ရှင်ကြည့်နေသည်။ အိမ်ထဲတွင် နွေးနွေးထွေးထွေးရှိသည့် ပျော်ရွှင်ဖွယ် အခြေအနေမျိုး ဖြစ်သည်။

မော့ဟန်က ထမင်းစားပြီးသည့် အချိန်တွင်ပဲ အိမ်တံခါးကို ခေါက်လာသည်။ ရှုချင်းရီမှာ သူမကြည့်နေသည့် ရုပ်ရှင်ကောင်းခန်းကို ရောက်နေသဖြင့် မော့ဟန်ကိုသာ သွားဖွင့်စေသည်။

မော့ဟန်က တံခါးသွားဖွင့်လိုက်သည့်အခါ ရှန်ယို့ကို တွေ့လိုက်ရသည်။

ရုပ်ရှင်ကြည့်နေသည့် ရှုချင်းရီသည် ဘာအသံမှ မကြားသဖြင့် မော့ဟန်အား လှမ်းအော်မေးသည်။
“ဘယ်သူလဲ?”

တံခါးအပြင်ဘက်တွင် စကားပြောနေသံများကို ခပ်တိုးတိုးကြားနေရသလို မော့ဟန်ကလည်း ပြန်ဝင်မလာသဖြင့် ရှုချင်းရီမှာ ထူးဆန်းသလို ခံစားရသည်။ သို့သော်လည်း သူမထိုင်နေသည့်နေရာမှ အပြင်ကိုမမြင်ရသဖြင့် သူမသည် ဘာဖြစ်နေသလဲ ထသွားကြည့်လိုက်သည်။ သူမမြင်ရသည့်နေရာရောက်သော် သနားစဖွယ် နီရဲကာစိုရွှဲနေသည့် မျက်လုံးများဖြင့် ရှန်ယို့ကို တွေ့လိုက်ရသည်။

“မော့ဟန်ကို ပြောစရာရှိလို့ပါ။ ပြောပြီးရင် ငါပြန်မှာပါ”
ရှန်ယို့က ပြောသည်။

ရှုချင်းရီက ပုခုံးတွန့်ပြကာ အထဲသို့ ပြန်လျှောက်သွားရင်း အော်ပြောလိုက်သည်။
“ဧည့်ခန်းထဲမှာ စကားလာပြောကြပါလား။ အခန်းထဲကို ဝင်နေပေးမှာမလို့”

သူမသည် အခန်းထဲကိုရောက်သည့်အခါ ဒေါသထွက်လာသည်။ ရှန်ယို့၏ပုံစံကို ကြည့်ရသည်မှာ မော့ဟန်နှင့် တွေ့ပြီးသား ဖြစ်လောက်သည်။ ဒါပင်မယ့် ဘယ်မှာ တွေ့တာလဲ? သူတို့ပြန်တွဲကြတော့မလို့လား? တွေးလေလေ ရှုချင်းရီသည် စိတ်တိုလာလေလေ ဖြစ်နေသည်။ ထို့ကြောင့် သူမသည် တံခါးကိုနားကပ်ကာ သူတို့ဘာပြောနေကြသလဲကို ခိုးနားထောင်ကြည့်သော်လည်း ဘာကိုမှ မကြားရပေ။ ထို့နောက် သူမ၏အခန်းတံခါးကို ခေါက်သည့်အခါ ရှုချင်းရီသည် တံခါးဖွင့်ပေးလိုက်သည်။

“ပြန်သွားပြီ”
မော့ဟန်က ပြောသည်။

“ဒီလောက်မြန်တယ်လား?”

“အင်း။ တစ်ခွန်းနှစ်ခွန်းပြောပြီး ပြန်သွားတာပဲ”

“ကိုကြီးတို့နှစ်ယောက် ပြန်တွဲကြတော့မလို့လား?”

မော့ဟန်က သူမကိုကြည့်ကာ
“ငါတို့ပြန်တွဲဖြစ်မှာကို စိတ်ပူနေတာလား?”

ရှုချင်းရီက မော့ဟန်၏အကြည့်များကို ရှောင်ကာ
“နောက်ပိုင်း သူနဲ့ခင်အောင် နေခိုင်းမှာကို စိုးရိမ်တာပါ”

“ဘယ်လိုထင်လဲ?”
မော့ဟန်က သူ့၏ပျော်နေသည့်အရိပ်များကို ဖုံးကွယ်ကာ မေးသည်။

“သိရင်မေးနေပါ့မလား? ညီမလေးကို မေးမနေနဲ့။ ပြန်တွဲဖြစ်လား မဖြစ်ဘူးလား ဒါပဲသိချင်တာကို”

“ငါတို့ပြန်တွဲဖြစ်တယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ?”
မော့ဟန်က တံခါးကိုမှီကာ သူမကိုကြည့်ရင်း မေးလိုက်သည်။

Previous Chapter 179 of 199 Next