၈၈။ အလုပ်ထပ်မလုပ်နဲ့တော့
“ဆေးရုံက ကိုကြီးရပ်တဲ့နေရာနဲ့ သိပ်မဝေးပါဘူး။ ဘာဖြစ်လို့ ဆေးရုံကိုဖုန်းဆက်ပြီး သူတို့ကို အလုပ်ရှုပ်အောင် လုပ်ရမှာလဲ”
မော့ဟန်က သူမနှင့် စကားပြောနေရင်းဖြင့် စွပ်ပြုတ်ကို စားလိုက်သည်။ ထို့နောက်တွင်တော့ သူအကုန်လုံး စားနိုင်သွားခဲ့သည်။ စားပွဲပေါ်တွင် စွပ်ပြုတ်ခွက်ကို ချထားရင်းဖြင့် ရှုချင်းရီနှင့် စကားပြောနေမိသည်။
ပိုင်ယုက ပြန်ရောက်လာသည့်အခါ တံခါးဝတွင်မှီရင်း သူတို့နှစ်ယောက် စကားပြောသည်ကို ပြုံးပြုံးကြီး ကြည့်နေသည်။ ပြီးမှ သူ့ဆီလျှောက်လာကာ ဖိုင်များအား မော့ဟန်ကို ပစ်ပေးလိုက်ပြီး
“မော့ဟန်ကို မကြိုက်တဲ့သူရှိလာမယ့်နေ့ကို ဒီလိုရောက်လာမယ်လို့ ငါမထင်ခဲ့မိဘူး”
မော့ဟန်က သူ့အားတစ်ချက်ကြည့်ကာ
“မင်းမမြင်ဖူးတဲ့အရာတွေ အများကြီးရှိသေးတယ်”
ပိုင်ယု၏မျက်လုံးတွေက သေချာပေါက်ကို မော့ဟန်ဆီမှာမရှိဘဲ ရှုချင်းရီထံတွင်ပင်။ သူက မော့ဟန်၏ ကုတင်ဘေးက ရှုချင်းရီအား ပြုံးပြရင်း
“တကယ်ပဲ မော့ဟန်ရဲ့ ညီမလား?”
“ဟုတ်ကဲ့။ အရင်တုန်းက စားသောက်ဆိုင်မှာ တွေ့ဖူးပါတယ်”
ရှုချင်းရီ၏အသံမှာ မည်သည့်ခံစားချက်မှ မပါပေ။
ပိုင်ယုက ပြုံးကာ
“မှတ်မိသားပဲ”
ထို့နောက် သူကဆက်မေးသည်။
“ကြည့်ရတာ ငယ်မယ့်ပုံလေး။ အသက်ဘယ်နနှစ်လဲ? ကျောင်းတက်တုန်းလား?”
“အသက်၂၀ပါ။ တက္ကသိုလ်တက်နေတုန်းပါပဲ”
ပိုင်ယုက ရှုချင်းရီအား စေ့စေ့ကြည့်ရင်း သူမ၏အလှတွင် မြောသွားသည်။ ဘယ်တုန်းကမှ ဒီလိုဆံပင်အတိုဖြင့် မိန်းကလေးတစ်ယောက်မှာ တက်ကြွကာ သမင်လိုတောက်ပသည့် မျက်လုံးများရှိခြင်းအား သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
“တော်တော်လှတာပဲ။ ညီမရဲ့အကိုနဲ့ ပုံစံခြင်း မတူဘူးပဲ”
“ပိုင်ယု!”
မော့ဟန်က သူ့ကိုခပ်စိမ်းစိမ်းကြည့်နေစဉ်တွင် ရှုချင်းရီကလည်း သံသယဖြစ်စွာ သူ့အားကြည့်နေသည်။
“ပြောချင်တာက မင်းအကိုကခန့်တယ်ဆိုပင်မယ့် သူ့မျက်နှာကြီးက အမြဲတမ်းအုံမှိုင်းနေတာလေ။ မင်းကပိုကောင်းတယ်လို့”
ပိုင်ယုက စလိုက်သည်။
ရှုချင်းရီက မော့ဟန်ကို တစ်ချက်ကြည့်ပြီးနောက် ပိုင်ယုဘက်လှည့်ရင်း မဲ့ကာရွဲ့ကာပြောသည်။
“ညီမလည်း ကိုကြီးမျက်နှာကြီးက အမြဲအုံမှိုင်းနေတာ တော်တော်သည်းမခံနိုင်စရာပဲလို့ ခံစားမိတယ်။ ဒေါ်လာ၈သန်းလောက် အကြွေးတင်နေတဲ့ပုံကြီး”
သူမပြောတာကိုကြားသည့်အခါ ပိုင်ယုမှာ ဗိုက်ကိုနှိပ်ရင်း မထိန်းနိုင်မသိမ်းနိုင် ရယ်သွားသည်။
“ဟား ဟား မော့ဟန် မင်းညီမက တကယ်ပျော်ဖို့ကောင်းတာပဲ။ ငါ့ကိုမိတ်ဆက်ပေးပါလား!”
မော့ဟန်က အေးစက်သည့်အကြည့်ဖြင့်သာ ဖြေလေသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းကငါနဲ့ မိတ်ဆက်မပေးချင်ဘူးပဲ”
ပိုင်ယုမှာ အရှုံးပေးလိုက်သည်။
မော့ဟန်က ပိုင်ယုကိုကြည့်ကာ
“ဖိုင်ရပြီဆိုတော့ ဒီမှာမင်းလုပ်စရာ ဘာမှမရှိတော့ဘူး။ ပြန်တော့”
“မင်းက ငါ့ကိုဒီလိုမျိုး နှင်ထုတ်နေတာလား?”
ပိုင်ယုမှာ သူ့အားမယုံကြည်နိုင်ပေ။
“ငါဒီမှာမင်းနဲ့နေတာ ဘယ်လောက်ကြာသေးလို့လဲ တွေးကြည့်စမ်းပါ”
“အဲ့ဒါကြောင့် ပြန်ခိုင်းနေတာ”
မော့ဟန်၏ လေသံမှာ မပြောင်းမလဲပင်။
ပိုင်ယုက မျက်လုံးလှန်ကာသာ မော့ဟန်ကို ကြည့်နိုင်တော့သည်။
“ရတယ်။ ရတယ်။ ငါပြန်မယ်။ ငါပြန်မယ်. . . ဒါပင်မယ့် နောက်တစ်ခါ မင်းနေမကောင်းဖြစ်လို့ ငါ့ကိုလာစောင့်ခိုင်းရင်တော့ ငါစဉ်းစားရတော့မယ်”
မော့ဟန်က သူ့အားမော့တောင်မကြည့်ဘဲ ဖိုင်ကိုသာယူပြီး လှန်နေရင်းက ပြောလိုက်သည်၊
“သွားတော့”
ပိုင်ယုက ရှုချင်းရီအား မော့ဟန်ဘေးတွင် ချန်ခဲ့ရသည်ကို မနာလိုဖြစ်စွာဖြင့် ပြန်သွားသည်။ ရှုချင်းရီက မော့ဟန်မှာ နေမကောင်းသေးဘဲဖြင့် ဖိုင်တွေကို ကြည့်နေသည်ကို မြင်သည့်အခါ စိတ်ဆိုးစွာဖြင့်
“နိုးတာဖြင့် ဘယ်လောက်ကြာသေးလို့လဲ။ အလုပ်ပြန်လုပ်ဖို့ကို ဒီလောက်တောင် စိတ်မရှည်ဖြစ်နေတာလား?”
မော့ဟန်မှာ သူမ၏လေသံကြောင့် အနည်းငယ်အံ့သြသွားကာ ပြုံးလိုက်ပြီး
“ဒီတနေ့လုံး အလုပ်မလုပ်ရသေးဘူးလေ။ ဖိုင်တွေကို ခနလောက်ကြည့်ရုံတင်ပါ”
“ဒါလည်း အလုပ်လုပ်တာပဲလေ။ ကိုကြီးက အူအတက်ပေါက်သွားတာနော်။ နည်းနည်းလောက်လေး ကိုယ့်ကျန်းမာရေးကိုကိုယ် ဂရုစိုက်လို့မရဘူးလား?”
မော့ဟန်က နစ်မြောကျသွားလုမတက် သူမမျက်လုံးများကို အကြာကြီးကြည့်နေမိသည်။ ဒီကောင်မလေးက သူ့ကိုစိတ်ပူနေသည်ကို မြင်ရတော့ သူပြုံးမိနေလေပြီ။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ရင်ထဲတွင် နွေးထွေးသွားခြင်းဖြစ်သည်။ ဒီလိုနွေးထွေးမှုက သူ့ရင်ဘတ်ကို ပေါက်ကွဲသွားလုမတက် ပြည့်နှက်နေသည်။
သူကခပ်ဖွဖွပြုံးကာ ဖိုင်များကို လက်ထဲကချလိုက်ပြီး
“ရပ်ပြီ။ ရပ်လိုက်ပြီ။ နေကောင်းမှပဲ လုပ်ပါတော့မယ်ဗျာ”
ရှုချင်းရီက ဒီတစ်ခါ သူမစကားကို နားထောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
‘တခြားသူတွေပြောတော့ ကိုကြီးက သူများကို အာရုံသိပ်မစိုက်တက်ဘူးဆို?’