May Honey Logo May Honey
Previous Next

၁၄၅။ ခပ်ခွာခွာနေခြင်း

ရှောင်မေးက ရှုချင်းရီအား လွှတ်ပေးကာ သူမ၏မျက်ရည်များကို သုတ်ကာ ရှိုက်နေရင်းဖြင့်
“မမညန်ညန် ဗိုက်ဆာနေပြီလား?”

ရှုချင်းရီက သူတို့အနားမှခွာကာ မော့ဟန်၏အနားသို့ ကပ်လိုက်သည်။ ဟန်လျန်က သူမ၏အပြုအမူကို မြင်သည့်အခါ ရှုချင်းရီ၏လက်ကိုဆွဲပြီး သူ့အနားသို့ ပြန်ဆွဲလိုက်သည်။ ရှုချင်းရီက ဟန်လျန်မှာ သူမလက်ကိုဆွဲထားသဖြင့် ဖယ်ထုတ်ပစ်လိုက်ချင်သော်လည်း တင်းနေအောင် ဖမ်းကိုင်ထားသောကြောင့် သူမရုန်းမရဖြစ်နေသည်။ ရှောင်မေးက သူတို့နှစ်ယောက်၏ အပြုအမူများကို သံသယအပြည့်ဖြင့် ရပ်ကြည့်နေသည်။

“ဘာရပ်လုပ်နေတာလဲ? မီးဖိုချောင်ကို သတင်းသွားမပို့ဘူးလား?”
ဟန်လျန်က သူမလက်ကို လွှတ်မပေးသေးဘဲ ရှောင်မေးကို ပြောလိုက်သည်။

ရှောင်မေးက ဟုတ်သားပဲဟု ရေရွတ်ရင်း မီးဖိုချောင်ကို အပြေးအလွှားထွက်သွားသည်။

“မင်းလက်ကိုမလွှတ်သေးဘူးလား? သူ့လက်တွေရဲနေပြီ”
မော့ဟန်က ရှောင်မေးထွက်သွားကာမှ ပြောလာသည်။

“သတိပေးတာကို ကျေးဇူးတင်ပါတယ် ရှေ့နေကြီး။ ဒါပင်မယ့် ကျွန်တော့်မိန်းမကို ကျွန်တော်နာကျင်အောင် မလုပ်ပါဘူး”

“ဒါကတော့ သူ့ကိုယ်မှာ ဒဏ်ရာတွေ ဘယ်လိုလုပ်ရသလဲ ငါတို့မှ မသိရသေးတာ”
မော့ဟန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

“ဒါတွေက အရင်က! အခုထပ်မဖြစ်စေရတော့ဘူး”
ဟန်လျန်က ဒေါသထွက်သွားကာ လေသံမြင့်လာပြီး ရှုချင်းရီ၏လက်ကို ပိုတင်းအောင် ဖျစ်မိသွားသည်။

“ဟန်လျန် ရှင်ကျွန်မလက်ကို လွှတ်လိုက်တာ ကောင်းမယ်။ ကျွန်မ တကယ်နာနေပြီ”
ရှုချင်းရီက ပြောသည်။

ဟန်လျန်က သူမပြောသံကြားမှ သူမလက်ကို ကြည့်လိုက်သည့်အခါ သူအရမ်းဖျစ်ညှစ်ထားသောကြောင့် သူမလက်ပင် သွေးမလျှောက်ချင်သလို ဖြစ်နေသည်။ ထိုအခါမှ သူမလက်ကို ပြန်နှိပ်ပေးနေသည်။

“တောင်းပန်ပါတယ်။ ကိုယ်မရည်ရွယ်ပါဘူး”

ရှုချင်းရီက သူမလက်ကို ပြန်ဆွဲလိုက်ပြီး
“ရတယ်”

သူတို့သုံးယောက်က ဆိုင်၏အရှေ့ဆောင်က ကျော့ရှင်းလှသည့် အခန်းတစ်ခုသို့ သွားသည်။ အခန်းမှာ သစ်သားလျှောတံခါးလေးဖြင့်ဖြစ်ပြီး နီညိုရောင်ခန်းစီတို့ဖြင့် ကာထားသည်။ ထိုအခန်းမှာ ဂျပန်ပုံစံဖြင့် ဆင်လှသည်။ အခန်းအတွင်းတွင် သပ်ရပ်သန့်ရှင်းနေကာ စာအုပ်စဉ်နှင့် အလှပန်းအိုးတို့ဖြင့် တန်ဆာဆင်ထားသည်။ ထိုအခန်းမှာ စားသောက်ဆိုင်က အခန်းဆိုသည်ထက် ဧည့်ခန်းနှင့် ပိုတူနေသည်။

“အရင်တုန်းက ဒီအခန်းက ညန်ညန်အကြိုက်ဆုံးလေ။ ကိုယ်တို့က ဧည့်သည်တွေနဲ့ ပြည့်နေတဲ့ တခြားနေရာတွေကို မကြိုက်လို့ ဒီအခန်းကို VIPအဖြစ် သုံးကြတာ။ အဲ့ဒါနဲ့ ညန်ညန်ရဲ့ ကိုယ်ပိုင်အခန်းလေး ဖြစ်လာတော့တာပဲ”
ဟန်လျန်က ပြောပြသည်။

ရှုချင်းရီက အလင်းကောင်းစွာရသည့် ဒီအခန်းကို သေချာကြည့်လိုက်သည့်အခါ သူမသဘောကျသွားသည်။ ဒီအခန်းဟာ သူမနှင့်ရင်းနှီးသလို မခံစားရဘဲ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သော်လည်း ဒီလိုရိုးရှင်းကာ ကျော့ရှင်းသည့်ပုံစံမျိုးကို သူမနှစ်သက်သည်။ သို့သော်လည်း သူမဟာ အခြားကမ္ဘာတစ်ခုထဲသို့ ရောက်သွားသလိုပင်။

ရှုချင်းရီဟာ သူမနှစ်ခြိုက်ခြင်း အမူအယာကို လုံးဝထုတ်မပြဘဲ တည်ငြိမ်စွာပင် ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမတို့စားနေရင်းတွင် ရှုချင်းရီက အပေါ့သွားချင်လာသောကြောင့် ယောက်ျားနှစ်ယောက်ကိုထားကာ အိမ်သာထွက်သွားသည်။

ဟန်လျန်က အရင်စပြောသည်။
“ကျွန်တော်သိပါတယ်. . .ညန်ညန်က ခင်ဗျားကို အခုခင်တွယ်နေတယ်ဆိုတာ”

မော့ဟန်က ခေါင်းငုံကာ ဆက်စားနေရင်းက ပြုံးသွားရင်း
“ဟုတ်တယ်။ အဲ့လိုပြောလို့ရတယ်”

“သူက မကြာခင် ဒီကိုပြန်လာရမှာ။ အဲ့ဒါကြောင့် ခင်ဗျားတို့ နောက်ကျရင် ခပ်တန်းတန်းနေဖို့ မျှော်လင့်ပါတယ်”

“မင်းလူမှားပြောနေပြီ”

“ဘာကိုပြောချင်တာလဲ?”

“ခပ်တန်းတန်းနေသင့်တဲ့သူက မင်းပဲ”

“ခင်ဗျား ဘာစကားပြောတာလဲ? ညန်ညန်က ကျွန်တော့်မိန်းမ။ ကျွန်တော်တို့က ချစ်နေကြတာကို ခပ်တန်းတန်းနေစရာလား။ လာနောက်နေတာလား?”
ဟန်လျန်က ဒေါသထွက်လာသည်။

မော့ဟန်က လက်ဖက်ရည်တစ်ကျိုက်ကို မော့သောက်လိုက်ပြီး
“ဟာသတွေပဲ။ ငါမင်းပြောတာကို ဘယ်တုန်းကမှ မယုံခဲ့ဘူး။ မင်းပြတဲ့ လက်ထပ်စာချုပ်အပါအဝင်ပဲ။ ငါ့အတွက်ကတော့ စာရွက်စာတမ်းအတုတွေ အများကြီးမြင်ဖူးတယ်။ ငါတို့ကို ဒီမြို့ကိုခေါ်လာပြီး တခြားသူတွေရဲ့စကားကို နားထောင်ခိုင်းတာ မင်းအတွက် ဘာအကျိုးရှိလဲတော့ ငါမသိဘူး”

“ခင်ဗျားက ကျွန်တော်လိမ်တယ်လို့ ထင်နေတာလား”

“အဲ့လိုသဘောမျိုးပါပဲ”
မော့ဟန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

ဟန်လျန်က အေးစက်စွာပြုံးရင်း
“ရှေ့နေကြီး ပေါက်ကရတွေ အရမ်းတွေးမနေနဲ့။ ကြိုခန့်မှန်းလို့ မရတဲ့ကိစ္စတွေက အများကြီးရှိတယ်။ ခင်ဗျားစကားတွေက အရမ်းယုံကြည်မှု ရှိနေသလိုပဲ”

“သေချာတဲ့ကိစ္စတွေမှာပဲ ယုံတက်တယ်”
မော့ဟန်က ပြန်ပြောသည်။

Previous Chapter 145 of 199 Next