၁၇၀။ ငါ့ကိုမချစ်ဘူး
“လွန်ခဲ့တဲ့၂နှစ်တုန်းက တွေ့ခဲ့တဲ့သူက ကျွန်မဆိုတာ သေချာလား?”
သူမက မေးလိုက်သည်။
“အင်း။ အဲ့ဒီအချိန်တုန်းက မင်းနောက်ကျောက တက်တူးကို ငါတွေ့ခဲ့တယ်လေ”
ဟန်လျန်က ပြောသည်။
ထိုအခါမှသာ ရှုချင်းရီက အရင်တုန်းက သူပြောသည့်စကားများတွင် သူမ၏တက်တူးအကြောင်းပါသောကြောင့် ယုံမိသွားခြင်းကို ပြန်သတိရသွားသည်။
“အဲ့ဒီအချိန်တုန်းက မတွေ့ခဲ့ရင် မင်းကို ဒီလိုယုံအောင်လုပ်ဖို့ လွယ်မှာ မဟုတ်ဘူး”
ဟန်လျန်က ရယ်ကာ ပြောသည်။
ရှုချင်းရီက သူမ၏အကြောင်းများကို တွေးကြည့်လေလေ ပိုခေါင်းရှုပ်လေလေပဲ ဖြစ်သည်။ ထို့ကြောင့် သူမဆက်တွေးမနေတော့ဘဲ
“ဘာဖြစ်လို့ ကျွန်မကို ညန်ညန်ရဲ့ နေရာမှာ အစားထိုးဖို့လုပ်နေတာလဲ?”
ဟန်လျန်က အပြင်ဘက်ကလမ်းကို ကြည့်ရင်း
“ညန်ညန်ရဲ့အလောင်းဆိုတာကို တွေ့လိုက်ရတုန်းက ငါ့ဘဝက ပြီးဆုံးသွားပြီလို့ ထင်လိုက်တယ်။ သူကဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးပေါ့။ နောက်တော့ မင်းကိုလမ်းပေါ်မှာ တွေ့လိုက်တော့ ညန်ညန်ပြန်လာပြီလို့ ခံစားလိုက်ရတာ။ အဲ့ဒီအချိန်တုန်းက မင်းအမူအယာက သူနဲ့တစ်ပုံစံတည်းပဲ”
“အဲ့ဒီအချိန်တုန်းက ညန်ညန်က အိမ်ကိုပြန်လာနိုင်ပြီလို့ ငါထင်လိုက်မိတယ်။ မင်းတို့နှစ်ယောက်က ရုပ်ချင်းတူရုံတင်မဟုတ်ဘူး။ အမူအယာတွေကအစ တူနေတာ။ အဲ့ဒါကြောင့် ညန်ညန်လို့ပဲ ငါယုံထားလိုက်မိတာ. . .ဒါပင်မယ့် ငါမှားသွားတယ်”
သူကရှုချင်းရီကို လှည့်ကြည့်ကာ
“မင်းတို့အမေကတော့ မှန်တယ်။ မင်းတို့နှစ်ယောက်က ဘယ်တော့မှ တစ်ယောက်တည်းလို ဖြစ်နေမှာ မဟုတ်ဘူးတဲ့။ မင်းတို့က ဘယ်လောက်တူတူ မင်းကစုန်ညန်မူဖြစ်နေပြီးတော့ သူကတော့ စုန်ယွဲ့ညန်ပဲ”
“အမေက. . .ဘာဖြစ်လို့ ငါ့ကိုညန်ညန်အဖြစ်လို့ အိမ်ကိုခေါ်လာဖို့ သဘောတူရတာလဲ?”
ဟန်လျန်က ပြောသည်။
“မင်းတို့အမေက မင်းကိုလည်း ချစ်ပါတယ်။ သူ့သမီးတစ်ယောက် ဆုံးရှုံးသွားကတည်းက ကြောက်စိတ်ဝင်နေတာ။ နောက်တစ်ယောက်ကို ထပ်အဆုံးရှုံးမခံချင်တော့ဘူးလေ။ အရင်တုန်းက မင်းကပြန်လာဖို့ကို သဘောမှမတူတာ။ အတိတ်မေ့နေတာကို သူသိသွားတာနဲ့ ဒါကိုအခွင့်အရေးယူပြီး မင်းကိုအိမ်ပြန်ခေါ်လာစေချင်တာ။ မင်းက ဘယ်လိုပြန်လာပြန်လာ သူကပြန်လာတာကိုပဲ လိုချင်တာပါ”
ဟန်လျန်က စိတ်ငြိမ်သွားပုံရကာ ရှုချင်းရီကို ကြည့်ရင်း ထပ်ပြောသည်။
“မင်းတို့ညီအမနှစ်ယောက်နာမည်မှာ ညန်ပါနေတာကို သိတယ်မလား? တကယ်တော့ ညန်ညန်ဆိုတာက မင်းအိမ်နာမည်လေ။ အရင်တုန်းက ငါ့မိန်းမကိုယွဲ့ယွဲ့လို့ ခေါ်တာ။ နောက်ပိုင်း မင်းမရှိတော့မှ ညန်ညန်လို့ ပြောင်းခေါ်လိုက်ကြတာ”
ရှုချင်းရီက သူ့ကိုကြည့်လိုက်သည်။ သူပြောသည်ကို နားထောင်ပြီးသည့်တိုင်အောင် အကုန်လုံးက မှားယွင်းနေသေးသလို သူမခံစားနေရသည်။
“အမှန်ကိုသိသွားပြီဆိုပင်မယ့်လည်း မင်းပြန်လာဖို့ မျှော်လင့်ပါတယ်။ ညန်ညန်. . .သူကတော့ ပြန်လာနိုင်မှာ မဟုတ်တော့သလိုပဲ”
ဟန်လျန်က ခါးသီးစွာပြုံးလိုက်ရင်း
“ဒီတစ်ခါမင်းထွက်သွားရင် မင်းအမေက သူတစ်ယောက်တည်း ကျန်နေခဲ့တော့မှာ”
“ကျွန်မစဉ်းစားကြည့်လိုက်ပါ့မယ်
ဟန်လျန်က သူမကိုကြည့်ကာ
“တကယ်တော့ ငါမင်းကို တောင်းပန်စရာရှိတယ်”
ရှုချင်းရီက သူ့ကိုမော့ကြည့်လာတော့ ဟန်လျန်က
“ဟိုညက. . .အခန်းထဲမှာ မင်းကိုကြံစီမိတာ. . .ငါတကယ်တောင်းပန်ပါတယ်. . .အဲ့ဒီနေ့တုန်းက ငါညန်ညန်ကို အရမ်းလွမ်းနေခဲ့တာ. . .မင်းကလည်း သူနဲ့အရမ်းတူနေတော့. . .အဲ့လိုလုပ်လိုက်ရင် ငါ့ကိုချစ်လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အရင်လို ဘဝမျိုးကို ငါပြန်လိုချင်နေမိလို့။ ငါတကယ်တောင်းပန်ပါတယ်”
ရှုချင်းရီက ထိုအကြောင်းကို သူပြန်ပြောနေသည့်အခါ သူ့မျက်နှာကိုတောင် သူမမကြည့်ချင်တော့ပေ။ ထို့ကြောင့် ခေါင်းငုံရင်းဖြင့်
“ရပါတယ်”
“တကယ်တော့ မင်းရဲ့အခုပုံစံက ညန်ညန်နဲ့ တူလွန်းတယ်။ မတူတာဆိုလို့ ငါ့ကိုမချစ်တာပဲ”
အတိတ်ကိုလွမ်းဆွတ်နေသဖြင့် သူ့အသံက အက်ကွဲလာကာ
“သူကတော့ ငါ့ကိုအရမ်းချစ်ခဲ့တယ်”
“ငါသူ့ကိုစိတ်ပျက်စေမိပြီလား?”
ဟန်လျန်က ရှုချင်းရီကို ကြည့်ကာ မေးသည်။
ရှုချင်းရီက ခေါင်းခါကာ
“သူနားလည်ပေးမှာပါ”
ဟန်လျန်က ခပ်ယောင်ယောင်ပြုံးရင်း ဘာမှပြန်မပြောတော့ပေ။
“တစ်ရက်လောက် ကျွန်မကို သူ့ဆီခေါ်သွားပေးပါဦး”
ရှုချင်းရီက ပြောသည်။
ဟန်လျန်က
“မင်းအမေ ခေါ်သွားပေးလိမ့်မယ်။ ငါကတော့ သူ့ကို. . .ဘယ်မှာမြှပ်ထားလဲ မသိဘူး”
ဟန်လျန်က ခေါင်းကိုမော့ကြည့်လိုက်တော့ သူမ၏မျက်နှာက သံသယတွေကို မြင်သည့်အခါ
“သူ. . .ဆုံးသွားတဲ့နောက် ငါဘယ်တော့မှ သူ့ဆီကို မသွားဘူး။ သူအဲ့ဒီမှာ လှဲနေတာကို ငါမကြည့်ရဲလို့”
ရှုချင်းရီက
“အင်း ရှင့်ပြောသလိုလုပ်လိုက်ပါ့မယ်”
သူတို့သည် စားသောက်ဆိုင်ထဲတွင် အစားကို သိပ်မစားကြဘဲ စကားပြောနေကြသည်မှာ ကောင်းကင်ကြီးတောင် မှောင်လာသည့်အထိ ဖြစ်သည်။
ရှုချင်းရီက နာရီကိုကြည့်ကာ
“ကျွန်မပြန်ဖို့အချိန်ရောက်နေပြီ”
“ငါတို့မြို့ကို ပြန်လာဖို့ မတွေးတော့ဘူးလား? ငါ့ကြောင့်ဆိုရင်တော့ ငါတခြားအိမ်ကို ပြောင်းပေးပါ့မယ်”
ရှုချင်းရီက သူ့ကိုချက်ချင်းငြင်းလိုက်သည်။
“ဟင့်အင်း။ ကျွန်မဒီမှာပဲ နေချင်သေးတယ်။ အမေ့ကိုတော့ ကျွန်မကိုယ်စား ရှင်ပဲရှင်းပြပေးလိုက်ပါ။ ကျွန်မ တစ်ခါတစ်လေ လာလည်ပါမယ်လို့”
“ဒီမှာနေသားကျနေလို့လား?”
“ဖြစ်နိုင်ပါတယ်။ ကျွန်မနိုးလာကတည်းက ဒီမှာပဲနေတာဆိုတော့ ပြီးတော့လည်း ဒီမှာကျွန်မ ဆက်နေဖြစ်တော့မယ်လို့လည်း ခံစားနေရတယ်”
ရှုချင်းရီက ညကောင်းကင်ကြီးကို ကြည့်လိုက်ကာ
“ဒီမှာအရမ်းလှတယ်လို့ ရှင်မထင်ဘူးလား?”
ဟန်လျန်ကလည်း လိုက်မော့ကြည့်ကာ
“လှပါတယ်”
ထို့နောက် ရှုချင်းရီကို ပြန်ကြည့်လာပြီး
“ဒီမှာနေချင်တာ ဒီလိုလှတာတစ်ခုကြောင့်ပဲလား? တခြားအကြောင်းမရှိဘူးလား? ဉပမာ လူတစ်ယောက်ကြောင့်?”
ရှုချင်းရီက မော့ဟန်ကို သူရည်ညွန်းမှန်း သိလိုက်သော်လည်း ဒီမေးခွန်းအတွက် သူမတွင် အဖြေမရှိပေ။ ထို့ကြောင့် ရိုးသားစွာဖြင့်
“ကျွန်မလည်း မသိတော့ပါဘူး”
သူတို့နှစ်ယောက်ကြားတွင် ပြောစရာစကား သိပ်မရှိတော့ပေ။ ဟန်လျန်က သူမအား ပြန်လိုက်ပို့ချင်သော်လည်း သူမက တက်စီပဲစီးသွားမည်ဟု ပြောလိုက်သည်။ ဟန်လျန်၏ကားထွက်သွားမှ သူမသည် စိတ်ပေါ့သွားကာ တက်စီဌားလိုက်သည်။
တက်စီပေါ်တွင် သူမနာရီကြည့်လိုက်သည့်အခါ ည၉နာရီရှိနေပြီ။ သူမအိမ်ကို ပြန်ရောက်တော့ ၉နာရီခွဲရှိလောက်ပြီ။ ထို့ကြောင့် မော့ဟန်လည်း ပြန်ရောက်နေလောက်ပြီဟု ထင်လိုက်သည်။
သို့သော် သူမတံခါးဖွင့်ဝင်လိုက်သည့်အခါ အိမ်ထဲတွင် မှောင်နေသည်။ သူမမီးဖွင့်ကာ အိမ်ထဲတွင် မျက်စိဝေ့ကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ပေ။ မော့ဟန်က ပြန်မရောက်သေးပုံ ရသည်။
‘၈နာရီလောက်ဆို အိမ်ကိုပြန်ရောက်နေကြမလား?
ဒီနေ့ဘာဖြစ်လို့ ပြန်မလာတာပါလိမ့်?
အလုပ်ရှုပ်နေတာများလား?’
ရှုချင်းရီက သူမ၏အခန်းထဲသို့ မီးဖွင့်ပြီး ဝင်လာကာ ရေချိုးရန် ပြင်သည်။ သူမ၏ဗီရိုကိုဖွင့်ကာ အကျီယူလိုက်သည့်အချိန်တွင် သူမ၏အခန်းမှာ ပြောင်းလဲနေသည်ကို သတိထားမိသွားသည်။
သူမ၏စာကြည့်စားပွဲပေါ်ရှိ စာအုပ်များကို ကြည့်လိုက်သည့်အခါ ဉပဒေစာအုပ်များ ဖြစ်နေကာ သူမလှန်ကာ ဖတ်ကြည့်သော်လည်း နားမလည်ပေ။ ထို့ကြောင့် မော့ဟန်၏စာအုပ်များသာ ဖြစ်လိမ့်မည်။ ဒါပင်မယ့် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?
ကုတင်ဘေးတွင်လည်း အနက်ရောင်ညအိပ်မျက်လုံးကာကို တွေ့ရသည်။ ထိုအရာကလည်း သူမ၏ဟာ မဟုတ်ပေ။ ထို့အတူ သိပ်မကြာသေးသည့်အချိန်တုန်းက တစ်စုံတစ်ယောက်သောက်ထားသည့် ရေခွက်ကိုလည်း သူမတွေ့လိုက်ရပြန်သည်။
ရှုချင်းရီက သူမ၏အခန်းကို သေချာစစ်ကြည့်လိုက်သည်။ မော့ဟန်က ဒီမှာလာနေသလား? သူမသိသည်က မော့ဟန်သည် သူ့အခန်းထဲမှာ နေရသည်ကိုသာ ကြိုက်သည့်သူဖြစ်သည်ကို ဘာဖြစ်လို့ သူမအခန်းတွင် လာနေပါလိမ့်? သူက ဘေးက စာကြည့်ခန်းထဲတွင် အမြဲအလုပ်လုပ်နေတက်သည်မလား?
ရှုချင်းရီက ထပ်မတွေးချင်တော့ပေ။ ဒီတနေ့လုံး သူမဦးနှောက်ကို သုံးလာရသဖြင့် သူမပင်ပန်းနေပြီ။ သူမသည် ခေါင်းကိုခါလိုက်ကာ ဇတ်ကြောကို ဆွဲရင်းဖြင့် သူမ၏ညအိပ်ဝတ်စုံကိုယူကာ ရေချိုးခန်းအထဲသို့ သွားလိုက်သည်။
မော့ဟန်က သူမရေချိုးနေတုန်းမှာပဲ ပြန်ရောက်လာသည်။ သူအကျင့်ပါနေသည့်အတိုင်း မီးဖွင့်ရန် လက်လှမ်းလိုက်ပင်မယ့် မီးကလင်းနေသည်။ ဆိုဖာပေါ်တွင်လည်း ရှုချင်းရီ၏အိတ်ကို သူတွေ့လိုက်ရသလို အခန်းသော့ကို စားပွဲပေါ်တွင် တင်ထားသည်။ သူမ၏အခန်းမှာလည်း တံခါးပွင့်နေကာ မီးလည်းလင်းနေသည်။
မော့ဟန်က သူ့လက်ဆွဲအိတ်ကို ချလိုက်စဉ်တွင်ပဲ ရေချိုးခန်းမှ ရေကျသံကို ကြားလိုက်ရသည်။ သူမ၏အခန်းထဲသို့ သူဝင်ကြည့်လိုက်သည့်အခါ သူမ၏အခန်းသည် မနက်တုန်းကလိုပဲ ဖြစ်ကာ မီးလင်းနေသည်တစ်ခုပဲ ထူးလေသည်။ သူက ကုတ်အကျီကို ချွတ်လိုက်ပြီးနောက် နက်ကတိုင်ကို ဖြေလိုက်ကာ သူ့ရှပ်အကျီမှ ကြယ်သီးအပေါ်နှစ်လုံးလောက်ကိုလည်း ဖြုတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင်ထိုင်ရင်း သူမအားစောင့်နေလိုက်သည်။
သိပ်မကြာခင်မှာပဲ ရှုချင်းရီသည် ညအိပ်ဝတ်စုံလေးဖြင့် ဆံပင်ကိုသုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာသည်။ မော့ဟန်က သူမကုတင်ပေါ်တွင်ထိုင်နေသည်ကို မြင်သည့်အခါ သူမလန့်သွားသည်။
“ဒီမှာဘာလုပ်နေတာလဲ?”
သူမမေးလိုက်သည်။
“မင်းကိုစောင့်နေတာ”
မော့ဟန်က ဖြေသည်။
“ဘာဖြစ်လို့?”
“မနေ့ညကနဲ့ ဒီနေ့မနက် ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းပြလေ”
ရှုချင်းရီက သူ့ဘေးသို့ ဆံပင်သုတ်ရင်း လျှောက်လာကာ စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။ သူမသည် မျက်နှာကို အစိုဓာတ်ထိန်းခရင်လိမ်းနေပြီး
“ဒါကရှုပ်တယ်။ ဘယ်ကစပြောပြစေချင်လဲ?”
“အစဉ်အတိုင်းသာပြော”
ရှုချင်းရီက ပြုံးကာ
“ဒါဆိုရင်တော့ ပြောရခက်ပြီပဲ။ အရင်တုန်းကအကြောင်းတွေ ပြန်တွေးပါရစေဦး”
“ဘာလဲ? ပြန်မှတ်မိနေပြီလား?”
မော့ဟန်က ထရပ်ကာ သူမကိုကြည့်ရင်း မေးသည်။
“အကုန်မဟုတ်သေးပါဘူး”
ရှုချင်းရီက သက်ပြင်းချကာ
“ဒါပင်မယ့် အမှန်ကိုတော့ သိသွားပြီ”
သူမသည် မော့ဟန်အား လှည့်ကြည့်ကာ ဆံပင်ကို ဆက်သုတ်နေရင်းဖြင့်
“အရှင်းဆုံးပြောရရင် ညီမလေးက စုန်ယွဲ့ညန် မဟုတ်ဘူး။ သူ့ရဲ့အမွှာအမ စုန်ညန်မူ”
မော့ဟန်က မျက်မှောင်ကျုံသွားကာ
“အမွှာအမ?”
“အင်း။ ဟန်လျန်က ကျွန်မရဲ့ ညီမလေး သေသွားတာကို လက်မခံနိုင်ဘူး ဖြစ်နေတာ။ အဲ့ဒါကြောင့် ညီမလေးနဲ့တွေ့တော့ သူ့မိန်းမနေရာမှာ အစားထိုးဖို့ လုပ်လိုက်တာ”
မော့ဟန်က အေးစက်စွာ ပြောသည်။
“ငါအစကတည်းက မင်းကိုပြောသားပဲ။ သူက လူလိမ်ပါလို့။ ငါ့ကိုမယုံမှတော့ ငါလည်းဘာလုပ်နိုင်တော့မှာလဲ?”
“သူကလိမ်ဖို့ ကြိုးစားခဲ့တာပါ။ သူ့မိန်းမကြောင့် သူအသဲကွဲနေရှာတာ”
ရှုချင်းရီက စားသောက်ဆိုင်တွင် ဟန်လျန်၏ကြေကွဲနေပုံကို မြင်ယောင်ရင်း ပြောလိုက်သည်။
“အခုသူ့အတွက်တောင် ကာပြောပေးနေတာလား?”
မော့ဟန်က သူမအား မယုံကြည်နိုင်ဖွယ် ကြည့်လာသည်။
“သူကယုတ်မာတာ ဘာမှမလုပ်သလို ညီမလေးကိုလည်း ထိခိုက်အောင်မလုပ်ပါဘူး။ လူကောင်းလိုပါပဲ”
“ထိခိုက်အောင်မလုပ်ဘူး?”
မော့ဟန်က သူ့အား ဟန်လျန်ပြောသွားသည့် ညတိုင်းသူတို့အတူနေသည် ဆိုတာကြီးကို မေ့မရသေးပေ။
“ဒါဆိုရင်လည်း ဘာဖြစ်လို့ ပြန်လာသေးလဲ? ဟိုမှာပဲနေပါလား?”
မော့ဟန်၏လေသံက အေးစက်နေသည်။ ထို့ကြောင့် ရှုချင်းရီမှာ မော့ဟန်စိတ်ဆိုးသွားကြောင်းကို ချက်ချင်းသိလိုက်သည်။
“ပြန်မလာစေချင်လို့လား?”
ရှုချင်းရီက မေးလိုက်သည်။
“မင်းသဘောပဲလေ။ ငါကတားရတာမှ မဟုတ်တာ။ အခုဟိုဘက်မြို့ကို ပြန်သွားမယ်ဆိုရင်တောင် ငါဘာမှပြောရတာ မဟုတ်ဘူး။ ဒီမှာမင်းအိမ်ဖြစ်မနေခဲ့မှတော့ ဟိုဘက်မှာ မင်းအိမ်ရှိနေတာမလား?”
မော့ဟန်က ပြောသည်။