၇၆။ ပြတ်ရအောင်
သို့သော်လည်း မော့ဟန်က ဘာမှပြန်မဖြေလာဘဲ ပြောသည်မှာ
“နောက်ကျနေပြီ အိပ်တော့။ မနက်ဖြန်မှ ပြောကြရအောင်”
ရှန်ယို့က စကားဆက်မပြောတော့ပေ။ အဖြေကို သူမရင်ထဲကနေ သိပြီးသားဖြစ်သည်။
ထိုညက သူတို့တစ်ယောက်ကိုတစ်ယောက် ကျောပေးကာလှဲနေကြသော်လည်း သူတို့အိပ်မပျော်ကြပေ။
ရှုချင်းရီက နောက်နေ့မနက်တွင်လည်း အဖျားမပျောက်သေးပါ။ မော့ဟန်က တံခါးဖွင့်ပြီးဝင်လာသောအခါ ရှုချင်းရီက အိပ်ရာပေါ်တွင် ခေါင်းငိုက်စိုက်လေး ထိုင်နေသည်။ သူမမျက်နှာလေးမှာ နီရဲနေကာ မျက်လုံးတွေကလည်း အသိမကပ်တော့သလို ဖြစ်နေသည်။ မော့ဟန်က ရှုချင်းရီကို ဆေးရုံခေါ်သွားသည့်အခါ ရှန်ယို့က အိမ်မှာကျန်ခဲ့သည်။
“မနေ့က ပြဿနာကို နောက်မှပဲ ငါတို့ရှင်းကြတာပေါ့”
ဆေးရုံကနေ မော့ဟန်ပြန်လာသည့်အခါ ရှန်ယို့က ဆိုဖာပေါ်တွင် သူထွက်သွားသည့် အချိန်တုန်းကအတိုင်း တစ်ပုံစံတည်း ထိုင်နေတုန်းဖြစ်သည်။
“စားပြီးပြီလား?”
“စားချင်စိတ်မရှိသေးလို့ နင့်ကိုစောင့်နေတာ”
“အပြင်မှာစားရအောင်။ ငါတို့စားရင်း စကားပြောကြတာပေါ့”
မော့ဟန်က ပြောသည်။
အရင်တုန်းက သူတို့မကြာခန အတူသွားစားလေ့ရှိသည့် စားသောက်ဆိုင်သို့ သွားကြသည်။ သူတို့နှစ်ယောက်မှာ တူညီသည့်နေရာတွင် ပြန်ထိုင်နေကြသော်လည်း တချို့အရာတွေကတော့ မတူညီတော့ပေ။
“မနေ့ညက ငါမေးတာကို နင်ဖြေသင့်တယ်”
ရှန်ယို့က ခေါင်းငုံကာ ပြောသည်။
မော့ဟန်က ခနလောက်နေမှ ဖြေလာသည်။
“အင်း”
ရှန်ယို့က အသက်ဝဝရှုပြီးနောက် သူမမော့ဟန်၏ အကြည့်များနှင့် မရင်ဆိုင်ရဲသောကြောင့် ခေါင်းငုံနေသည်။ သူမကိုယ်သူမအားတင်းပြီး ပြုံးလိုက်ကာ
“ဖြေတော့”
မော့ဟန်က ပြောသည်။
“နင်က တော်တဲ့သူပဲ။ ငါ့အဖြေဘာလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်”
ရှန်ယို့က သူမနှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားရပြီးနောက် သူမလက်တွေတုန်လာသည်။
“ငါနင့်ပါးစပ်က ပြောတာကို ကြားချင်တာ”
မော့ဟန်က ရှန်ယို့၏ လက်ရှိစိတ်အခြေအနေကို နားလည်ပါသည်။ ဒါပင်မယ့် ဒီကိစ္စက အနာဂတ်အထိ ဆွဲခေါ်သွား၍မရသည့်ကိစ္စမျိုးဆိုသည်ကိုတော့ သူသိနေသည်။
“ရှန်ယို့ လမ်းခွဲကြရအောင်”
မျက်ရည်တွေက သူမမျက်ဝန်းတွေကနေ တလှိမ့်လှိမ့်ကျဆင်းလာသည်။ သူမက ခေါင်းမော့လာကာ မော့ဟန်ကို ကြည့်ပြီး
“ဘာဖြစ်လို့လဲ?”
မော့ဟန်၏အသံက အေးစက်နေသည်။
“ငါနင့်ကိုတကယ်မချစ်ဘူးဆိုတာ နင်သိနေတာပဲ”
ရှန်ယို့က ဆက်နားမထောင်ချင်တော့သောကြောင့် နားနှစ်ဖက်ကို အုပ်ထားပင်မယ့်လည်း သူမရှင်းရှင်းလင်းလင်းကြီးကို ကြားနေရသေးသည်။
“ဒါဆိုရင် ဘာဖြစ်လို့ ငါနဲ့အတူနေခဲ့သေးတာလဲ? ၃နှစ်တောင်! ငါတို့၃နှစ်တောင် တွဲလာခဲ့တာလေ။ နင်ဒီလောက်အထိ အသဲမာရသလား!”
“ငါတောင်းပန်ပါတယ်။ တွဲနေတုန်းက ငါတို့ကလိုက်ဖက်တယ်လို့ ထင်ခဲ့တာ။ အများစုကိုလည်း ငါတို့တစ်ယောက်နဲ့တစ်ယောက် နားလည်ခဲ့တာပဲ။ ငါနင့်ကို တကယ်သဘောကျခဲ့တာကိုတော့ ငါမငြင်းပါဘူး။ အဲ့ဒါကြောင့် ငါနင့်နဲ့အတူရှိနေရင်းကနေ ကြိုးစားကြည့်ချင်တာ။ ဒါပင်မယ့် အခုတော့ . . .နင့်ကိုချစ်တဲ့အထိ ရောက်မလာဘူး”
ရှန်ယို့က ထပြီးကိုင်းလိုက်ရင်း မော့ဟန်၏ပါးကို ရိုက်လိုက်သည်။ သို့သော် သူမပြုံးနေဆဲပင်။
“လိုက်ဖက်တယ်? သေချာပေါက်ကို လိုက်ဖက်တာပေါ့! ငါတို့ထက် လိုက်ဖက်တဲ့သူရှိမှာ မဟုတ်ဘူး!”
မော့ဟန်က ပြောသည်။
“ရှန်ယို့ နင်ဘာကိုလိုချင်လဲ ငါသိတယ်။ နင်က နင့်ကိုအများကြီးချစ်တဲ့သူ၊ နင့်ကိုဦးစားပေးတဲ့သူ၊ ပြီးတော့ နင်တစ်ယောက်တည်းကပဲပိုင်ရမယ့်လူမျိုးကို လိုချင်တာ။ ဒါပင်မယ့် နင်နားလည်ရမှာက ငါဒါမျိုးတွေကို လုပ်မပေးနိုင်ဘူး။ နောက်ပြီးတော့ ငါပြောင်းလဲပေးမှာလည်း မဟုတ်ဘူး”
မျက်ရည်တွေက ရှန်ယို့၏မျက်နှာပေါ်တွင် စီးကျနေဆဲ ဖြစ်သည်။
“ဒါပင်မယ့် . . .ငါတို့ ၃နှစ်တောင် တွဲခဲ့တာလေ။ ၃နှစ်!”
“ငါတို့နှစ်ယောက်တည်းက တစ်ယောက်ကတော့ ရက်စက်မှ ဖြစ်တော့မှာ။ နင်မလုပ်နိုင်မှန်းသိလို့ ငါလုပ်လိုက်တာ”
စားသောက်ဆိုင်ထဲက တခြားသူတွေက သူတို့ကိုလျစ်လျူရှုထားသည်ကို မြင်သောအခါ ရှန်ယို့က မော့ဟန်၏လက်ကိုဆွဲကာ ငိုရင်းတောင်းပန်တော့သည်။
“ဟင့်အင်း. . .မဟုတ်ဘူး မော့ဟန်။ နင့်စကားတွေကို နင်ပြန်ရုတ်သိမ်းလိုက်။ ငါတို့. . .အခု ဘာမှမပြောခဲ့သလို သဘောထားကြရအောင်. . .နင်ငါ့ကို ချစ်တာ မချစ်တာ ငါဂရုမစိုက်ဘူး။ နင်ငါ့ကို သဘောကျနေသ၍ ရပါတယ်။ ငါတို့နောင်ထပ်ပြီးတော့ ကြိုးစားကြရအောင် ဖြည်းဖြည်းချင်းပေါ့. . .ဖြည်းဖြည်းချင်း”
မော့ဟန်က သူမလက်ကို ဆွဲဖယ်လိုက်သည်။
“ငါဒီနေ့ ဒီကိုလာတာက နင့်နဲ့ရှင်းရှင်းလင်းလင်းလုပ်ဖို့။ နင်ပြန်လာကတည်းက ငါဒီကိစ္စကို တွေးနေခဲ့တာ။ ပြီးတော့ ဒီလိုကိစ္စမျိုးကို နင့်ကိုလိမ်ထားလို့ မကောင်းဘူးထင်တယ်။ အရင်တုန်းကဟာတွေအတွက် ငါတောင်းပန်ပါတယ်။ ဒါငါ့အမှားပါ”
“ဒါမျိုးငါမလိုချင်ဘူး. . .ငါတို့ဆက်တွဲရအောင်. . .နင်ငါ့ကို ဆက်လိမ်နေလိုက် ရတယ်”
ရှန်ယို့က ငိုပြောရင်းနှင့် နောက်ဆုံးမှာ ရှိုက်တောင်ငိုလာသည်။
“ရှန်ယို့ လွှတ်ချလိုက်ပါတော့။ ငါ့ထက်ပိုကောင်းတဲ့သူ တစ်ယောက်ကိုပဲ ရှာလိုက်ပါ”
မော့ဟန်က ပြောသည်။
“ငါဘာကိုမှ မလိုချင်ဘူး။ ငါနင့်ကိုပဲ လိုချင်တာ”
ရှန်ယို့က ငိုရင်းပြောသည်။
“နင့်ကိုပဲလိုချင်တာပါဟာ”
ရှန်ယို့က မော့ဟန်၏အဝတ်စကို ဆွဲကာ ဆက်ငိုနေရင်းဖြင့်
“ငါနင့်ညီမနဲ့လည်း ရန်ထပ်မဖြစ်တော့ပါဘူး။ သူကနင့်ညီမ နင့်အမျိုးဆိုတာကို သိပါတယ်။ နင်နဲ့ ဘာမှမဟုတ်တာလေးတွေကိုလည်း ငြင်းခုံမနေတော့ပါဘူး။ ငါနင့်ကို အရမ်းပိုင်စိုးပိုင်နင်း လုပ်နေတာကိုလည်း ရပ်လိုက်ပါတော့မယ်။ ငါဘာကိုမှ ထပ်မလိုချင်တော့ပါဘူး။ ငါနင့်ဘေးမှာ ဆက်နေပေးလို့ရမလား ကျေးဇူးပြုပြီးတော့?”
မော့ဟန်က မျက်မှောင်ကျုံကာ ပြောသည်။
“ရှန်ယို့ နင်ရှုချင်းရီနဲ့ ဘာမှလုပ်စရာ မလိုဘူး။ ဒါငါတို့ကြားက ပြဿနာ။ ငါတို့ကြားမှာဖြစ်တဲ့ဟာက ဘယ်သူ့နဲ့မှ မဆိုင်ဘူးဆိုတာ နင်နားလည်စမ်းပါ”