၁၉၁။ လွမ်းတယ်
ရှုချင်းရီက ၈နှစ်တာ မှတ်ညဏ်များကို ၁နာရီအတွင်း အကုန်လုံးကို ပြန်မှတ်မိသွားသည်။
ဆေးရုံဝန်ထမ်းက သူမသတိရလာကာ မျက်လုံးပွင့်လာသည်ကို မြင်သော်
“ဘယ်လိုနေသေးလဲ?”
သူမသည် နှာခေါင်းမှ အသက်ရှုပိုက်ကို ဖြုတ်လိုက်သည်။ ခေါင်းကိုလှည့်ကာ ကြည့်လိုက်သော် ဆေးရုံဝန်ထမ်းနှင့် ဂျူတီကုတ်ဖြင့် ဆရာဝန်တစ်ယောက်ကိုပါ တွေ့သည်။ အရေးပေါ်အော်ခေါ်ခဲ့သည့် ဘားဆိုင်ပိုင်ရှင်ကိုတော့ မတွေ့ပေ။
ရှုချင်းရီက ချက်ချင်းထထိုင်လိုက်သော်လည်း ဆရာဝန်က ပြန်လှဲချစေသည်။
“လှုပ်လှုပ်ရှားရှား မလုပ်နဲ့ဦး။ ခနနားနေဖို့ လိုသေးတယ်”
ရှုချင်းရီက
“သက်သာနေပါပြီ။ အခုပြန်လို့ရပြီမလား?”
ဆရာဝန်က သူမအား တအံ့တသြကြည့်ကာ
“ပြန်မယ်? အခုမှ အရေးပေါ်ကားထဲမှာပဲ ရှိသေးတယ်”
“အားတော့နာပါတယ်။ ကျွန်မအခု တကယ်သက်သာနေပါပြီ။ ဘာမှမဖြစ်တော့တာမလို့ မီးပွိုင့်ကျရင် ချပေးခဲ့ပါ။ ကိုယ့်ဟာကိုယ် ပြန်လိုက်မယ်”
ဆရာဝန်က သူမကိုစိတ်ညစ်စွာတစ်ခြက်ကြည့်ပြီးနောက် သွေးခုန်နှုန်းကိုပြကာ
“ဟိုကိုကြည့်။ အပေါ်သွေးက အခု၁၂၀ပဲရှိတယ်။ အောက်စီဂျင်လည်း မလုံလောက်တော့ အသက်ရှုမမှန်သေးဘူး။ ဆေးရုံမှာ အရင်ဆေးစစ်ကြည့်”
“သိပါတယ်. . .ဒါပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းနေပါပြီ။ လုပ်စရာတစ်ခုရှိလို့ အိမ်ကိုစောစောပြန်မှ ရမယ်”
ရှုချင်းရီက ဆေးရုံမှာ ဆေးသွားမစစ်ချင်ပေ။ ဆေးစစ်လိုက်ပါက သူမသည် မော့ဟန်ရှိရာမြို့သို့ အိမ်ပြန်နောက်ကျတော့မှာ ဖြစ်သည်။ မော့ဟန်က သူမအား စိတ်ပူမနေစေချင်ပါ။
ဆရာဝန်ကလည်း သူမခေါင်းမာနေသည့်အခါ လိုက်စရာများကို ပြောပြပြီး မီးပွိုင့်တွင် ချပေးလိုက်သည်။
ရှုချင်းရီက ကားပေါ်ကဆင်းလိုက်သည့်အခါ ရှောင်ယဲ့၏အုတ်ဂူသို့ သွားလိုက်သည်။ သူမသည် တစ်ခါမှ မရောက်ဘူးသောကြောင့် ဘယ်နေရာတွင် မြှုပ်ထားမှန်း မသိပေ။ သုဘရာဇာကို အကျိုးအကြောင်း ပြောပြသည့်အခါ သူမအား အုတ်ဂူဆီသို့ လိုက်ပြသည်။
ရှုချင်းရီက အုတ်ဂူမှ ဝါကျင့်နေသည့် ရှောင်ယဲ့၏ ရယ်နေသည့်ပုံလေးကို မြင်သည့်အခါ မငိုချင်သော်လည်း မျက်ရည်များက ကျလာတော့သည်။ သူမသည် ပါးစပ်ကိုအုပ်ကာ ငိုနေရင်းမှ
“တောင်းပန်ပါတယ်. . .ငါ. . .တောင်းပန်ပါတယ်. . .ငါစောစော လာကယ်ခဲ့သင့်တာ. . .”
ရှုချင်းရီက ရှောင်ယဲ့၏ အုတ်ဂူရှေ့တွင် မပြန်ခင်အထိ အခါခါတောင်းပန်ကာ ငိုနေခဲ့သည်။ သူမတွင် တောင်းပန်စရာစကားအပြင် အခြားမရှိတော့ပေ။
ရှုချင်းရီက လက်မှတ်ဖြတ်ပြီးသည့်အခါ ည၉နာရီရှိနေပြီ။ သူမထိုင်စောင့်နေချိန်တွင် မော့ဟန်ဆီက ဖုန်းဝင်လာသည်။
“ဘယ်မှာလဲ? တခြားမြို့ကို သွားနေတာလား? အခုလာကြိုရမလား?”
မော့ဟန်က သူမပြန်ရောက်ပြီဟု ထင်နေသည်။
ရှုချင်းရီက ငိုထားသဖြင့် အက်ကွဲနေသည့် အသံဖြင့်
“ညီမလေး. . .ပြန်မရောက်သေးဘူး။ ဂိတ်မှာပဲရှိသေးတယ်။ ရောက်ရင် ဖုန်းခေါ်လိုက်မယ်”
“ဘယ်အချိန်လောက်လဲ?”
“နောက်နှစ်နာရီလောက်ပေါ့”
“ငါလာကြိုမယ်”
“မလိုပါဘူး။ ကိုကြီးအရင်အိပ်နှင့်။ ပြန်ရောက်ရင် Taxiစီးလာခဲ့မယ်”
“လာကြိုမယ်”
မော့ဟန်က ထပ်ပြောသည်။
ရှုချင်းရီက သက်ပြင်းချကာ
“လာချင်ရင်လည်းလာခဲ့တော့။ အခုထွက်လာတော့မယ်။ ရောက်တာနဲ့ ဖုန်းခေါ်လိုက်မယ်”
ဒီနေ့ခရီးက သူမထင်သည်ထက် ပင်ပန်းလွန်းသည်။ ထို့ကြောင့် ရှုချင်းရီသည်ထိုခုံတွင်အိပ်ပျော်လာကာ ရောက်ခါနီးမှ နိုးလာတော့သည်။
သူမသည် အခြားသူများလို ပစ္စည်းအများကြီးမပါဘဲ လွယ်အိတ်လေးတစ်လုံးသာ လွယ်ထားကာ ဆင်းလာသည်။ ထို့နောက် စောင့်နေသည့် မော့ဟန်ကို သူမတွေ့လိုက်ရသည်။
မော့ဟန်က ရှုချင်းရီကို ပြုံးပြလိုက်ကာ
လက်လှမ်းပြသည်။ ထို့နောက် သူမဆီသို့ လျှောက်လာသည်ကိုမြင်သော် ရှုချင်းရီသည် ငိုချင်လာသည်။
“အချိန်ကြာသားပဲ”
မော့ဟန်ကပြောသည်။
ရှုချင်းရီက ယောင်ယောင်လေးပြုံးကာ
“မသိဘူး။ တစ်လမ်းလုံး အိပ်ပျော်လာတာ”
မော့ဟန်က သူမ၏ခေါင်းလေးကို ပုတ်ကာ
“ပင်ပန်းလာတာလား?”
ရှုချင်းရီက ခေါင်းငြိမ့်ပြကာ မော့ဟန်ကအတူ ထွက်လာသည်။
မော့ဟန်က သူမဘာကြောင့် သွားသလဲ ဆိုသည်ကို လုံးဝမမေးပေ။ သူမပြောမည့်အချိန်အထိ စောင့်နေခြင်းသာ ဖြစ်သည်။ သူမတွင် ပြောပြချင်စိတ်မရှိပါက မော့ဟန်ကလည်း အလိုက်သိစွာ လိုက်မေးနေမှာ မဟုတ်ပေ။
ညလေက အေးစက်စွာ တိုက်ခတ်နေသည်။ ရှုချင်းရီက အေးလာကာ နှာချေတော့သည်။ ထိုအခါ မော့ဟန်က သူ့၏နွေးထွေးသည့်လက်များဖြင့် သုမ၏ပုခုံးကိုဖက်ကာ
“အေးနေလား?”
“နည်းနည်း. . .”
ရှုချင်းရီ၏ စကားတောင်မဆုံးခင်မော့ဟန်က သူ့ထပ်အကျီကိုချွတ်ကာ သူမအား ဝတ်ပေးလာသည်။
ရှုချင်းရီက ဇစ်ကအစ ခေါင်းငုံကာ တပ်ပေးနေသည့် မော့ဟန်၏ခေါင်းကို ပွတ်လိုက်ကာ
“ကိုကြီးကရော မအေးဘူးလား?”
မော့ဟန်က ဇစ်တပ်ပြီးနောက် ခေါင်းမော့လာကာ နွေးထွေးသည့် လက်များဖြင့် ရှုချင်းရီ၏မျက်နှာကို အုပ်ကိုင်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ပြီးတော့မှ
“မအေးတော့ဘူး”
ရှုချင်းရီက ပြုံးမိလိုက်သည်။ မော့ဟန်က သူမ၏လက်ကိုဆွဲကာ ကားရှိရာသို့ ခေါ်လာသည်။ ကားပေါ်တွင်လည်း လက်ကို ဆက်ကိုင်လာသဖြင့် ရှုချင်းရီက
“ကားမောင်းနေတာကို။ လက်လွှတ်လိုက်တော့”
မော့ဟန်က ဘာမှပြန်မပြောတော့ဘဲ လက်ကိုသာဆက်ကိုင်ရင်း နောက်တစ်ဖက်ဖြင့် မောင်းနေဆဲပင်။ ထို့ကြောင့် ရှုချင်းရီကပဲ အလျော့ပေးလိုက်ရကာ ခေါင်းခါမိတော့သည်။ ထို့နောက် မော့ဟန်ကို သူမထိုင်ကြည့်နေမိသည်။
“ဘာဖြစ်လို့ ထိုင်ကြည့်နေတာလဲ?”
မော့ဟန်က ကားမောင်းရင်းဖြင့် မေးသည်။
“လွမ်းလို့”
ရှုချင်းရီက နူးညံ့စွာ ဖြေလာသည်။