May Honey Logo May Honey
Previous Next

၂၀၀။ အိမ်ရှိရာသို့

ရှုချင်းရီပျောက်သွားသည့် အချိန်တွင်မော့ဟန်မှာ ရှုချင်းရီအား Dမြို့တွင်သာ စောင့်နေခဲ့သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ရှုချင်းရီအား ရှာမတွေ့သဖြင့် သေသွားပြီဟု ထင်ခဲ့သည်။ သဲကန္တာရထဲတွင် ရှင်သန်နိုင်ရန် အခွင့်အရေးက ရှားပါးလွန်းသည် ဖြစ်သောကြောင့်ပင်။

ထို့နောက် မော့ဟန်သည် သူကိုယ်တိုင် ကားမောင်းပြီး သဲကန္တာရထဲတွင် သွားရှာခဲ့သည်။ သဲမုန်တိုင်း မတိုက်ခတ်သည့် နေရာများကအစ သဲကန္တာရတစ်ခွင် ရှာဖွေခဲ့သည်။ သို့သော် သူမကို ရှာမတွေ့ခဲ့သဖြင့် မော့ဟန်သည် ပို၍အိုစာလာတော့သည်။

မော့ဟန်က အိပ်ရေးပျက်ကာ ပင်ပန်းနွမ်းနယ်မှုတို့ ရောသွားပြီး နေမကောင်းဖြစ်သွားခဲ့သည်။ ထို့ကြောင့် လျူဇီယွမ်နှင့် ပိုင်ယုတို့က Sမြို့တွင် ဆေးရုံတက်ရန် မော့ဟန်အားသတိမေ့အောင်လုပ်ပြီး ပြန်ခေါ်လာရတော့သည်။

တစ်ဖက်တွင် ရှုချင်းရီက ဒီနေရာ၏ လုံခြုံရေးအနေအထားကို ကျွမ်းကျင်စွာ သိသွားသည့်အခါ အလုပ်လုပ်နေသည့်အချိန်တွင် သံနန်းကြိုးအချို့ကို ဝှက်ယူထားလိုက်သည်။

ထိုညတွင် သူမသည်မအိပ်ဘဲ လူတိုင်း အိပ်မောကျနေသည့် မနက် ၃နာရီ ၄နာရီအချိန်ရောက်မှ သံနန်းကြိုးကိုယူကာ တံခါးဆီသို့ လာခဲ့သည်။

ရှုချင်းရီသည် အတိတ်ကို ပြန်မှတ်မိသွားတည်းက အရင်ကသူမကျွမ်းကျင်ခဲ့သည်များကို ပြန်လုပ်တက်နေခဲ့သည်။ သူမသည် ခြေသံဖွဖွနင်းကာ လုံခြုံရေးအခန်းသို့ သွားသည်။ အစောင့်မှာ အိပ်ပျော်နေကာ ငွေသိမ်းသည့် အံ့ဆွဲမှာလည်း သော့ခတ်မထားပေ။

ရှုချင်းရီက ငွေများကို နှိုက်ယူလိုက်သည်။ ထိုအချိန်တွင် အစောင့်က နိုးလာသည်။ ရှုချင်းရီက ချက်ချင်းပင် အနားရှိ သံသေတ္တာအသေးတစ်ခုကိုမကာ ထိုအစောင့်၏ခွကြားသို့ ပစ်ချလိုက်သည်။ ထိုအစောင့်က နာကျင်စွာ အော်သည့်အချိန်မှာပဲ ရှုချင်းရီက ပြတင်းပေါက်ပေါ်ကနေ ကျော်ဆင်းသွားတော့သည်။

ရှုချင်းရီက တံခါးဝသို့ ရောက်သည့်အခါ တံခါးတွင် သော့ခတ်ထားသည်။ ထိုသော့ကို ဘယ်လိုဖျက်ရမလဲ သူမသိသည်။ သို့သော် အချိန်ကတော့ အနည်းငယ်ပေးရလိမ့်မည်။

သူမသော့ဖျက်နေသည့်အချိန်တွင် ထိုအစောင့်က သစ်သားတုတ်တစ်ချောင်းဆွဲလာကာ သူမကိုပြေးရိုက်သည်။ ရှုချင်းရီ၏ အရင်တုန်းက တိုက်ခိုက်ဖူးသည့် အတွေ့အကြုံများက အကျိုးမယုတ်ပါပေ။ သူမသည် ရှောင်လိုက်ကာ ထိုလူ၏လည်ပင်းကို လက်စောင့်ဖြင့်ခုတ်လိုက်ပြီး ခြေထောက်ကြားကို ကန်လိုက်သည်။

ထိုလူက နာကျင်စွာဖြင့် လဲကျသွားကာ ညည်းနေသည်။ သော့မှာလည်း မပျက်သေးပေ။ ခွေးဟောင်သံတို့နှင့်အတူ အခြားအစောင့်တစ်ယောက် ရောက်လာသည့် ခြေသံတို့ကို ကြားနေရပြီ။

စက္ကန့် ၃၀. . .ဒီအချိန်အတွင်းတွင် အခြားအစောင့်က ရောက်လာမှာဖြစ်သည်။ ထိုအချိန်က သူမဘဝတွင် အကြာဆုံးဖြစ်သည်။ သူသည် ဇောချွေးများပျံနေသောလက်ဖြင့် ၁၀စက္ကန့်အတွင်း သော့ကိုဖျက်နိုင်သည်။ ထို့နောက် သူမသည် ရူးနေသည့်သူ တစ်ယောက်လို ထွက်ပြေးလာတော့သည်။ သူမထွက်ပြေးသွားသည်ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်သည့် အစောင့်က ခွေးများဖြင့် အနောက်ကနေ လိုက်လာသည်။

ရှုချင်းရီက အကွယ်သို့ရောက်သော် ရေမြောင်းထဲသို့ ခုန်ချကာ ပုန်းလိုက်သည်။ ခွေးတွေက အနံ့ခံကောင်းသဖြင့် မြောင်းအနံ့များဖြင့် မဖုံးလျှင် သူမကိုအလွယ် မိသွားနိုင်သည်။ ထိုအစောင့်နှင့် ခွေးများက သူမကိုရှာမတွေ့ဘဲ ပြန်သွားပြီး အချိန်ကြာမှ ရှုချင်းရီသည် မြောင်းထဲက တက်လာသည်။

ထို့နောက် သူမသည် လေဆိပ်သို့သွားသည်။ သူမ၏ ညစ်ပတ်နံ့စော်နေသည့် ပုံစံကြောင့် လေဆိပ်က ဝန်ထမ်းများသည် သူမအား သံသယဝင်နေကြသည်။ ထိုလေဆိပ်လေးထဲတွင် ရှုချင်းရီသည် သူမအား တရုတ်သို့ပြန်ရန် လက်မှတ်ဝယ်ပေးကြပါရန် အင်္ဂလိပ်လို အကူအညီတောင်းသည်။

အမြဲတမ်းမကောင်းခဲ့သည့်ကံက အခုတော့ကောင်းသွားခဲ့ပြီ။ မျက်ရည်အဝိုင်းသားဖြင့် အချိန်အကြာကြီး အကူအညီတောင်းနေသည့် သူမကို အမေရိကန်တစ်ယောက်က သနားသွားကာ လက်မှတ်ကူဝယ်ပေးခဲ့သည်။

ရှုချင်းရီသည် လက်မှတ်ရသည့်အခါ မထိန်းနိုင်တော့ဘဲ ငိုချခဲ့သည်။ သူမသည် ပျော်လွန်းအားကြီး၍ ငိုချခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူမသည် မော့ဟန်ရှိရာသို့ ပြန်သွားနိုင်တော့မည် ဖြစ်လေသည်။ သူမသည် ဒီလိုဝေးသွားရတော့မှ မော့ဟန်ကို သူမဘယ်လောက်ချစ်မှန်း သိခဲ့ရတာ ဖြစ်သည်။

မော့ဟန်မှာလည်း အနည်းငယ်ကောင်းလာနိုင်သည်နှင့် Dမြို့သို့သွားကာ ရှုချင်းရီအား ရှာဖွေရန် လုပ်တော့သည်။ ပိုင်ယုနှင့် လျူဇီယွမ်တို့မှာလည်း တားမရသည့်အဆုံး သဘောတူလိုက်ရသည်။

ထိုအချိန်တွင် မော့ဟန်ဆီသို့ မသိသည့်ဖုန်းဝင်လာခဲ့သည်။ မော့ဟန်သည် ရှုချင်းရီပျောက်သွားတည်းက ဘယ်ဖုန်းမဆို မသိလည်း ကိုင်တက်နေခဲ့သည်။
“ဟယ်လို . . . မော့ဟန်ပါ”

“ကိုကြီး. . .ကျေးဇူးပြုပြီး ညီမလေးကို လာခေါ်ပါတော့။ အရမ်းပင်ပန်းနေပြီ”
ထိုအသံမှာ ရှုချင်းရီ၏အသံဖြစ်သည်။

မော့ဟန်သည် လက်တွေမှာ တုန်နေကာ အမြန်မေးလိုက်သည်။
“ဘယ်မှာလဲ?”

“လေဆိပ်မှာ”
ရှုချင်းရီက သူစိမ်းတစ်ယောက်ဆီမှ ဖုန်းဌားကာ ဆက်နေခြင်း ဖြစ်သည်။

“မိနစ်၂၀အတွင်း အရောက်လာခဲ့မယ်”
မော့ဟန်က ဖုန်းချပြီးနောက် ပိုင်ယုအား
“မင်းကားဘယ်မှာလဲ?”

ပိုင်ယုက သူတို့ပြောသည်များကို ကြားသဖြင့် ကြောင်အနေဆဲ ဖြစ်သော်လည်း
“အောက်က ကားပါတင်မှာထိုးတယ်။ သော့က ဒီ. . .”

မော့ဟန်သည် ပိုင်ယုစကားကို ဆုံးအောင် နားမထောင်နိုင်တော့ဘဲ သော့ကိုယူကာ ချက်ချင်းအပြေးအလွှား ထွက်သွားတော့သည်။

ရှုချင်းရီသည် ဖုန်းချပြီးသည့်အခါ လေဆိပ်မှန်တွင် ရောင်ပြန်ဟပ်နေသည့် သူမပုံရိပ်ကို သူမကြည့်ကာ ဝမ်းနည်းသွားသည်။ သူမသည် ညစ်ပေကာ နံစော်နေပြီး မျက်နှာမှာလည်း အဆီတဝင်းဝင်းဖြင့် ဖြစ်နေသည်။ ထို့ကြောင့် သန့်စင်ခန်းသို့သွားကာ မျက်နှာသစ်ပြီးခေါင်းလျော်လိုက်သည်။

သူမ၏ဆံပင်များကို တစ်ရှုးဖြင့် သုတ်နေစဥ်မှာပဲ အပြင်ဘက်မှ သူမနာမည်ကို အော်ခေါ်နေသည့်အသံကို ကြားလိုက်ရသည်။ ထိုသူ၏အသံသည် အက်ကွဲနေကာ အလွန်အမင်းစိတ်လှုပ်ရှားနေပုံရသည်။ ထိုအသံမှာ မော့ဟန်၏အသံသာ ဖြစ်တော့သည်။

ရှုချင်းရီသည် ချက်ချင်းပြေးထွက်လာကာ အသံလာရာကို ကြည့်လိုက်တော့ လူအများကြားတွင် မော့ဟန်ကို တွေ့လိုက်ရသည်။ မော့ဟန်ကလည်း သူမကိုမြင်သွားသည်။

ရှုချင်းရီက မော့ဟန်ဆီသို့ မျက်ရည်အဝဲသွားဖြင့် ပြေးသွားသည်။ မော့ဟန်က သူ့အနားရောက်လာသည့် ရှုချင်းရီကို တင်းကြပ်နေအောင် ဖက်ထားသည်။ ရှုချင်းရီမှာလည်း မော့ဟန်ကို ပြန်ဖက်ထားလိုက်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အနွေးဓာတ်ခြင်းကို ဖလှယ်ကာ ခံစားနေရသည်။

မော့ဟန်၏ကိုယ်က တုန်လာသဖြင့် ရှုချင်းရီက မော့ကြည့်လိုက်သည့်အခါ မော့ဟန်သည် ငိုနေသည်။

“ကိုကြီး ဘာဖြစ်လို့ ငိုနေတာလဲ?”
ရှုချင်းရီက မေးရင်းဖြင့် သူမပါငိုမိတော့သည်။

မော့ဟန်က သူမ၏မခြောက်သေးသည့် ဆံနွယ်များကို နမ်းရှိုက်ကာ
“ပြန်လာပြီပဲ. . .မင်းပြန်လာတာ တကယ်ကောင်းတယ်။ ငါတို့. . .ဘယ်တော့မှ ထပ်မခွဲဘဲ နေကြရအောင် ဟုတ်ပြီလား?”

ရှုချင်းရီက မော့ဟန်၏ ရင်ခွင်ထဲတွင်ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်
“ညီမလေး ပင်ပန်းနေပြီ”

မော့ဟန်က မျက်ရည်များကိုသုတ်ကာ
“အင်း. . . ထပ်ထွက်မသွားနဲ့တော့. . .ငါလည်း လွှတ်မပေးတော့ဘူး”

“ဗိုက်လည်းဆာနေတယ်”

“ဝယ်ကျွေးမယ်။ ဘာစားချင်လဲ?”

“ကိုကြီးချက်တာပဲ စားချင်တာ”

“အင်း။ စားချင်တာအကုန် ချက်ပေးမယ်”

“အိမ်ပြန်ကြရအောင် ကိုကြီး”

“အင်း။ အိမ်ပြန်ကြတာပေါ့”

အိမ်သို့ရောက်သည့်အခါ သူတို့သည် ပျော်လွန်း၍ အစားကိုတောင် သိပ်မစားနိုင်ကြပေ။ ရှုချင်းရီက စားပြီးသည့်နောက် ရေနွေးနွေးလေးဖြင့် ရေသွားချိုးသည်။ မော့ဟန်သည် ရေချိုးခန်းအရှေ့တွင် စောင့်နေကာ ရေကျသံကို နားထောင်ရင်း သူ့ဘေးတွင် ရှုချင်းရီရှိနေသည့်အသိဖြင့် ကြည်နူးနေမိသည်။

ထို့နောက် သူတို့သည် အိပ်ရာအတူဝင်ကြသည်။ မော့ဟန်မှာ ရှုချင်းရီကို သူ့မျက်စိရှေ့က ထပ်ပျောက်သွားမှာ စိုးရိမ်ကာ သူမ၏ဘေးမှ မခွာနိုင်ဖြစ်နေသည်။

နောက်နေ့မနက်တွင် ရှုချင်းရီနိုးလာ့ည့်အခါ သူမ၏အရှေ့တွင် မော့ဟန်က သူမအား ပြုံးကြည့်နေသည်။ ထို့နောက်
“ရှုချင်းရီ လက်ထပ်ရအောင်”

ရှုချင်းရီမှာလည်းပြုံးကာ
“အင်း။ လက်ထပ်ကြတာပေါ့။ ညီမလေးလည်း ကိုကြီးကလွဲပြီး ဘယ်သူ့ကိုမှ မလိုချင်ဘူး”

“ငါလည်း ဘာပဲဖြစ်ဖြစ် မင်းကိုပဲ အမြဲချစ်သွားပြီး မင်းဆုံးဖြတ်ချက်တိုင်းကို လေးစားပေးပါ့မယ်။ ဆင်းရဲချမ်းသာမရွေး၊ ကျန်းမာရေး ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊ ပျော်ရွှင်ရသည်ဖြစ်စေ ဝမ်းနည်းရသည်ဖြစ်စေ သေတဲ့အခါမှ ခွဲကြတာပေါ့”

ပြီးပါပြီ။

Previous Chapter 200 of 199 Next