၁၅၄။ မော့ဟန်နဲ့တိုးသွားသည်
ရှုချင်းရီက သူစီစဉ်ပေးသည်ကို နာခံလိုက်သည်။ သူမမှတ်ညဏ်တွေကို ရှာတွေ့ဖို့အတွက် ဒီမှာနေရမည်ဖြစ်သောကြောင့် သူမစိတ်ပညာသင်ရသည်ကို အရမ်းနှစ်သက်သော်လည်း ပညာရေးကို ခနနားထားရမည် ဖြစ်သည်။
ဒါပင်မယ့်လည်း သူမဟိုဘက်မြို့ကို ပြန်သွားရန် လိုအပ်သည်ဟု ဟန်လျန်ကို ပြောလိုက်သည်။ သူမကိုယ်တိုင် ကျောင်းကိစ္စသွားလုပ်ရမည်ဖြစ်သလို မော့ဟန်၏အိမ်မှ ပစ္စည်းများ ယူစရာလိုသေးသည်ဟုလည်း ပြောလိုက်သည်။
ဟန်လျန်က သူမနှင့်အတူ လိုက်လာမည်ပြောသော်လည်း သူမငြင်းလိုက်သည်။ သူမက သူ့အား ည၈နာရီအရောက် ပြန်လာခဲ့မည်ဟု ကတိပေးခဲ့သောကြောင့် သူဘာမှမတက်နိုင်တော့ပေ။
ထို့နောက် ရှုချင်းရီသည် မော့ဟန်ရှိရာမြို့သို့ ပြန်သွားလိုက်သည်။ မော့ဟန်က သူမအားစိတ်ဆိုးနေလောက်မည်ဟု ထင်သောကြောင့် အိမ်မှာမရှိလောက်သည့်အချိန်ကိုတွေးကာ သူမ၏ပစ္စည်းတွေယူရန် ခိုးသွားလိုက်သည်။
ရှုချင်းရီသည် ရဲရဲဝံ့ဝံ့မဟုတ်ဘဲ အိမ်ထဲသို့ ဝင်လိုက်သည်။ ဧည့်ခန်းကိုဖြတ်သည့်အခါ အရက်နံ့က ထောင်းခနဲထွက်လာသောကြောင့် သူမကြည့်လိုက်သည့်အခါ စားပွဲပေါ်တွင် ဝိုင်ပုလင်းခွံတစ်လုံးနှင့် ဝိုင်ခွက်တို့ တွေ့လိုက်သည်။
‘ကိုကြီးက သောက်နေခဲ့တာလား?’
ရှုချင်းရီမှာ ပုလင်းကို ပြန်မချခင် သေချာကြည့်လိုက်သေးသည်။ ထို့နောက် ဝရံတာတွင် လှမ်းထားသည့် မော့ဟန်၏အဝတ်များကို သူ့အခန်းထဲသို့ အကျင့်ပါနေသည့်အတိုင်း သွားတောင်ထည့်ပေးလိုက်သေးသည်။
အိမ်ထဲတွင် ဟိုကြည့်ဒီကြည့်လုပ်နေရင်းဖြင့် သူမလာရသည့်အကြောင်းကို မေ့သွားတော့သည်။ ဤသို့ဖြင့် မော့ဟန်ဖွသွားခဲ့သည့် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲက အသီးတွေကိုထုတ်ကာ ဆိုဖာရှေ့မှ အခင်းပေါ်တွင်ထိုင်ရင်း ထုံးစံအတိုင်း TVကြည့်ကာ မုန့်ထိုင်စားနေတော့သည်။
စားစရာတွေကုန်သွားကာမှ သူမဒီကိုလာရသည့်အကြောင်းကို သတိရသွားတော့သည်။ နာရီကိုကြည့်လိုက်တော့ ၅နာရီကျော်နေပြီ။ ထိုအခါမှ သူမအခန်းထဲသို့ အပြေးအလွှားဖြင့် ပစ္စည်းသိမ်းရတော့သည်။ သူမပစ္စည်းကလည်း များများစားစား မဟုတ်ပေ။ သူမ၏နေ့စဉ်သုံး တစ်ကိုယ်ရေပစ္စည်းတို့သာ ဖြစ်သည်။ ဟိုမှာ ပစ္စည်းအသစ်များ သုံးရခြင်းကို သူမမကြိုက်ပင်။ သူမအိပ်မရသည်ကို ကုစားပေးသည့် ဖက်လုံးက အဓိကဖြစ်သည်။ ထိုဖက်လုံးကိုဖက်မှသာ သူမစိတ်သက်သာရာရကာ အိပ်ပျော်တက်လေသည်။
ဒီခေါင်းအုံးကို မော့ဟန်ဝယ်ပေးသည့်နေ့ကို သူမမှတ်မိပါသေးသည်။ ထိုအချိန်တုန်းက ဖက်လုံးကို ဘာဖြစ်လို့ပေးလဲ သူမနားမလည်ခဲ့ပေ။ သူမက အိပ်ရာပေါ်တွင် ခေါင်းဦးတစ်လုံးကိုဖက်ကာ အိပ်နေသည်ကို မော့ဟန်ကမြင်သွားသဖြင့် နောက်အိပ်သည့်အခါသုံးရန်ဟုပြောခဲ့သည်။
ရှုချင်းရီက မော့ဟန်၏စကားကိုနားထောင်ကာ နေ့တိုင်းဖက်အိပ်ကြည့်သည်။ ထိုညတိုင်းပဲ သူမနှစ်ခြိုက်စွာ အိပ်ပျော်တက်သည်။ ဒီလိုနှင့်ပဲ ဒီဖက်လုံးသည် ရှုချင်းရီ၏ အိပ်ပျော်စေသည့်အရာ ဖြစ်လာတော့သည်။ ထို့ကြောင့် ဒီဖက်လုံးကို မစွန့်ပစ်နိုင်ခြင်းဖြစ်ကာ အိတ်ထဲသို့ထည့်လိုက်သည်။
ရှုချင်းရီက သူမ၏အိတ်ကြီးကို ကုတင်ပေါ်တင်ကာ ကြမ်းပြင်ပေါ်တွင် အကြောဆန့်ကာ လှဲနေလိုက်သည်။ ထိုအချိန်မှာပဲ သူမ၏အခန်းတံခါးက ပွင့်လာသည်။ ရှုချင်းရီမှာ လန့်ဖြန့်သွားပြီး အမြန်ထကြည့်လိုက်သည့်အခါ မော့ဟန်ကို တွေ့လိုက်ရသည်။
“အစောကြီးပြန်ရောက်လာတာပဲ”
ရှုချင်းရီက ခပ်ဖွဖွပြောလိုက်သည်။
“ဘာလာလုပ်တာလဲ?”
မော့ဟန်၏အမူအရာမှာ မနေ့ကအတိုင်းဖြစ်သည်။ သူစိတ်ပြေမည့် အရိပ်အယောင်မရှိသောကြောင့် ရှုချင်းရီမှာ ဒီနေ့သူမသေကြောင်းလာကြံသလို ဖြစ်နေပြီလားလို့တောင် တွေးမိသွားသည်။
“ဟိုလေ. . .လာယူတာ။ တောင်းပန်ပါတယ်. . .အိမ်မှာရှိမယ် မထင်လို့. . .”
“ဘာကိုယူတာလဲ?”
မော့ဟန်က သူမအနောက်ကို ကြည့်သည်။
ရှုချင်းရီက အခုသူမသူခိုးလို ဖြစ်နေသည်ကို သိပါသည်။ သူမသည် ဖက်လုံးကို ထုတ်ပြလိုက်ကာ
“ဒါ. . .တောင်းပန်ပါတယ်. . .မကြိုက်ဘူးဆိုရင်. . .ယူမသွားပါဘူး. . .”
မော့ဟန်က ခပ်ဟဟရယ်သွားသည်။
“ဒီဖက်လုံးက ခိုးပြန်လာရတဲ့အထိ တန်တယ်လား?”
ရှုချင်းရီက သူ့အိမ်ကပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ယူသည်ကို မကြိုက်ဘူးထင်သောကြောင့် သူမစိတ်မကောင်းဖြစ်သွားကာ
“တောင်းပန်ပါတယ်. . .လာမယူသင့်ပါဘူး”