၁၄၂။ ယောက်ျား
“ညန်ညန် ဒီရှေ့နေကြီးကို ကိုယ်တို့အကြောင်း မပြောထားဖူးလား?”
ဟန်လျန်က ရှုချင်းရီအား ပြုံးရင်း မေးသည်။
“အာ ငါ့အမှားပါ။ ငါမှားသွားတာပဲ။ ညန်ညန်က ငါနဲ့တနေ့လုံးရှိနေတော့ ရှေ့နေကြီးကို ဘယ်ပြန်ပြောဖြစ်တော့မလဲ။ ဒါဆိုရင် ခင်ဗျားကို ကျွန်တော် အခုနှုတ်ဆက်လိုက်မယ်။ ကျွန်တော်က ညန်ညန်ရဲ့ ယောက်ျား ဟန်လျန်ပါ။ သူကတော့ ကျွန်တော်တစ်ချိန်လုံး လိုက်ရှာနေခဲ့တဲ့ ကျွန်တော့်မိန်းမ စုန့်ယွဲ့ညန်”
ရှုချင်းရီက မော့ဟန်အား မကြည့်ရဲတော့ပေ။ သိုသော် မော့ဟန်မှာ အလွန်အံ့သြသွားလိမ့်မည်ဟု သူမထင်ကာ ခိုးကြည့်လိုက်ချိန်မှာတော့ မော့ဟန်၏မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ မော့ဟန်က အေးခဲနေသည့် မျက်နှာထားဖြင့် ဘာမှမပြောဘဲ ရပ်ကြည့်နေသည်။
“ညန်ညန်ကို ကျွန်တော် ပြန်ခေါ်သွားချင်တာ။ ဒါပင်မယ့် သူကဒီမှာနေမယ်လို့ အတင်းငြင်းနေလို့။ ကျွန်တော်လည်း အတင်းခေါ်မသွားချင်တာနဲ့ ဒီမှာ ခင်ဗျားနဲ့ ခနထားခဲ့ရလိမ့်မယ်။ သူ့စိတ်အဆင်ပြေသွားတာနဲ့ ကျွန်တော်ပြန်လာခေါ်ပါ့မယ်”
ဟန်လျန်ကပြောသည်။
“ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ဒီကောင်မလေးက လက်ထပ်လို့ရတဲ့ အရွယ်မဟုတ်သေးပါဘူး”
မော့ဟန်က ဟန်လျန်အား ပြောလိုက်သည်။ ထိုလေသံသည် ရှုချင်းရီကြားဖူးသည့် မော့ဟန်၏လေသံများထဲတွင် အအေးစက်ဆုံးအမာဆုံးဖြစ်သည်။
ဟန်လျန်ကပြုံးကာ လက်ထပ်စာချုပ်အား မော့ဟန်ကို ပြလိုက်သည်။
“ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ ညန်ညန်က အသက်၂၁နှစ်ရှိနေပြီ။ ကျွန်တော်တို့က အတူတူကြီးပျင်းလာတဲ့ ငယ်သူငယ်ချင်းတွေ။ သူကျောင်းပြီးသွားပြီး အသက်၂၀ပြည့်တာနဲ့ ကျွန်တော်တို့ လက်ထပ်ထားကြတာ”
မော့ဟန်က ရှုချင်းရီအား ကြည့်လိုက်သော်လည်း သူမ၏မျက်နှာတွင် အသက်၂၁နှစ်အရွယ် အရိပ်အယောင်မျိုး လုံးဝရှိမနေပေ။ သူဘယ်လောက်ကြည့်ကြည့် ဒီကောင်မလေးသည် အထက်တန်းကျောင်းသူ အရွယ်လေးပင်။ ဒါပင်မယ့်လည်း ဟန်လျန်၏ လက်ထပ်မှတ်ပုံတင်က အသက်အမှန်ကို ရေးထားသောကြောင့် မော့ဟန်က မငြင်းနိုင်ဖြစ်သွားသည်။
မော့ဟန်က လက်ထပ်မှတ်ပုံတင်စာချုပ်ကို ပိတ်လိုက်သည်။ သူသည် ထိုအထဲကပုံမှ သူနှင့်မရင်းနှီးသည့်ရှုချင်းရီသည် တခြားယောက်ျားတစ်ယောက်အား ပြုံးကြည့်နေခြင်းကို မမြင်ချင်တော့ဘူး ဖြစ်သည်။
သူသိသည့် ရှုချင်းရီကတော့ သူအရှေ့တွင် အခုရပ်နေသည့် ကောင်မလေးသာ ဖြစ်ပြီး ဒီလူ၏မိန်းမ စုန့်ယွဲ့ညန်နှင့် ဘာမှမသက်ဆိုင်သလိုသာ ဖြစ်သည်။ ဒါပင်မယ့်လည်း ဒီလူ၏မိန်းမမဟုတ်ကြောင်း သူ့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူ့တွင် လက်ရှိသက်သေပြစရာမရှိပေ။
“ဒီစာချုပ်လေးတစ်ခုတည်းနဲ့ မင်းပြောတာတွေကို ငါမယုံနိုင်ဘူး။ ရှေ့နေတစ်ယောက်အနေနဲ့ သက်သေရှိမှပဲ ယုံတက်တယ်”
မော့ဟန်က လက်ထပ်စာချုပ်ကို ပြန်ပေးရင်း ပြောသည်။
“ရပါတယ်။ ခင်ဗျားမယုံရင် ကျွန်တော်တို့Fမြို့ကို လာလည်ပေါ့။ ဒါကကျွန်တော့်မိန်းမ ကြီးပျင်းလာပြီး နေလာတဲ့နေရာပဲ။ ခင်ဗျားပြောတဲ့ သက်သေတွေ အများကြီးတွေ့ရမှာပါ။ ညန်ညန်ကလည်း သူ့ပြန်မှတ်မိတာနဲ့ တန်းပြန်လာမှာပဲ”
ဟန်လျန်က မော့ဟန်အား ပြုံးကာပြောသည်။
“ဒါပင်မယ့် အခုတော့ နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ နားလိုက်ဦးမယ်”
မော့ဟန်က ရှုချင်းရီအား အိမ်ထဲသို့ ဆွဲသွင်းလိုက်ပြီး တံခါးပိတ်ရန်လုပ်လိုက်သည်။
“မနက်ဖြန် ကိုယ်လာကြိုမယ်နော်”
ဟန်လျန်က အိမ်ထဲမှ ရှုချင်းရီအား ပြောလိုက်သည်။
မော့ဟန်က တံခါးကိုအကျယ်ကြီး ပိတ်ချလိုက်သည်။ အပြင်ဘက်မှ ဟန်လျန်က ပိတ်သွားသည့်တံခါးကိုကြည့်ရင်း သူ့ဟာသူ ခပ်တိုးတိုးရေရွတ်သည်။
“ဒီတစ်ခေါက်တော့ ကိုယ်ညန်ညန်ကို ထွက်သွားခွင့် မပေးတော့ဘူး”
တံခါးပိတ်လိုက်သည်နှင့် မော့ဟန်၏မျက်နှာတွင် ဒေါသတို့အလိပ်လိုက်ထွက်လာကာ ရှုချင်းရီအား စိုက်ကြည့်ပြီး
“ဘယ်တုန်းက သူကမင်းကို ရှာတွေ့သွားတာလဲ?”
“ဒီနေ့အတန်းချိန်မှာ”
မော့ဟန်က ဧည့်ခန်းထဲတွင် ရပ်နေကာ ရှုချင်းရီကတော့ ဧည့်ခန်းအဝက နံရံကိုမှီလျှက် သူမအရှေ့နားက ပန်းချီကားကို ကြည့်နေသည်။
“သူ့ကိုတွေ့တော့ ဘာမှတ်မိလဲ?”
မော့ဟန်က မေးသည်။
“ဟင့်အင်း”
ရှုချင်းရီက ခေါင်းငုံသွားကာ
“ညီမလေး ဘာကိုမှ မမှတ်မိဘူး”
“မနက်ဖြန် ငါပါလိုက်ခဲ့ပေးမယ်”
မော့ဟန်က ပြောလိုက်သည်။
“အမ်. . .ဘယ်ကိုသွားမလို့လဲ?”
မော့ဟန်က သူမအားကြည့်ကာ
“သူက မင်းကို မနက်ဖြန် Fမြို့ကို ခေါ်သွားမှာလေ”
ရှုချင်းရီ၏အသံလေးမှာ ချည်နှဲ့နေကာ သက်ပြင်းချပြီးနောက်
“အင်း”
သူမက မော့ဟန်ကို မကြည့်ဘဲ သူမအိပ်ခန်းဘက်ကို လျှောက်သွားရင်းက
“ညီမလေး နည်းနည်းပင်ပန်းနေလို့။ အရင်နားနှင့်မယ်နော်”
“ခနနေရင် ညစာတော့ လာစား”
မော့ဟန်က ပြောသည်။
“ဟင့်အင်း မစားတော့ဘူး”
ရှုချင်းရီတစ်ယောက်မှာ အတွေးများနေလေပြီ။
‘ငါ့မိသားစုနဲ့ ပြန်တွေ့ရင် ငါဘယ်လိုနေမှာလဲ?
ငါငိုမှာလား?
ငါဒေါသထွက်နေလောက်လား?
ဒါမှမဟုတ် စကားမပြောနိုင်တော့တဲ့အထိ ငါပျော်သွားမှာလား?’
ဒါပင်မယ့်လည်း အခုတော့ သူမခံစားနိုင်သည်က ပင်ပန်းခြင်းသာ ဖြစ်နေသည်။