၁၄၀။ ပရမ်းပတာအမှန်တရား
ရှုချင်းရီသည် အတန်းထဲသို့ဝင်သွားသော်လည်း ဆရာမသင်နေသည်များကို တစ်လုံးမှ မကြားတော့ပေ။ သူမအတွေးထဲတွင် ခုနကလူပြောသွားသည်များသာရှိ၍ သူမဆံပင်တွေကို ဆွဲဆောင့်ချင်နေပြီ။
‘ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေတာလဲ? ငါ့လိုကျောင်းသူအရွယ်လေးက ယောက်ျားရှိနေတယ်တဲ့လား? ပြီးတော့လည်း မျက်စိတမှိတ်အတွင်းမှာပဲ လက်ထပ်ထားတာ တစ်နှစ်လောက်ရှိတဲ့ ယောက်ျားက ပေါ်လာတယ်?’
ရှုချင်းရီမှာ ဟန်လျန်ပြောသည်များကို မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော်လည်း သူပြသွားသည့် လက်ထပ်စာချုပ်ကပုံကိုသာ သူမမြင်ယောင်နေမိတော့သည်။
‘ငါကတကယ်ပဲ စုန့်ယွဲ့ညန်လား? ဒါဆိုရင် ငါ့ကိုယ်ပေါ်က ဒဏ်ရာတွေကရော? ငါ့မှတ်ညဏ်တွေကရော?’
ရှုချင်းရီမှာ အတန်းချိန်ပြီးသွားသည့်အထိ အတန်းထဲတွင် ငုတ်တုပ်ထိုင်နေသော်လည်း သူမ၏စိတ်မှာ ယောက်ယက်ခတ်နေခဲ့သည်။ အတန်းချိန်ပြီး၍ အပြင်သို့ထွက်လာသည့်အခါ သူမအား စောင့်နေသည့် ဟန်လျန်ကို တွေ့သည်။
“အတန်းပြီးသွားပြီလား?”
“အိမ်ပြန်မလို့။ ရှင်သွားတော့”
“အိမ်ပြန်မယ်? ဘယ်အိမ်ကိုလဲ? ဟိုရက်က ညန်ညန်နဲ့ အတူတွေ့လိုက်ရတဲ့ အကိုကြီးဆိုတဲ့ကောင်ရဲ့ အိမ်ကိုလား?”
ဟန်လျန်က ခါးသီးစွာပြုံးရင်း ပြောသည်။
“ရှင်ကျွန်မကို လိုက်စုံစမ်းခဲ့တာလား?”
ရှုချင်းရီက မျက်မှောင်ကျုံကာ ပြောသည်။
“ညန်ညန် ဘာမှလန့်စရာမရှိပါဘူး။ ဟိုနေ့တုန်းက လမ်းပေါ်မှာတွေ့ကတည်းက ဒီကမ္ဘာကြီးမှာ ချွတ်ဆွတ်တူတဲ့သူ ရှိပါ့မလားလို့ အံ့သြနေခဲ့တာ။ ညန်ညန်က မှတ်ပုံတင်ကဒ်ထုတ်ပြလိုက်တော့ ပိုရှာရလွယ်သွားတာပေါ့”
ဟန်လျန်က ဆက်ပြောသည်။
“ကိုယ်သူ့ကို သိပါတယ်။ ဒီမြို့မှာ အောင်မြင်နေတဲ့ ရှေ့နေမော့ဟန်မလား။ သူက မှတ်ပုံတင်လုပ်ပေးထားတာ ဖြစ်နိုင်တယ်လေ။ မှတ်ပုံတင်တောင် လုပ်ပေးနိုင်ရင် ညီမအဖြစ်ဟန်ဆောင်ခိုင်းဖို့က ပိုလွယ်သွားပြီ။ အဲ့ဒါကြောင့် ညန်ညန်ကို ပြန်ရှာတွေ့ဖို့ ကိုယ်သိပ်မကြာတော့တာ”
“သူနဲ့ဘာမှမဆိုင်ဘဲ စောင့်ရှောက်ပေးထားလို့ ကျေးဇူးတော့တင်ပင်မယ့် ကိုယ်အရင် ရှာမတွေ့ခဲ့မိတာကိုတော့ ရှက်မိတယ်”
ထိုအချိန်တွင်ပဲ ရှုချင်းရီသည် ဟန်လျန်ကိုကြည့်ရင်း သူမရင်ထဲတွင် အဆင်မပြေတော့ပေ။ သူမသည် အတိတ်ကို မမှတ်မိသော်လည်း အတိတ်ကတော့ သူမထွက်ပြေးလို့ မရတော့ဘူး ဖြစ်သည်။
“ရှင်အခုဘာပြောချင်တာဖြစ်ဖြစ် မနက်ဖြန်မှပြော။ ညီမကတော့ အခုအိမ်ပြန်ရမယ်”
ရှုချင်းရီသည် ဒီလူ၏အဝေးသို့သာ ရှောင်ပြေးနေချင်သည်။
ဟန်လျန်မှာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ သူမနှင့်မတွေ့ရသည်မှာ နှစ်ဝက်လောက်ရှိပြီဖြစ်သလို အတိတ်လည်းမေ့သွားသောကြောင့် သူ့အပေါ်သွေးအေးကာ စိမ်းနေမည်ကို သူနားလည်ပါသည်။ ဒါပင်မယ့်လည်း သူမဟာ တခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို သူခံစားနေရသည်။
“ဒါညန်ညန်အိမ်မဟုတ်ဘူး။ ကိုယ်တို့အိမ်က Fမြို့မှာရှိတာလေ။ မတော်တဆမှုဖြစ်သွားကတည်းက ညန်ညန်ရဲ့မိဘတွေကလည်း အိမ်ပြန်လာမယ့်နေ့ကို ထိုင်မျှော်နေကြာတာ”
ရှုချင်းရီက အေးစက်စွာ ပြုံးလိုက်သည်။
“မတော်တဆ? ဘာမတော်တဆလဲ? ကျွန်မကတော့ ရှင်တို့အကုန်လုံးက ကျွန်မပြန်လာမှာကို မျှော်နေတယ်လို့မထင်ဘူး။ ဘယ်တော့မှ ပြန်မလာအောင် သေရင်သေပါစေဆိုပြီး ရှင်တို့တွေ ပစ်ထားကြတာမလား?”
ဟန်လျန်က သူမအား မယုံကြည်နိုင်ဖွယ်ကြည့်ကာ
“ညန်ညန်. . .ဘယ်လိုဖြစ်လို့ ဒီလိုစကားမျိုး ပြောရက်တာလဲ?”
“ဒါဆိုရင် ရှင်တို့တွေ ဘာဖြစ်လို့ လာမရှာကြတာလဲ? ဆေးရုံမှာ ကျွန်မမျောနေတုန်းက ရှင်တို့ဘာဖြစ်လို့ လာတောင် မကြည့်ကြတာလဲ? ကျွန်မဘယ်သူလဲဆိုတာကို ဘယ်သူမှ လာအတည်ပြုမပေးကြဘူး။ သွေးအိုင်ထဲမှာ လဲနေတုန်းကရော ရှင်တို့ဘာဖြစ်လို့ ရောက်မလာကြတာလဲ? ဘာဖြစ်လို့ ကျွန်မကို မကယ်လဲ? လမ်းပေါ်မှာ စားစရာမရှိ နေစရာမရှိဘဲ လေလွင့်နေတုန်းကရော ရှင်တို့ဘယ်ရောက်နေလဲ?”
ရှုချင်းရီက သည်းမခံနိုင်တော့သည့်အဆုံး အော်ပြောလိုက်သည်။
ဟန်လျန်သည် ကြောင်အသွားသည်။ ထို့နောက် ဒေါသထွက်နေသည့် ရှုချင်းရီအား ကြည့်ကာ အသံပျော့သွားပြီး
“ကိုယ်တို့မရှာဘူးလို့ ဘယ်လိုလုပ် ထင်ရက်ရတာလဲ? ပြန်ပေးဆွဲခံရကတည်းက Fတစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာခဲ့တယ်။ ရဲတွေနဲ့လည်း လိုက်ရှာပင်မယ့် ပြန်ပေးဆွဲသူတွေက ဘယ်ကိုခေါ်သွားလဲဆိုတာ ရှာလို့ကိုမရခဲ့ဘူး။ ပြန်ပေးသမားတွေကိုမိတော့ သူတို့က ညန်ညန်ကို ဓားနဲ့သေအောင်ထိုး၊ အပိုင်းပိုင်းဖြတ်ပြီး မြစ်ထဲကိုမျောလိုက်ပြီလို့ပဲ ပြောကြတာ”
ဟန်လျန်၏မျက်လုံးများက ရဲနေပြီး
“အဲ့ဒီအချိန်တုန်းက ကိုယ်ဘယ်လိုခံစားရသလဲသိလား? သူတို့ကိုသတ်ပစ်လုနီးပါးပဲ! အလောင်းကိုရှာမရတော့ တစ်နေရာရာမှာ ရှင်နေမှာပါလို့ ယုံကြည်ခဲ့တာ။ ကိုယ်အလျော့မပေးခဲ့ဘူး။ ညန်ညန်က ဒီလောက်အလွယ်လေးမယ့်သူမှ မဟုတ်တာ”
ရှုချင်းရီက ဘာမှဝင်မပြောတော့ဘဲ သူ့အားစိတ်ရှုပ်စွာကြည့်ရင်း သူပြောပြနေသည့် အတိတ်အကြောင်းများကိုသာ နားထောင်နေခဲ့သည်။
“ကံကောင်းတာက. . .ကိုယ်ညန်ညန်ကို ပြန်ရှာတွေ့ခဲ့ပြီ”
ဟန်လျန်က ပြုံးရင်းဖြင့်
“ညန်ညန်. . .ကိုယ်နဲ့အိမ်ကို ပြန်လိုက်ခဲ့ပါတော့”
ဒီအချိန်တွင်မှာပဲ ရှုချင်းရီ၏အိတ်ကပ်ထဲမှ ဖုန်းကမြည်လာခဲ့သည်။ မော့ဟန်က ခေါ်နေခြင်း ဖြစ်သည်။