May Honey Logo May Honey
Previous Next

၉၄။ အရက်သောက်ခြင်း

“ဪ တက္ကသိုလ်တောင် တက်နေပြီလား? ဘာမေဂျာယူထားလဲကွ?”

“လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး တက်နေတာပါ။ ဒါပင်မယ့် အခုတော့ စိတ်ပညာပဲ ပြောင်းတက်တော့မလို့”

“မဆိုးပါဘူး။ မဆိုးပါဘူး။ နောက်အကူအညီလိုရင်ပြော။ ငါတို့သေချာပေါက်ကူညီပေးမယ်”

မော့ဟန်က သူမအား လူတိုင်းက ကြည့်နေကြသည်ကို သတိထားမိသည်နှင့် သူအနားသို့ ဆွဲခေါ်လိုက်ကာ အေးစက်စွာ ပြောသည်။
“မစောတော့ဘူး။ ငါတို့သွားစားရအောင်”

သူတို့စားသောက်ဆိုင်ကို ရောက်သည့်အခါ မော့ဟန်၏စားပွဲဝိုင်းတွင် လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများ အပြည့်ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် မော့ဟန်အားကြည့်သည့် နူးညံ့သည့်အကြည့်များကို ရှုချင်းရီက နားလည်သွားသည်။ ထို့ကြောင့် သူမဘေးက မော့ဟန်အား ခပ်တိုးတိုးကပ်ပြောလိုက်သည်။
“ကိုကြီးရဲ့ခန့်ညားမှုအပေါင်းအောက်မှာ ကြွေဆင်းသွားတဲ့ ရုံးက မကြီးတွေ တော်တော်များတာပဲ”

မော့ဟန်က သူမအားကြည့်ကာ အသံခပ်တိုးတိုးဖြင့်
“မုန့်သာစားနေ”

“ဟုတ်”
ရှုချင်းရီက စကားကို နားထောင်စွာဖြင့် ငြိမ်ငြိမ်လေးထိုင်နေသည်။ မုန့်ချလာမည်ကို မျှော်နေရင်း ဇွန်းနှင့် ခရင်းတို့ကို ဆော့နေလေသည်။

ထိုဝိုင်းက မိန်းကလေးများနှင့် စားရင်းဖြင့် စကားပြောနေကြသည်။ ရှုချင်းရီမှာ မျက်လုံးအဝိုင်းသားဖြင့် တိတ်ဆိတ်စွာ အဆက်မပြတ်စားသောက်နေသူ ဖြစ်သည်။ ချပေးသမျှပွဲတိုင်းက သူမအတွက် အရသာရှိလွန်းနေသည်။

“ရှေ့နေကြီး တစ်ခွက်လောက် သောက်ပါဦး”
လျူဇီယွမ်က ရှုချင်းရီအရှေ့ကနေ မော့ဟန်ဆီသို့ ဝိုင်တစ်ခွက် ကမ်းပေးသည်။

မော့ဟန်က ပြုံးရင်းငြင်းသည်။
“ကျွန်တော့် အစာအိမ်က အခုမှပြန်ကောင်းစမလို့ မသောက်နိုင်လို့ပါ”

လျူဇီယွမ်က သူ့ခေါင်းကိုသူရိုက်ကာ
“ကြည့်စမ်းပါဦး! ကျွန်တော့်ခေါင်းမကောင်းပုံများ။ ရှေ့နေကြီးက အခုမှခွဲစိတ်ပြီးစဆိုတော့ သောက်လို့မရတာကို မေ့သွားတယ်ဗျာ။ အာ ဒီဦးနှောက်ကတော့!”

လျူဇီယွမ်က ဝိုင်ခွက်အား စားပွဲပေါ်တွင်ချကာ တခြားနေရာသို့ ထွက်သွားသည်။

ဘေးမှာထိုင်နေသည့် ရှုချင်းရီကတော့ သူတို့ပြောဆိုနေသည်များကို အာရုံမစိုက်နိုင်ပါပေ။ သူမဟာ အမြန်ထိုင်စားနေသောကြောင့် သီးလာသည့် ရေသောက်ရန် ရှေ့ကခွက်ကို ဆွဲသောက်လိုက်သည်။

တစ်ဝကြီးမြိုချပြီးခါမှ သူမပူသည့်အရသာကို ခံစားမိသည်။ သူမ၏ခံတွင်းတစ်ခုလုံးနှင့် လည်ချောင်းတစ်လျှောက်လုံးမှာ ပြင်းထန်သည့်အရသာဖြင့် ပြည့်သွားလေသည်။

“အား!”
ရှုချင်းရီမှာ လည်ပင်းကိုကိုင်ရင်း ထအော်သည်။

မော့ဟန်က သူမကိုကြည့်ကာ ချက်ချင်းပဲ
“ဘာဖြစ်တာလဲ?”

သူမကိုင်ထားသည့်ခွက်ကို သတိပြုမိချိန်တွင်တော့
“အရက်တွေသောက်လိုက်တာလား?”

ရှုချင်းရီက ရေတစ်ငုံသောက်လိုက်ကာမှ အနည်းငယ်သက်သာသွားသည်။
“မသိဘူး အဲ့ဒါအရက်တွေလား”

“အရက်က အရက်၊ ရေကရေပဲ။ အရသာကိုက ကွာနေတာကို။ ဘယ်လိုလုပ်မှားရတာလဲ?”

မော့ဟန်က မျက်မှောင်ကျုံနေပြီ။ သူမလက်ထဲက ခွက်အလွတ်ကို ကြည့်ကာ
“အကုန်သောက်ပစ်လိုက်တာလား?”

ရှုချင်းရီ၏ တစ်ဖက်တွင် ထိုင်နေသည့် ယောက်ျားလေး တစ်ယောက်မှာ
“အဆင်ပြေရဲ့လား?”

ရှုချင်းရီက သူမလည်ပင်းအား လက်ဖြင့် ထပ်မကိုင်ခင် ထိုလူအား လက်ကာပြကာ
“ရပါတယ်”

သို့သော် ထိုပူစပ်ပူလောင် အရသာကြီးမှာ သံသယရှိစရာ မလိုအောင်ကို အဆင်မပြေပါ။

“အရင်တုန်းက သောက်ဖူးလား? အရက်ခံနိုင်ရည်ကရော ဘယ်လောက်ရှိတာလဲ? အဆင်မပြေဘူးဆိုရင် ဟိုနားမှာသွားနားနေလိုက်လေ”
ထိုလူမှာ ရှုချင်းရီအတွက် စဉ်းစားပေးကာ ပြောသည်။

“မသောက်ဖူးပါဘူး။ အရက်ခံနိုင်ရည်လည်း ဘယ်လောက်ရှိမှန်း မသိဘူး။ သိတာဆိုလို့ အခုအရမ်း လည်ချောင်းထဲ ပူနေတာပဲ။ ဒီလိုဟာကြီးကို ရှင်တို့တွေ ဘယ်လိုများ ကြိုက်ကြတာလဲ?”

“ဘယ်သိပါ့မလဲကွာ”
ထိုလူမှာ ရယ်ရင်းပြောသည်။

မော့ဟန်ကတော့ ဒီနှစ်ယောက်မှာ သူ့ကိုတောင် သတိမထားမိကြဘဲ စကားပြောနေကြသည့်အခါ သူစိတ်မှာမကြည်တော့ပါ။ ရှုချင်းရီဘေးကလူကို သူစိုက်ကြည့်လိုက်သည်။ ထိုလူမှာ ကျန်းချင်းချန်ဖြစ်သည်။ ထိုလူက မိန်းမကျမ်းကျေညက်လွန်းသည့်သူဟု သူကြားဖူးခဲ့သော်လည်း ထိုအရာက သူ့၏ကိုယ်ပိုင်ဘဝဖြစ်သလို လုပ်ငန်းခွင်တွင်တော့ အဆင်ပြေသည့်သူဟုသာ သူမြင်ခဲ့လေသည်။ သို့သော် ဒီနေ့တွင်တော့ သူမြင်ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီအား ဒီလိုကောင်၏ အဝေးမှာသာ သူနေစေချင်သည်။

သူ့ဘေးတွင် ထိုင်နေသည့် ရှုချင်းရီကတော့ အများကြီး တွေးမနေနိုင်တော့ပါ။ သူမက ချောင်းနှစ်ခါလောက်ဆိုးပြီးသည့်အခါ သူမ၏တူကို ပြန်ကိုင်ရင်း ဘာမှမဖြစ်သလိုမျိုး ဆက်စားနေသည်။

ရှုချင်းရီက ဘာမှမဖြစ်သလို ဟန်ဆောင်နေသည်ဟု သူအနည်းငယ် စိတ်ထင့်နေပြီ။ သို့သော်လည်း သူ့ဘေးကလူမှာ အလုပ်အကြောင်းပြောနေသောကြောင့် သူ့မှာဆက်နားထောင်နေရသည်။

Previous Chapter 94 of 199 Next