၁၇၃။ ကံကြမ္မာ
မော့ဟန်က မျက်မှောင်ကျုံလိုက်ကာ
“မနေ့တုန်းက သူ့ကိုမင်းဘယ်မှာ တွေ့တာလဲ?”
“ရုံးရှေ့မှာ။ ကျွန်တော် ကော်ဖီဆင်းဝယ်တုန်းက တွေ့တာ”
မော့ဟန်က သူ့ကိုစိုက်ကြည့်နေသဖြင့် လျူဇီယွမ်က ခေါင်းကုတ်ကာ
“သူတစ်ခုခုဖြစ်လို့လား? ဒီလိုဆိုကာမှ ရုံးကိုတောင် သူမလာတော့တာ အတော်ကြာပြီပဲ။ အရင်တုန်းက ခနခနလာတယ်မလား? အခုတော့ သိပ်မလာတော့ဘူးနော်”
“မင်းကသူ့ကို အရမ်းစိတ်ဝင်စားနေတာလား?”
မော့ဟန်က မေးလိုက်သည်။
မော့ဟန်၏အမူအယာပြောင်းသွားသည်ကို မြင်လိုက်သည့်အခါ လျူဇီယွမ်က ကပြာကသီဖြင့်
“မဟုတ်ပါဘူး. . .မဟုတ်ပါဘူးဗျာ။ ရှေ့နေကြီး စိတ်မပူပါနဲ့။ ကျွန်တော်နဲ့ ရှုရှုတို့က သူငယ်ချင်းတွေပါ”
“မင်းက သူ့ကို ရှုရှုလို့ ခေါ်တယ်လား?”
မော့ဟန်လေသံမှာ ရေခဲမှတ်အောက်သို့ ကျဆင်းသွားသည်။
“မဟုတ်ပါဘူး. . .မဟုတ်ဘူး. . . ရှုရှုက ဒီလိုခေါ်ဖို့ ပြောလို့။ ဒီလိုမဟုတ်. . .ကျွန်တော်ပြောချင်တာက. . .”
မော့ဟန်က စိုက်ကြည့်နေသည့်အခါ လျူဇီယွမ်သည် ကြောက်လန့်သွားသည်။ သို့သော်လည်း သက်ပြင်းချကာ
“အစတုန်းက သူ့နာမည်က ခေါ်ရခက်တယ်။ အဲ့ဒါကြောင့် ရှုရှုလို့ပဲ ခေါ်ရမလား မေးလိုက်တော့ ရတယ်ဆိုလို့။ ကျွန်တော်လည်း ခေါ်ဖြစ်သွားတာ”
“မင်းတို့နှစ်ယောက်က အဆက်အသွယ်ရှိနေကြတာလား?”
လျုဇီယွမ်က ခေါင်းခါကာ
“မဟုတ်ပါဘူး။ ခနလောက်လေးပဲ ပြောဖူးတာပါ”
မော့ဟန်၏အမူအယာက အေးစက်လာသည်ကို မြင်သည့်အခါ သူရင်ထဲအသည်းထဲက ကြောက်လန့်လာကာ သူ့ညီမလေးအကြောင်းပြောခြင်းကို ရပ်လိုက်ပြီး
“ဒါနဲ့. . .ရှေ့နေကြီး ကျွန်တော်လုပ်စရာတစ်ခု သတိရလာလို့။ သွားလိုက်ဦးမယ်”
မော့ဟန်၏ ရှေ့နေရုံးထဲမှ ထွက်သွားသည့် ကားပေါ်တွင် ဉက္ကဌကြီးက မော့ဟန်ပြောလိုက်သည့်စကားများကြောင့် ဒေါသထွက်နေသည်။ မော့ဟန်က သွေးအေးသည့်လူဆိုသည်က အရင်ကတည်းက သူကြားဖူးခဲ့သော်လည်း ဒီနေ့မော့ဟန်၏ ပြတ်သားမှုနှင့် ကြုံလိုက်ရသည်။ မော့ဟန်တို့တွင် သက်သေရှိနေသမျှ သူတို့အမှုကိစ္စမှာ ရှုံးတော့မည် ဖြစ်သည်။ မော့ဟန်သည် ဘယ်အမှုကိုမှ မရှုံးဖူးသည့် ရှေ့နေတစ်ယောက်ဖြစ်နေသည်။
“မော့ဟန်ဆိုတဲ့ကောင်က သူ့နေရာကို သူမသိဘူးပဲ”
ကားပြတင်းပေါက်ကို လက်ဖြင့်တောက်ရင်းမှ ဉက္ကဌကြီးက ဒေါသတကြီးပြောသည်။
“လူတွေပြောသလိုပါပဲ”
သူ့ဘေးကရှေ့နေက သံယောင်လိုက်သည်။
“သူ့အားနည်းချက်က ဘာလဲ?”
“ကျွန်တော် သေချာမသိပါဘူး။ ဒါပင်မယ့် ကျွန်တော့်သိသလောက်ဆိုရင် သူ့ဆီကို အကူအညီလာတောင်းတဲ့သူအများစုကို သူကငြင်းလွှတ်တယ်။ ကျွန်တော်တို့ နည်းလမ်းပြောင်းကြမလား? ကျွန်တော် တရားသူကြီးကို ထမင်းဖိတ်ကျွေးပြီး ကျွန်တော်တို့ဘက်က သာအောင် ဘယ်လိုလုပ်သင့်လဲ မေးလိုက်ရမလား?”
ဉက္ကဌကြီးက တားသည်။
“စိတ်မရှည်ဖြစ်မနေနဲ့။ ငါတို့မော့ဟန်ကိုပဲ အာရုံစိုက်ရအောင်။ တရားသူကြီးကို သွားရှုပ်မိရင် ငါတို့ပိုအကျိုးယုတ်လိမ့်မယ်”
ရှေ့နေက
“ဒါပင်မယ့် ဒီနေ့အခြေအနေအရဆိုရင်တော့. . .”
ဉက္ကဌကြီးက ပြုံးကာ
“မော့ဟန်ကို ခက်ခဲအောင် လုပ်လိုက်ရုံပေါ့။ သူနဲ့ရင်းနှီးတာ ဘယ်သူရှိလဲ?”
“သူနဲ့ရင်းနှီးတဲ့သူ? အာ. . .မော့ဟန်မှာ ညီမတစ်ယောက်ရှိတယ်လို့ ကြားဖူးတယ်။ ဟုတ်တယ်. . .ဟုတ်တယ်။ သွေးရင်းတော့ မဟုတ်ပင်မယ့် နိုင်ငံခြားက သူ့မိဘတွေက မွေးစားထားတဲ့သူတဲ့။ ဒီလိုပြန်ရောက်လာတာ မကြာသေးဘူး”
ဉက္ကဌကြီးက စိတ်ဝင်စားစရာ တွေ့သည့်အလား မျက်လုံးလက်သွားကာ
“သွေးရင်း မဟုတ်ကြဘူးလား?”
“ဟုတ်တယ်။ ဒါပင်မယ့် သူတို့မောင်နှမတွေက အရမ်းချစ်ကြတဲ့ပုံပဲ။ သူ့ညီမက ရုံးကိုခနခနလာတက်တယ်”
“နာမည်က ဘယ်သူတဲ့လဲ?”
“ရှုချင်းရီ”
“ကြည့်ရတာ ငါတို့ရှုချင်းရီနဲ့ စကားပြောဖို့ လိုနေပြီ”
ရှေ့နေက စိုးရိမ်သွားကာ
“အဆင်ပြေပါ့မလား? မော့ဟန်ကို ဒီလိုလုပ်လို့ရမယ် မထင်ဘူး။ သူ့အတန်းဖော်တစ်ယောက်က အကူအညီသွားတောင်းတာတောင် ဉပေက္ခာပြုလိုက်တယ်လို့ ကြားဖူးတယ်။ မော့ဟန်ရဲ့ ချစ်သူကနေတစ်ဆင့် အကူအညီထပ်တောင်းတာလည်း မရဘူး”
ဉက္ကဌကြီးက အကောင်းဆုံးအဖြေတစ်ခုကို ရှာတွေ့သွားသလို ခံစားရကာ
“စိတ်မပူပါနဲ့။ ကောင်မလေးတစ်ယောက်က မော့ဟန်ထက်တော့ ပိုပြောလို့ကောင်းမှာပါ။ သူ့ညီမက ငါတို့စကားကို နားမထောင်ဘူးဆိုင်လည်း အကြမ်းနည်းသုံးကြတာပေါ့”
“ဒါဆိုရင်လည်း ကျွန်တော်သူ့ကို ဆက်သွယ်ကြည့်လိုက်ပါ့မယ်”
ရှေ့နေက ပြန်ပြောသည်။
ရှုချင်းရီမှာတော့ ဒုက္ခရောက်နေရှာသည်။ သူမက မနက်တုန်းက မော့ဟန်ကို စိတ်ဆိုးသွားကာ ပြန်မလာတော့ဘူးဟု ရည်ရွယ်ရင်း အိမ်ပေါ်က ဆင်းလာခြင်း ဖြစ်သည်။
ငြင်းခံလိုက်ရတာနဲ့ ဒီလိုဖြစ်သွားတယ်လား? ငါနဲ့သံယောဇဉ်အကုန်ဖြတ်ပြီး မသိတဲ့သူလို နေတော့မလို့လား? ငါနဲ့အဝေးမှာနေဖို့ ဆုံးဖြတ်လိုက်တာလား? သူတို့က ချစ်သူလို ဆက်ဆံရေးမျိုး မဟုတ်ရင်တောင်မှ သူမကို ဒီလိုလုပ်ဖို့ လိုအပ်လို့လား?
ရှုချင်းရီက မော့ဟန်သည် ခပ်ကြောင်ကြောင်လုပ်နေသည်ဟု ခံစားနေမိသည်။ သူမငြင်းလိုက်မိသည်နှင့် အကုန်လုံးက သူမ၏အပြစ်လိုမျိုး သူမအားရှောင်ဖယ်နေကာ သူမကို သည်းမခံနိုင်အောင် လုပ်နေသည်။
ဒါပင်မယ့် ဒီလောက်လုပ်ဖို့လိုအပ်လို့လား? မော့ဟန်က သူမပွင့်လင်းစွာ ပြောလို့ရသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ဒါကို သူကသူမအား ရှောင်ဖယ်နေတော့ သူမတွင် စကားပြောစရာ လူမရှိတော့ပေ။
ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသန်းပေါင်းများစွာ ရှိနေသော်လည်း သူမပြောစရာလူက တစ်ယောက်တောင် ရှိမနေပေ။
ဤသို့ဖြင့် ရှုချင်းရီသည် ဟိုဘက်မြို့သို့ ခရီးထွက်လာကာ သူ့အမေနှင့်အတူ သူမ၏ညီမလေးအုတ်ဂူသွားရန် သူမဆုံးဖြတ်လိုက်သည်။
သူမ၏အမေက အမှန်ကိုသိပြီးနောက် သူမပြန်လာသည့်အခါ သူမအား အပြုံးလေးဖြင့်သာ ကြိုဆိုခဲ့သည်။ သူတို့သည် စုန်ယွဲ့ညန်၏အုတ်ဂူရှေ့သို့ ရောက်လာသည်။
“အမှန်ကိုသိသွားရင် အမေ့ကိုလာတွေ့မှာ မဟုတ်တော့ဘူးလို့ အမြဲထင်နေခဲ့တာ”
သူမ၏အမေက ပြောသည်။
“သမီးရဲ့အမေပဲဟာ”
ရှုချင်းရီက သူမနှင့်တစ်ပုံစံတည်းတူသည် အုတ်ဂူက ပုံလေးကိုကြည့်ရင်း ဖြေသည်။
သူမ၏အမေက သူမအား ပြုံးကြည့်ကာ
“အရင်တုန်းက သမီးအကြောင်းကို နားထောင်ချင်လား?”
“ဟုတ်ကဲ့။ ပြောပြပါ”
“သမီးရဲ့အကျင့်စရိုက်က အရင်တုန်းက အတိုင်းပဲ။ ညီမလေးကတော့ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ အပြင်သွားပြီး လူတွေနဲ့ပြောဆိုရတာကို ကြိုက်တယ်။ ဒါပင်မယ့် သမီးကတော့ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီးတော့ စကားသိပ်မပြောဘူး။ သမီးက ထူးခြားတယ်။ အပြင်မှာ လူတွေကို ဆူပုတ်နေတဲ့ မျက်နှာထားနဲ့ ပြောဆိုတက်ပင်မယ့် စာအုပ်ကြိုက်တဲ့သမီးက တကယ်တော့ ကြင်နာတက်တယ်။ အိမ်မှာဆိုရင် လူတိုင်းကိုပျော်အောင် တစ်ခါတစ်လေ လိုက်စနေတက်သေးတယ်”
ရှုချင်းရီက ပြုံးကာ
“တကယ်လား? ငယ်ငယ်တုန်းက အဲ့ဒီလိုလား? သမီးသေချာတော့ မမှတ်မိဘူး။ မှတ်မိတာဆိုလို့ အမေ့ပေါင်ပေါ်မှာ ငိုနေတာပဲရှိတယ်”
သူမ၏အမေက သမီးနဲ့အတူပြုံးကာ
“ဪ ဟိုအချိန်တုန်းကထင်တယ်။ သမီးဘာဖြစ်လို့ ငိုနေတာလဲ သိလား?”
“ဘာဖြစ်လို့လဲ?”
“ကျောင်းက ပြန်လာတော့ ခွေးလေးတစ်ကောင်ကို ကားကြိတ်သွားကာကို မြင်လိုက်တာလေ။ သမီးက ခွေးလေးကို အနားကလူတွေကို တိရိစ္ဆာန်ဆရာဝန်ဆီကို သွားပို့ဖို့ပြောသေးတယ်။ ဒါပင်မယ့် သူတို့က သေသွားပြီဆိုပြီး လျစ်လျူရှုလိုက်ကြတာ။ သမီးကိုလည်း လျစ်လျူရှုပြီး ကျောင်းသွားဖို့ ပြောကြတယ်။ သမီးကတော့ ခွေးလေးကို ဆရာဝန်ဆီ မရမက သွားပို့လိုက်ပင်မယ့် ဆရာဝန်က အချိန်မှီ မကယ်လိုက်နိုင်ဘူး။ အမေက ဆေးခန်းကို လိုက်လာတော့ သမီးက ထောင့်လေးမှာ ကွေးကွေးလေး ငိုနေတာပဲ”
ရှုချင်းရီက သူမ၏အမေစကားများကို ကြားသည့်အခါ သူမ၏မှတ်ညဏ်တို့က ဝေဝါးစွာ ပေါ်လာသည်။
“ဟန်လျန်က ပြောဖူးတယ်။ သမီးတို့က ကွဲနေကြတာဆို”
သူမ၏အမေမျက်နှာတွင် ဝမ်းနည်းမှုတို့က ပေါ်လာသည်။
“ဘဝကြီးကလည်းကွယ်။ အမေ့ဘေးမှာ ညန်ညန်ရှိနေတုန်းက သမီးက မရှိဘူး။ သမီးပြန်ရောက်လာတော့ ညန်ညန်က မရှိတော့ဘူး။ ဒါကကံကြမ္မာ သတ်မှတ်ပြီးသားလား မသိပါဘူး။ အမေ့ဘေးမှာ တစ်ယောက်တည်းပဲ ရှိရမယ်လို့”
“သမီးအဖေရဲ့ကုမ္ပဏီကြပ်တည်းနေတုန်းက ဝန်ထမ်းတွေကို လခပေးဖို့ ခက်ခဲခဲ့တယ်။ အမြတ်ရတာနဲ့ ပြန်ရှင်းနိုင်မယ်ထင်ပြီး အတိုးပေးတဲ့လူမိုက်တွေဆီက ချေးခဲ့ရတယ်။ ဒါပင်မယ့် ၁လအတွင်း အကုန်ပြောင်သွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ? လူမိုက်တွေက အိမ်ထဲကိုရောက်လာပြီး ပစ္စည်းတွေကို ရိုက်ခွဲကြတယ်။ သမီးအဖေက ဒူးထောက်တောင်းပန်ပင်မယ့် သူတို့က အပေါ်ဆုံးသုံးထပ်အထိ ဆွဲခေါ်သွားကြတယ်။ သမီးအဖေကို အပေါ်ထပ်ကနေ ပစ်ချပြီး သေသွားရင် သူတို့အာမခံယူမယ်လုပ်တာပေါ့”
“အဲ့ဒီအချိန်တုန်းက သမီးတို့တွေက ၁၁နှစ်ပဲ ရှိကြသေးတယ်။ ညီမလေးက ကြောက်လန့်ပြီး အမေ့ကိုဖက်ငိုနေတာ။ သမီးကတော့ လူမိုက်တစ်ယောက်ကို စိုက်ကြည့်ပြီး လွှတ်ပေးစေချင်ရင် ဘယ်လိုလုပ်ရမလဲလို့ သွားမေးတယ်”
ရှုချင်းရီက သူမ၏အမေပြောသည်ကို မယုံနိုင်ဖွယ်ဖြစ်သွားသည်။ သူမက တကယ်အဲ့ဒီလို ဖြစ်ခဲ့တာလား?
သူမ၏အမေက သူမကိုကြည့်ကာ ခပ်ဖျော့ဖျော့လေးပြုံးရင်း
“တကယ်ပြောနေတာ”
သူမ၏အမေက ဆက်ပြောသည်။
“အမေတို့လည်း လန့်သွားတာ။ အဲ့ဒီအချိန်တုန်းက သမီးက သူရဲကောင်းလေးလိုပဲ။ အမေတို့အရှေ့မှာကာရပ်ပြီး မျက်နှာမှာအမာအရွတ်နဲ့လူမိုက်ကြီးကို သွားမေးတာ။ အဲ့ဒီလူက သူတို့ကိုပျော်အောင်လုပ်ပေးရင် လွှတ်ပေးမယ်လို့ ပြောတယ်”
“စိတ်ထဲမှာ တစ်ခုခုဖြစ်တော့မယ်လို့ အမေလည်းထင်တာနဲ့ သမီးကို လှမ်းဆွဲလိုက်သေးတယ်။ သမီးကတော့ မကြောက်မလန့် ဘယ်လိုပျော်အောင် လုပ်ပေးရမလဲလို့ မေးတယ်။ အမေက သမီးပါးစပ်ကို အမြန်လှမ်းပိတ်လိုက်လည်း မမီလိုက်ဘူး”
“အဲ့ဒီနောက် သူတို့က သမီးကို ဆွဲခေါ်သွားကြတာ။ အမေဆွဲထားတာတောင် အမေ့လက်ကိုချိုးပြီး သမီးကိုခေါ်သွားကြတာ။ သမီးအဖေကလည်း ဝရံတာမှာ ပြုတ်ကျတော့မတက်ဖြစ်နေတော့ လာမကူနိုင်ဘူး။ အဲ့ဒီလိုနဲ့ပဲ သမီးကိုခေါ်သွားတာကို အမေ့မှာ အော်ငိုနေရုံအပြင် ဘာမှမတက်နိုင်ခဲ့ဘူး”