May Honey Logo May Honey
Previous Next

၁၃၀။ ပြန်နိုးလာပြီ

သူ့ဘေးနားတွင် သူအားဆေးလိပ်ပေးသည့် သက်လတ်ပိုင်းလူကြီးက မော့ဟန်အား စကားပြောချင်သော်လည်း မော့ဟန်က သစ်ပင်ကိုမှီကာ ခပ်ခွာခွာနေသလို တစ်သီးသန့်ဆန်ကာ တည်တင်းလွန်းသည့် မျက်နှာထားကြောင့် မပြောရဲပေ။

သူဆေးလိပ်သောက်ပြီးသည့်အခါ မီးငြိမ်းသွားသည့် ဆေးလိပ်တိုကို လက်ထဲတွင် ကိုင်ထားသည်။ ထိုအခါမှ သက်လတ်ပိုင်းလူကြီးက
“ဆေးလိပ်ထပ်ယူဦးမလား?”

မော့ဟန်က ထိုလူအား ခေါင်းခါပြလိုက်သည်။ သူကဆေးလိပ်တိုကိုကိုင်ရင်း အတွေးများနေပုံရသည်။ ထို့နောက် ထိုမီးငြိမ်းနေသည့် ဆေးလိပ်စအား အမှိုက်တောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူပြန်မသွားခင် ထိုသက်လတ်ပိုင်းလူအား လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြရင်း
“ကျေးဇူးတင်ပါတယ်ဗျာ”

ထို့နောက် မော့ဟန်က ရှုချင်းရီကိုထားသည့် ဆေးရုံအဆောင်သို့ ပြန်လာသည်။ အခန်းဝကို ရောက်သည့်အချိန်မှာပဲ အခန်းထဲမှ ကွဲကျသံတို့က ဆီးကြိုနေသည်။ သူအမြန်တံခါးဖွင့်ကာ ဝင်လာတော့ ရှုချင်းရီက ကုတင်စွန်းတွင် ပြုတ်ကျတော့မလိုဖြစ်နေကာ ကောင်းသေးသည့် လက်တစ်ဖက်က သူမအားသွင်းထားသည့် ဆေးပိုက်တန်းလန်းဖြင့် မမှီသည့် စားပွဲပေါ်ကို လမ်းလှမ်းနေသည်။

“ဘာတွေလုပ်နေတာလဲ?”
မော့ဟန်က သူမအား ကုတင်ပေါ်သို့ သေချာပြန်လှဲစေကာ သူမလက်ကို ဆွဲဖမ်းထားလိုက်ရသည်။ ရှုချင်းရီလက်မှဆေးပိုက်မှာ ပြုတ်တော့မလို ဖြစ်နေသောကြောင့် သွေးစို့နေသည်။ မော့ဟန်က အရင်ပုံအတိုင်း သေချာပြန်ထိုးလိုက်ရကာ ငြိမ်ငြိမ်နေဖို့ ပြောလိုက်ရသည်။

အောက်စီဂျင်ပိုက်တပ်ထားရသောကြောင့် ရှုချင်းရီမှာ အဆင်မပြေသည့်ပုံပေါ်ကာ မျက်မှောင်လေး ကျုံထားသည်။ စကားလည်း သူမပြောမရပေ။

မော့ဟန်က စားပွဲပေါ်ကနေ ကျကွဲနေသည့် ရေခွက်နှင့် ဖိတ်စင်ထားသည့် ရေတို့ကိုကြည့်ကာ
“ရေသောက်ချင်နေတာလား?”

ရှုချင်းရီက ခေါင်းငြိမ့်သည်။

မော့ဟန်က ကုတင်ဘေးမှနေ ရှုချင်းရီအားထိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် ခွက်အသစ်ဖြင့် ရေဖြည့်ကာ ရှုချင်းရီသောက်လို့ရရန် ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

ရှုချင်းရီက ရေကိုနည်းနည်းသောက်သာ သောက်နိုင်လေသည်။ ထို့နောက် စိတ်အေးသွားသည့်ပုံလေးဖြင့် မော့ဟန်အား မျက်လုံးတစ်ဝက်လောက်သာ ပွင့်ရင်းကြည့်လာသည်။

“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက မော့ဟန်အား ဒီလိုကြည့်နေသည့်အခါ မော့ဟန်မှာ မလွယ်ကူသလို ခံစားရသည်။

“ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ?”
ရှုချင်းရီ၏လေသံမှာ ခြောက်ကပ်ကာ ကွဲအက်နေသော်လည်း လှောင်သံပါနေသည်။

“ကိုကြီးပုံစံက စုတ်ပျက်နေတာပဲ။ နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးတွေတောင် ရှည်နေသလိုပဲ”

မော့ဟန်က သူမနှုတ်ခမ်းပေါ်က ရေတို့ကို သုတ်ပေးကာ ပြုံးရင်း ဘာမှပြန်မပြောပေ။

“အိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ?”
ရှုချင်းရီက မေးသည်။

“တစ်ညလောက်ပါပဲ”

ရှုချင်းရီက မျက်လုံးပြန်မှိတ်သွားသည်။
“ဆေးလိပ်သောက်လာတာလား?”

“အင်း”

“ဆေးလိပ်ထပ်မသောက်ပါနဲ့လား။ ညီမလေး အနံ့ကြီးကို မခံနိုင်လို့”
ရှုချင်းရီက နူးညံ့စွာပြောသည်။

“ဟုတ်ပါပြီကွာ”

ရှုချင်းရီမှာ ခေါင်းနာလာသည်။ သူမခေါင်းအနောက်မှာ ကိုက်ခဲလာသည်။ မပျောက်သေးသည့် သူမခေါင်းဒဏ်ရာကြောင့် ချွေးအေးများ ထွက်လာသည်။ သူမတစ်ကိုယ်လုံးက ကိုက်ခဲနေကာ လူတောင် မလှုပ်နိုင်တော့ပေ။

“တောင်းပန်ပါတယ်။ ဖုန်းကို မကိုင်လိုက်မိလို့”
မော့ဟန်က တိတ်ဆိတ်မှုကို အသံတိုးတိုးလေးဖြင့် ဖြိုခွင်းလိုက်သည်။

“ရပါတယ်။ ကိုကြီးဖုန်းကိုင်လည်း ဒီလိုဖြစ်မှာက ရှောင်လို့မရလောက်ပါဘူး”
ရှုချင်းရီက သူဖုန်းမကိုင်ခြင်းကို အာရုံသိပ်မရှိသလိုပင်။

“နောက်ကျသွားလို့လည်း တောင်းပန်ပါတယ်”
မော့ဟန်က ခေါင်းငုံကာ လက်ပိုက်ရင်းဖြင့် ပြောလာသည်။

ရှုချင်းရီက မော့ဟန်ဆီမှ ဒီလိုလေသံမျိုးကို တစ်ခါမှ မကြားဖူးသဖြင့် အနည်းငယ်အံ့သြသွားသည်။ မော့ဟန်ကိုကြည့်ရသည်မှာ စားကျက်မြေရှုံးသွားသည့် တောဘုရင်တစ်ကောင်လိုပင်။ သို့သော်လည်း ရှုချင်းရီက အတွေးပြောင်းလိုက်သည်။ တောဘုရင်က သူ့စားကျက်မြေကို အဆုံးရှုံးခံစရာအကြောင်းမှ မရှိတာ။ ပြီးတော့လည်း မော့ဟန်က တောဘုရင်တစ်ကောင်မဟုတ်ဘဲ တည်ငြိမ်မှုအပြည့်ဖြင့် ရှေ့နေတစ်ယောက်ဖြစ်သည်လေ။

“မနောက်ကျပါဘူး။ အနည်းဆုံးတော့ ညီမလေး အသက်ရှင်သေးတယ်လေ။ ပြီးတော့ အဲ့ဒီလူလည်း လိုချင်တာကိုမရပါဘူး”
ရှုချင်းရီက သူ့လက်ကိုကိုင်ထားသည့် မော့ဟန်လက်က ပိုတင်းလာကာ အနည်းငယ်တုန်သွားသည်ကို သတိထားမိသောကြောင့် ပြောလိုက်ခြင်း ဖြစ်သည်။

“ပိုစောစောရောက်လာခဲ့ရမှာ”

ရှုချင်းရီက ရေသောက်ပြီနောက် စကားခနပြောလိုက်ရုံနှင့် အားကုန်သွားသည်။ မော့ဟန်၏ အသံကိုနားထောင်နေရင်းဖြင့် သူမစိတ်သက်သာရာရလာကာ ပင်ပန်းမှုကြောင့် အိပ်ချင်လာသည်။
“ကိုကြီး ခနအိပ်လိုက်ဦးမယ်။ ပင်ပန်းနေလို့”

ရှုချင်းရီ၏မျက်ခွံများမှာ တောင့်မထားနိုင်တော့ပေ။
“နိုးမှစကားထပ်ပြောကြမယ်နော်”

ရှုချင်းရီက ထိုင်နေရာမှ ပြန်လှဲအိပ်ရန် လုပ်လိုက်သော်လည်း ထိုသို့လှဲရန်ကိုက သူမအတွက် ခက်ခဲလွန်းနေသည်။

မော့ဟန်က ခေါင်းငြိမ့်ကာ သူမအားအိပ်ရာပေါ်တွင် လှဲနိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် ဂရုတစိုက်စောင်ပါခြုံပေးသည်။

Previous Chapter 130 of 199 Next