၁၇၈။ ရည်းစားဟောင်း
“ငါအလုပ်တွေကို လက်စသတ်ပြီးတာနဲ့ လာခဲ့မယ်”
ရှုချင်းရီက ပြုံးလိုက်ကာ
“ဟုတ်ပြီ ဒါဆိုရင် စောင့်နေမယ်။ လက်မှတ်ရောင်းတဲ့ နေရာနားမှာပဲရှိမယ်”
“အင်း။ တခြားပြောစရာရှိတော့ရင် ဖုန်းချတော့မယ်”
သူတို့ဖုန်းချလိုက်သည့်အခါ ရှုချင်းရီသည် လက်မှတ်ကိုကိုင်ကာ ပျော်ရွှင်စွာ ထိုင်စောင့်နေသည်။ ဘာမှမဖြစ်ခဲ့သလို အရင်တုန်းကလိုမျိုး သူမတို့ပြန်နေရသည်မှာ သူမအတွက် အရမ်းကောင်းလွန်းသည်။ သူမ၏ဘေးနားတွင် မော့ဟန်ရှိနေသောကြောင့် သူမအထီးကျန်ရမှာ မဟုတ်တော့ပေ။
သိပ်မကြာခင်မှာပဲ မော့ဟန်ကရောက်လာသည်။ ရှုချင်းရီက
“နောက်ကျမှ ရောက်လာမယ်ထင်တာ”
“အလုပ်ပြီးတာနဲ့ ချက်ချင်းလာခဲ့တာ”
ထို့နောက်တွင် ရုပ်ရှင်ပြမည့်အချိန်သို့ ရောက်လာသည်။ ရှုချင်းရီကြည့်ချင်သည့်ရုပ်ရှင်မှာ ကြောက်ဖို့ကောင်းသည့်နိုင်ငံခြားကားဖြစ်သည်။ ရုပ်ရှင်၏ ကြောက်ဖို့ကောင်းသည့်အပိုင်းများကို ရောက်သည့်အခါ ရှုချင်းရီဘေးမှ မော့ဟန်သည် ထူးမခြားသာဖြစ်သည်။ ရှုချင်းရီကို ကြည့်လိုက်သည့်အခါ သူမသည် အရမ်းကြောက်နေ၍ တုန်နေသည်။ မော့ဟန်ကတော့ ရုပ်ရှင်ကိုမကြည့်တော့ဘဲ သူမကိုသာ ငေးကြည့်နေမိသည်။ မော့ဟန်သည် သူမအား သဘောကျနေခြင်းကို ရပ်တန့်၍ မရနိုင်ကြောင်း သိလိုက်ရသည်။
ရုတ်တရပ် ရှုချင်းရီသည် လန့်သွားကာ ခုံလက်တန်းပေါ်တင်ထားသည့် သူ့လက်ကိုလာကိုင်သည်။ မော့ဟန်သည် ရင်ခုန်သွားသည်။ မော့ဟန်က သူမ၏လက်ကိုဖယ်ရန် လုပ်လိုက်သော်လည်း ရှုချင်းရီကတော့ သူ့လက်ကိုတင်းနေအောင် ဆုပ်ကိုင်ထားသည်။ သူမသည် သေမလောက် ကြောက်နေသော်လည်း ရုပ်ရှင်ကိုတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ဆက်ကြည့်နေသည်။ သူမသည် သူ့လက်ကို ကိုင်ထားမိကြောင်းကို သတိထားမိပုံမရပေ။
မော့ဟန်က ရှုချင်းရီ၏လက်ကိုမဖယ်တော့ဘဲ သူမလက်ပေါ်တွင် သူ့နောက်လက်တစ်ဖက်ဖြင့် ထပ်ကိုင်လိုက်ကာ ရုပ်ရှင်ကို ဆက်ကြည့်နေသည်။ သို့သော်လည်း သူ့အာရုံကတော့ သူမ၏လက်ပေါ်တွင်သာ ရှိလို့နေတော့သည်။ ဤသို့ဖြင့် မော့ဟန်သည် ဇာတ်ကားဆုံးသည့်အထိ မလှုပ်ဘဲငြိမ်နေခဲ့သည်။
ရုပ်ရှင်ပြီးသွား၍ ရုပ်ရှင်ရုံထဲမှ မီးများလင်းလာပြီး လူတွေထွက်ကြသည့်အခါမှသာ ရှုချင်းရီသည် ထလိုက်သည်။ သို့သော်လည်း သူတို့လက်များက တွဲထားဆဲပင် ဖြစ်သည်။
“ပြန်ကြရအောင်”
မော့ဟန်က သူမကိုကြည့်ကာ ထလိုက်သည်။ ထို့နောက် ရှုချင်းရီလက်ကို ဆက်ဆွဲကာ ထွက်လာကြသည်။ သူတို့ရုပ်ရှင်ရုံထဲကထွက်သည့်အခါ လူအများကြီးတိုးနေကြသဖြင့် ရှုချင်းရီသည် မော့ဟန်ကို တိုးမိသွားမှသာ သူတို့လက်တွဲထားကြသည်ကို သတိထားမိသွားသည်။ မော့ဟန်က သူမ၏လက်ကိုတွဲရင်းဖြင့် သွားနေသည့်အချိန်တွင် ရှုချင်းရီက မော့ဟန်တွဲထားသည့် သူမ၏လက်ကို ကြည့်ရင်းဖြင့် လျှောက်လာသည်။
ထို့နောက်တွင်မှ ရုပ်ရှင်ကြည့်နေတုန်းက မော့ဟန်၏လက်ကို သူမကိုင်လိုက်မိမှန်း သတိရတော့သည်။ ထိုအချိန်တုန်းက သူမဘယ်လိုမှ မနေသော်လည်း အခုတော့ သူမအနေရခက်လာသလိုပင်။ ထို့ကြောင့် မော့ဟန်၏လက်ထဲမှ မသိမသာ ဆွဲထုတ်လိုက်သည်။ မော့ဟန်ကတော့ ရှေ့ကဆက်လျှောက်နေသော်လည်း သူ့၏လက်ဖျားတို့က အနည်းငယ်တုန်သွားသည်။
“ဗိုက်ဆာတယ်။ တစ်ခုခုစားရအောင်”
ရှုချင်းရီသည် အနေရခက်စွာဖြင့် ပြောလိုက်သည်။
“ဘာစားချင်လဲ?”
“ဘာပဲဖြစ်ဖြစ်။ ဗိုက်နည်းနည်းပဲ ဆာတာပါ။ ရှေ့ကဆိုင်မှာ စားကြမယ်လေ”
ရှုချင်းရီသည် သူမ၏မျက်စိအရှေ့ကဆိုင်ကို ထိုးပြလိုက်သည်။
သူတို့နှစ်ယောက်သည် ထိုင်လိုက်ကြကာ မုန့်မှာလိုက်သည်။ ထို့နောက် သူမသန့်စင်ခန်းသို့ဝင်ရန် ခနထွက်သွားလိုက်သည်။ သူမပြန်လာသည့်အခါ မော့ဟန်၏အရှေ့တွင် မိန်းမတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခေါင်းရှုပ်သွားသည်။ သူတို့အနားသို့ ရောက်လာ၍ သူမ၏အသံကို ကြားသည့်အခါ ရှန်ယို့မှန်း သိလိုက်သည်။ မော့ဟန်၏ ရည်းစားဟောင်းပင်။
‘ဘာပါလိမ့်? မော့ဟန်က ဒီလိုနောက်ကျနေတဲ့အချိန်မှ တစ်ယောက်ယောက်နဲ့ မုန့်ထွက်စားနေတာလား?’
ရှန်ယို့သည် သူမ၏အနောက်မှ ပေါ်လာသည့် ရှုချင်းရီကိုမြင်သည့်အခါ ပြုံးရင်း ပြောသည်။
ရှန်ယို့သည် ပို၍လှလာပုံရသည်။ သူမ၏မျက်နှာတွင် မိတ်ကပ်တို့ကို လှပစွာ ခြယ်သထားကာ အစိမ်းဖျော့စကတ်တိုကို ဝတ်ထားသဖြင့် သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းတို့ကလည်း ထင်ရှားနေသည်။ ရှုချင်းရီသည် မော့ဟန်၏ အကြိုက်ကို စိတ်ထဲနေ မချီးကျူးဘဲ မနေနိုင်ပေ။ သူ့တွင် ဒီလိုရုပ်ရောလူရော လှပလွန်းသည့် ချစ်သူရှိခဲ့ဖူးသည်။
“ဒီမှာထိုင်လို့ရတယ်မလား?”
ရှန်ယို့က ရှုချင်းရီထိုင်သည့်နေရာကို ဘေးတွင်ရပ်ရင်း ပြောသည်။
“မရဘူး”
ရှုချင်းရီက ခေါင်းခါလိုက်ကာ ခုံတွင်အမြန်ဝင်ထိုင်လိုက်သည်။
မော့ဟန်ကတော့ အေးစက်နေသည့်မျက်နှာဖြင့် စကားတစ်ခွန်းမှ မပြောပေ။
“ဟိုတနေ့လောက်ကပဲ ငါပြန်ရောက်တာ။ အလုပ်ရှိလို့ ဒီနားကနေ ဖြတ်သွားရင်း မော့ဟန်ထိုင်နေတာမြင်လို့ လာနှုတ်ဆက်တာ”
ရှန်ယို့က မော့ဟန်ကိုကြည့်ကာ နောက်လိုက်သည်။
“ငါတို့ပြန်တွေ့တဲ့အနေနဲ့ ငါ့ရည်းစားဟောင်းကို ငါဝယ်ကျွေးရင် ကောင်းပါ့မလား? ရည်းစားဟောင်းကြီး ဘယ်လိုထင်လဲ?”
“နောက်မှပဲ”
မော့ဟန်က ပြောသည်။
“နောက်မှမဟုတ်ဘဲ ဒီနေ့ဆိုရင်ရော? ငါလည်း စားချင်စိတ်ပေါက်လာတော့ ငါ့တို့တစ်ယောက်နဲ့တစ်ယောက်တွေ့ခွင့်ရသွားတာပေါ့”
ရှန်ယို့က ပြောသည်။
ထိုအချိန်တုန်းက သူတို့ဘာကြောင့်ပျက်သွားမှန်းမသိသည့် ရှုချင်းရီသည် သူတို့ဒီလိုတွေ့နေကြသည့်အခါ အခုတော့ ပိုစိတ်ရှုပ်လာပြီဖြစ်သည်။ သူမသည် ဒီနေရာတွင် မရှိသင့်သလို ခံစားရသည်။ သူမသည် အနေရခက်နေသောကြောင့် တိတ်ဆိတ်စွာ ခေါင်းငုံထားလိုက်သည်။ ကံကောင်းသည်မှာ မုန့်တွေမှာ ရောက်လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီသည် မုန့်စားရင်းဖြင့် ခေါင်းကိုမဖော်တော့ပေ။
“နင်တို့နှစ်ယောက်က အခုဘာလုပ်နေတာလဲ? နောက်ကျနေတာကို အပြင်ရောက်နေတာလား?”
မော့ဟန်က ဘာမှမပြောဘဲ သူမလိုသာ စားနေသည်။ တိတ်ဆိတ်သွားသဖြင့် ရှုချင်းရီမှာ ဝင်ဖြေလိုက်ရသည်။
“အတန်းဖော်တွေနဲ့ ရုပ်ရှင်ကြည့်ဖို့ လုပ်ထားတာ။ သူတို့က အကြောင်းရှိလို့ ပြန်သွားတော့ လက်မှတ်ကိုနှမြောတာနဲ့ ကိုကြီးကို ရုပ်ရှင်ကြည့်ဖို့ ခေါ်လိုက်တာ။ အခုပဲ ရုပ်ရှင်ပြီးလို့ ထွက်လာကြတာ”
ရှန်ယို့နှုတ်ခမ်းတို့က ကွေးတက်သွားကာ မော့ဟန်ကို ကြည့်ပြီး
“သူနဲ့လား? ရုပ်ရှင်ကြည့်တယ်ပေါ့”
“အင်း. . .ကိုကြီးက တကယ်တော့ လာချင်တာမဟုတ်ဘူး. . .အတင်းခေါ်လိုက်လို့သာ”
ရှုချင်းရီ၏လေသံမှာ ရုတ်တရပ်ပျော့သွားသည်။
ရှန်ယို့က မော့ဟန်ကို စိုက်ကြည့်ရင်း
“မော့ဟန် ငါကတော့ ဘာပြောရမလဲ မသိတော့ဘူး။ နင့်လိုလူမျိုးက သူများကို ရုပ်ရှင်အဖော်လိုက်ကြည့်ပေးတဲ့နေ့ ရှိသေးတယ်ပေါ့”
ရှုချင်းရီသည် သူမစကားမှားသွားသလို ခံစားလိုက်ရသည်။ သူမရှင်းပြချင်သော်လည်း ရှန်ယို့က
“ကြည့်လိုက်ရုံနဲ့ နင်တို့တွဲနေပြီဆိုတာ သိသာပါတယ်။ ဘယ်အချိန်ကတည်းကလဲ?”
ရှုချင်းရီ၏ မျက်လုံးအစုံမှာ ပြူးသွားသည်။
“မဟုတ်ပါဘူး။ မဟုတ်ဘူး. . .အထင်လွဲနေတာပါ. . .ညီမလေးတို့က ဒီတိုင်းရုပ်ရှင်ပဲ ကြည့်ကြတာပါ”
ရှန်ယို့ကတော့ သူမကိုလျစ်လျူရှုထားရင်း မော့ဟန်ကို ကြည့်ကာ
“ဘယ်အချိန်ကတည်းက နင်တို့ဖြစ်နေကြတာလဲ? နင်တို့ဘယ်အဆင့်ရောက်နေပြီလဲ? အိပ်ရာပေါ်ရောက်ပြီးနေပြီလား?”
ရှုချင်းရီသည် မီးတောင်ပေါက်သလိုမျိုး ဒေါသတွေထွက်လာသည်။
“မင်းအရှုပ်ထုပ်တွေ လုပ်လို့ဝပြီလား?”
မော့ဟန်က ပြောသည်။
“ငါကအရှုပ်ထုပ်တွေလုပ်တယ်? အခုတော့ ဒီလိုဖြစ်နေပြီလား? ငါတို့တွဲနေတုန်းက သူကပြဿနာဖြစ်မယ့်သူပါလို့ ငါနင့်ကိုအခါခါပြောတယ်။ နင်ကငါပြောတာကို မယုံဘူး။ အခုတော့ ငါတို့ပျက်တာ ၃လကျော်ပဲရှိသေးတယ် နင်ကဒီကောင်မနဲ့ ရှုပ်နေပြီပေါ့?”
ရှန်ယို့က ထပြောသည်။
ရှုချင်းရီက
“မကြီး အထင်လွဲနေတာ။ ညီမလေးက ကိုကြီးနဲ့ တွဲမနေဘူး။ ပြီးတော့ မကြီးပြောသလိုလည်း တစ်ခုမှ မဟုတ်ဘူး”
မော့ဟန်ကလည်း
ငါတို့ပျက်တုန်းက အကြောင်းအရင်းကို ငါမင်းကိုသေချာပြောပြီးသား။ မင်းကို နားလည်မယ်ထင်ခဲ့တာ။ အခုတော့ ငါပြောသမျှ ဘာတစ်ခုမှ မင်းကနားမထောင်သွားဘူးပဲ”
ရှန်ယို့မှာ ဒေါသအရမ်းထွက်သွားသည်။
“အကြောင်းအရင်းလား? နင်တို့နှစ်ယောက်ကို အခုလိုမတွေ့ခင်အထိ နင့်ရဲ့ပေါက်ပန်းလေးဆယ် ဆင်ခြေတွေကို ငါယုံခဲ့မိတယ်။ ဒါပင်မယ့် အခုတော့ ဒီကောင်မကြောင့် ငါ့ကိုထားခဲ့မှန်း ငါသေချာနားလည်သွားပြီ”
သူမသည် ပြောပြီးသည်နှင့် ရှုချင်းရီအား အပိုင်းပိုင်းဆွဲဖြဲချင်သလို စိမ်းစိမ်းဝါးဝါးကြည့်လာသည်။
ရှုချင်းရီမှာ ရှန်ယို့၏ လက်ရှိစိတ်နှင့်လူမကပ်သည့် အခြေအနေကြောင့် ဘာကိုမှ ဝင်ပြောမနေတော့ပေ။ ဆိုင်ထဲကလူတွေကတော့ သူတို့အား ကြည့်နေကြသည်။
မော့ဟန်က
“ရှန်ယို့ ငါတို့ပျက်သွားပြီပဲ။ ငါမှာချစ်သူရှိတာမရှိတာ မင်းနဲ့ဘာဆိုင်တော့လို့လဲ။ အဲ့ဒါကို ဘာဖြစ်လို့ ဒေါသလာထွက်နေတာလဲ?”
ရှန်ယို့က သူ့ကိုကြည့်ကာ မျက်ရည်များဝဲလာသည်။
“ငါတို့ဒီနေ့တော့ စားနိုင်တော့မှာ မဟုတ်ဘူး။ နောက်နောင် ငါတို့ထပ်မတွေ့ကြရင် ကောင်းလိမ့်မယ်”
မော့ဟန်က သူ့ပစ္စည်းတွေကို ယူပြီးသည့်အခါ ရှုချင်းရီ၏လက်ကိုဆွဲထွက်သည်။
ရှုချင်းရီမှာ အနည်းငယ် တွေဝေနေသော်လည်း မော့ဟန်မှာ ဒီနေရာတွင် ဆက်မနေချင်တော့သဖြင့် သူ့မ၏လက်ကို အားဖြင့်ဆွဲလိုက်သည်။ ရှန်ယို့ကတော့ သူတို့ကို မျက်လုံးထဲတွင် မီးတဝင်းဝင်းတောက်ကာ ကြည့်နေသည်။ ထို့နောက် ရှုချင်းရီအား တွန်းထုတ်ပစ်လိုက်သည်။ ရှုချင်းရီမှာ သူမကိုဒီလိုလုပ်မည် မထင်သောကြောင့် အငိုက်မိသွားကာ ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။
“xxမ!”
ရှန်ယို့က ရှုချင်းရီအား ဆဲဆိုသည်။
မော့ဟန်က သူမအား အော်ပြောတော့သည်။
“ရှန်ယို့! တော်တော့!”