၁၈၉။ ထွက်သွားတော့မယ်
မော့ဟန်က သူမအား သူ့ပုခုံးပေါ်တွင် မှီထားစေရင်း ကြည့်လိုက်သည့်အခါ သူမသည် မျက်တွင်းများမည်းနေ၍ မျက်နှာလေးကရဲနေသည်။ ထို့ကြောင့် နဖူးကို စမ်းကြည့်လိုက်သည့်အခါ ကိုယ်ကနွေးနေလေသည်။
သူမက သူ့ပုခုံးပေါ်တွင် ငြိမ်သက်စွာဖြင့် ဆက်အိပ်ပျော်နေသည်။ ထို့ကြောင့် ဆိုင်ကမိန်းကလေးမှာ သူမတစ်ခုခုဖြစ်နေပြီထင်၍ ဆေးရုံသို့ပို့ရန် တွေးနေခြင်းဖြစ်သည်။ သူနဲ့မတွေ့ရသည်မှာ တစ်ပတ်ကျော်ပဲ ရှိသေးသည်။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုဖြစ်သွားရသလဲ?
မော့ဟန်က သူနှင့်သူမကြားက အိတ်ကိုဖယ်လိုက်သည်။ ထိုအခါ အိပ်ထဲမှ ဆေးတစ်ဘူးထွက်ကျလာသည်။ သူကောက်လိုက်သည့်အခါ အိပ်ဆေးဖြစ်နေသည်။ မော့ဟန်က သူ့ဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ရှုချင်းရီအား လှည့်ကြည့်လိုက်မိသည်။
သူ့ဆီကို ရောက်လာသည့်နေ့တုန်းက ရှုချင်းရီသည် ဖက်လုံးလာယူသည်ကို သူမှတ်မိပါသေးသည်။ အခုတော့ သူမသည် ကောင်းကောင်းအိပ်မပျော်၍ အိပ်ဆေးပါသောက်နေရသည့် အခြေအနေဖြစ်နေလေပြီ။
နေ့လည်ခင်း နေရောင်ခြည်က ဆိုင်ထဲတွင် လင်းနေစေကာ နူးညံ့သည့် ဂီတာတီးသံကိုလည်း ဖွင့်ထားသည်။ မော့ဟန်က လမ်းဘေးက ဖြတ်သွားဖြတ်လာများကို ငေးရင်းဖြင့် သူမလက်ကို ဆုပ်ကိုင်ထားမိသည်။
အချိန်တွေကို ရပ်တန့်လိုသာရလျှင် မော့ဟန်သည် ဒီအခိုက်အတန့်လေးကို ရပ်ထားချင်သည်။ သူ့ဘဝတွင် ဒီလိုမျိုး စိတ်အေးလက်အေးဖြင့် စိတ်ငြိမ်နေသည့် အခိုက်အတန့်မျိုးက မရှိခဲ့ဘူးသလို ဖြစ်သည်။
ညနေစောင်းကိုရောက်မှ ရှုချင်းရီက နိုးလာသည်။ နေက တဖြည်းဖြည်းချင်းဝင်သွားကာ တိမ်တောက်လာသည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာတော့မှာ ဖြစ်သောကြောင့် လမ်းမီးများက လင်းလာသည်။ ကြယ်တို့ကလည်း နက်ပြာရောင် ကောင်းကင်ကြီးတွင် ထွက်လာသည်။
သူမသည် နိုးလာသည်နှင့် လည်ပင်းကို ထိလိုက်မိသည်။ သူမအိပ်သည့် အနေအထားမမှန်သောကြောင့် လည်ပင်းက အနည်းငယ်နာနေသည်။ သို့သော်လည်း ခေါင်းလေ့ကျင့်ခန်း ခနလုပ်လိုက်သည့်အခါ သိပ်မနာတော့ပေ။ သူမနာရီကို ကြည့်လိုက်သည့်အခါ သူမအိပ်လိုက်သည်က ၄နာရီလောက် ရှိသွားပြီဖြစ်သည်။ ဒီလိုအိပ်လိုက်ရသဖြင့် သူမစိတ်ပျော်သွားသည်။
ထို့ကြောင့် နောက်နောင် ဒီဆိုင်မှာ လာအိပ်ဦးမည်ဟု ရှုချင်းရီက ဆုံးဖြတ်လိုက်သည်။ ရှုချင်းရီသည် ပျော်ရွှင်စွာဖြင့် ဆိုင်ကမိန်းကလေးအား အပိုကြေးပေးရန် အိတ်ကိုဆွဲ၍ သူမဆီသို့ ထွက်သွားလိုက်သည်။ သူမသတိမထားလိုက်မိသည်မှာ သူမထိုင်နေသည့် ဆိုင်၏မျက်နှာချင်းဆိုင်တွင် ကားတစ်စီးမှာ အကြာကြီးရပ်ထားခြင်းကိုပင်။
ထို့နောက် ရှုချင်းရီသည် အိမ်ကိုပြန်လာတော့သည်။ သူမ၏အမေက ဦးလေးအိမ်ကို သွားစရာရှိသောကြောင့် ၂ရက်ကြာမှ ပြန်လာမည်ဟု ဟန်လျန်က ပြောသည်။ ထို့ကြောင့် ဟန်လျန်နှင့် သူမသာ အိမ်မှာရှိတော့သည်။ ဟန်လျန်က စားသောက်ဆောင်မှ အစားအသောက်များကို သူမအားမှာကျွေးလေ့ရှိသည်။
သူတို့နှစ်ယောက်သည် အတူတူစားကြကာ ဟိုနေ့ညက ဖြစ်ခဲ့သည့်ကိစ္စကို မေ့လျော့နေကြသလို ဟန်ဆောင်ထားကြသည်။ ဤသို့ဖြင့် သူမဒီအိမ်ကို ရောက်ခါစ အခြေအနေပြန်ဖြစ်သွားတော့သည်။ ဟန်လျန်က စားနေချိန်တွင် အရင်တုန်းက သူမအကြောင်းတို့ကို ဝေဝေဆာဆာပြောလေ့ရှိကာ ရှုချင်းရီကတော့ အပြုံးလေးဖြင့် နားထောင်လေ့ရှိသည်။ စားသောက်ပြီးသည်နှင့် သူမသည် ဧည့်သည်အခန်းထဲသို့ အရင်လိုပဲ ဝင်သွားတော့သည်။
ဟန်လျန်က စကားပြောဖို့ သူမ၏အခန်းထဲကို ရောက်လာသောအခါ ရှုချင်းရီသည် ကုတင်ပေါ်တွင် မျက်လုံးလေးကိုမှိတ်ကာ အိပ်ချင်ယောင်ဆောင်ထားလိုက်သည်။ နေ့လည်တုန်းက သူမကောင်းကောင်းအိပ်ထားရသဖြင့် ညသန်းခေါင်အချိန်လောက်အထိ နိုးနေသည်။ ရှုချင်းရီသည် ကုတင်ပေါ်တွင် ငုတ်တုပ်ထိုင်နေရင်း စောင်ကိုဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်ဖြင့် လျှောက်ဆော့နေသည်။
ထို့နောက် အိမ်တံခါးဖွင့်သံကြားလိုက်ရသည်။ ဘယ်သူမှန်းမသိ အိမ်ထဲကို ရောက်လာပြီဖြစ်သောကြောင့် ရှုချင်းရီသည် စောင်ကိုခြုံကာ အိပ်ရာပေါ်တွင် အမြန်လှဲလိုက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ သိပ်မကြာခင်မှာပဲ သူမ၏အခန်းတံခါးက ပွင့်လာကာ အခန်းထဲသို့ အပြင်မှမီးရောင်နှင့်အတူ ယောက်ျားတစ်ယောက်၏အရိပ်က ဝင်လာသည်။ ထိုအရိပ်မှာ ဟန်လျန်ဖြစ်သည်။ ရှုချင်းရီကို တံခါးဘက်ကို ကျောပေးထားသည် ဖြစ်သောကြောင့် ငြိမ်ငြိမ်လေး ဆက်နေလိုက်သည်။ ခနကြာသော် သူမ၏အခန်းတံခါးကို ပြန်ပိတ်ကာ ထွက်သွားသည်။
ရှုချင်းရီသည် အပြင်ဘက်မှ သူမအမေစကားပြောနေသံကို ကြားလိုက်ရသည်။ ခုနတုန်းက သူမ၏အမေ ပြန်ရောက်လာခြင်းဖြစ်မည်။ သူမသည် အိပ်ရာပေါ်မှဆင်းကာ အခန်းတံခါးကို နားကပ်၍ အပြင်မှာ ဘာတွေပြောနေကြသလဲကို သေချာကြားရအောင် ခိုးနားထောင်လိုက်သည်။
“အိပ်ပျော်နေပြီလား?”
ထိုအသံမှာ သူမ၏အမေအသံဖြစ်သည်။
“အိပ်သွားပြီ”
ဟန်လျန်က ပြန်ပြောသည်။
“ဦးလေးဆီမှာရော အခြေအနေဘယ်လိုရှိလဲ?”
“ပြဿနာသိပ်မရှိပါဘူး။ ၂ရက်လောက်နေရင် ငါတို့ညန်ညန်ကို အဲ့ကိုခေါ်သွားလို့ရပြီ”
“ကောင်းတာပေါ့”
သူတို့ပြောနေသည့်အကြောင်းအရာမှာ သာမန်လိုပင်ဖြစ်သော်လည်း သူတို့၏လေသံများက ထူးခြားနေသည်ကို ရှုချင်းရီက သေချာကြားလိုက်သည်။ သူတို့သည် သူမအား အမြဲတစေနူးညံ့စွာ ပြောတက်ကြသည်။ သို့သော် သူတို့အခုပြောနေသည့် လေသံက အေးစက်ကာ စိတ်ခံစားချက်မဲ့နေသလို ဖြစ်သည်။
“ခုနတုန်းက. . .ရဲစခန်းက ဖုန်းဆက်တယ်. . .သူတို့တွေ့ပြီလို့ ပြော. . .”
ဘာအကြောင်းကြောင့်မှန်းမသိ သူမအမေ၏လေသံမှာ တုန်ရီနေသည်။
“တော်တော့။ ဒီအကြောင်းကို ထပ်မပြောနဲ့”
ဟန်လျန်က စကားစကို ဖြတ်သည်။
“ဒါပင်မယ့်. . .ငါတို့သေချာသိတယ်လေ. . .”
“ဘာကိုသိတာလဲ? အခုက အမှန်မဟုတ်ဘူးလား? ဒီလိုအခက်အခဲတွေကြားမှာ သူကကျွန်တော့်ဆီကို ရောက်အောင် ပြန်လာခဲ့တာ။ ဒါကို သူ့ကိုပြန်လွှတ်မလို့လား?”
သူမ၏အမေက တိတ်ဆိတ်သွားပြီးနောက် ဝမ်းနည်းသည့် လေသံဖြင့်
“မဟုတ်ပါဘူး။ ငါ့သမီးလေးပဲကို။ ဒုက္ခတွေကြားက ငါ့တို့ဘေးကို ပြန်ရောက်လာတာ ငါကသူ့ကို လွှတ်ပေးစရာလား။ ငါ့မှာသူပဲရှိတော့တာ”
“သူပြန်ရောက်နေတာကို နားလည်စမ်းပါ”
ဟန်လျန်၏လေသံကတိုးသွားကာ
“ဘာတွေပဲဖြစ်ဖြစ် သူက ကျွန်တော်တို့နဲ့ပဲ အမြဲအတူရှိနေရမယ်”
“ဒါပင်မယ့်. . .ဟန်လျန်. . .သူ့အတွက် မတရားရာမကျဘူးလား?”
သူမ၏အမေက မေးသည်။
“ဒါဆိုရင် ဘယ်သူကရော ကျွန်တော်တို့ကို မျှမျှတတဆက်ဆံလို့လဲ? လွန်ခဲ့တဲ့ ၆လတုန်းက ဘယ်လိုဖြတ်ကျော်လာရတာလဲဆိုတာကို မေ့သွားပြီလား?”
“ဟန်လျန် ငါ့မှာဘယ်သူမှ မရှိတော့ဘူး။ ဒီသမီးလေးပဲရှိတာ။ သူ့အဖေကလည်း ဆုံးသွားပြီ။ ငါဒီလိုမျိုး ထပ်အဖြစ်ခံမှာ မဟုတ်ဘူး။ သူ့မှာလဲ နင်ပဲရှိတာ။ သူ့ကိုကောင်းကောင်းဆက်ဆံပြီးတော့ ခံစားရအောင် မလုပ်ပါနဲ့”
“အရင်တုန်းကလိုပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ။ နင့်မှာ ဘာအကြောင်းပဲရှိရှိ ငါ့ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်နေချင်လို့ပါ”
ရှုချင်းရီက တံခါးမှာကပ်ကာ သူမအမေပြောလိုက်သည့်စကားအထိ နားထောင်နေသည်။
သူမမျှော်လင့်ချက်တွေ အကုန်ပျောက်သွားသလို သူမခံစားလိုက်ရသည်။ သူမသည် အရင်တုန်းက သေလုမတက် ဒုက္ခပေါင်းစုံခံခဲ့ရပုံရသည်။
“သိပါတယ်။ ကျွန်တော်လည်း သိတယ်။ သူ့ကိုပဲ ကျွန်တော်လည်း ချစ်တာ။ အခုရော နောင်ရော ဘာတွေပဲဖြစ်လာပါစေ ဆက်ချစ်သွားမှာပါ”
ဟန်လျန်က ပြောသည်။
ရှုချင်းရီက ဆက်နားမထောင်ချင်တော့သောကြောင့် ကုတင်ပေါ်သို့ ပြန်လာလိုက်သည်။ သူတို့အသံတွေက အမှောင်ထဲမှာ တိုးသွားသည်။ သူတို့က စကားဆက်ပြောနေသေးလား ရပ်လိုက်ပြီလား သူမသေချာမသိသော်လည်း သူမဆက်နားမထောင်နိုင်တော့ပေ။
သူမသည် ကုတင်ပေါ်တွင် စောင်ခြုံကာ လှဲချလိုက်သည်။ သူမ၏ခေါင်းထဲတွင် သူတို့ခုနတုန်းက ပြောသည့်စကားများဖြင့် ပြည့်နေသည်။ သိပ်မကြာခင်မှာပဲ အခန်းတံခါးက ပွင့်လာပြန်သည်။ ဟန်လျန်ပဲ ဖြစ်ပါသည်။
သူမဒီကိုရောက်လာကတည်းက ဟန်လျန်က သူမအိပ်ရာဝင်သည့်အချိန်တိုင်း သူမကို ခနခနလာကြည့်လေ့ရှိသည်။ သူလုပ်နေသည့်ပုံမှာ သူမသည် ရုတ်တရပ် ပျောက်ကွယ်သွားမှာကို ကြောက်နေသလိုဖြစ်သည်။
ရှုချင်းရီသည် တံခါးပိတ်သံနှင့်အတူ ဟန်လျန်တိုးတိုးရေရွတ်သွားသည်ကို ကြားလိုက်သည်။
“ကိုယ်ညန်ညန်ကို အမြဲချစ်ပါတယ်”
ရှုချင်းရီ၏ဘဝသည် ဒီမြို့မှာ တဖြည်းဖြည်းချင်း အခြေကျလာခဲ့သည်။ သူမသည် ဟန်လျန်စီစဉ်ပေးထားသည့် အရင်တုန်းက သူမတက်ခဲ့သည့် ဒီဇိုင်းကျောင်းကို သွားတက်သည်။ ကျောင်းမှ အတန်းပြီးလျှင် ရှောင်မေးတို့ စားသောက်ဆိုင်ကို သွားကာ စကားစမြီပြောလေ့ရှိသည်။ ထိုဆိုင်ကို သွားရခြင်းအကြောင်းမှာ သူမအိမ်ကို စောစောမပြန်ချင်၍ ဖြစ်သည်။
သူမ၏အိပ်ချိန်မှာလည်း အမြဲဆိုးဝါးနေသောကြောင့် တစ်ခါတစ်ရံ ကော်ဖီဆိုင်တွင် တစ်နာရီလောက် သွားအိပ်တက်သည်။ သူမဆိုင်ကို ရောက်လျှင် ဆိုင်ကမိန်းကလေးမှာ သူမသောက်နေကျ milk shakeကို မှာစရာမလိုအောင် ချလာပေးတက်သည်။ တစ်နာရီနှစ်နှာရီဝန်းကျင်မှာ သူမသည် အကြောဆန့်ကာ နိုးလာလေ့ရှိသည်။
“ဒီနေ့တော့ နင့်ကိုအဖော်လာလုပ်ပေးနေတဲ့ လူချောလေး မတွေ့ပါလား?”
သူမနိုးလာသည့်အခါ ကောင်တာကို ငွေသွားရှင်းသည့်အချိန်တွင် ဆိုင်ကမိန်းကလေးက မေးလာသည်။ အခုတလော သူမသည် ဒီဆိုင်မှာ လာအိပ်နေကြ ဖြစ်သောကြောင့် ထိုမိန်းကလေးနှင့် သူမခင်မင်နေပြီဖြစ်သည်။
ရှုချင်းရီက ပဟေဠိဖြစ်သွားသည်။
“လူချောလေး?”
“အင်း အရမ်းချောတဲ့လူလေ။ နင်နဲ့သူနဲ့ ဘယ်လိုပတ်သက်လဲ သိချင်နေတာ။ အတွဲတွေမလား?”
ဆိုင်ကမိန်းကလေးက ပြုံးရွှင်စွာဖြင့် မေးသည်။
“လူမှားနေတာထင်တယ်။ ကျွန်မက တစ်ယောက်တည်း လာတာပါ”
“မမှားပါဘူး။ ဒီဆိုင်ကို ပထမဆုံးရောက်လာတဲ့နေ့တုန်းက နင်ကဟိုမှန်နားက ခုံမှာအိပ်နေတာလေ။ ငါ့မှာတော့ တစ်ခုခုများ ဖြစ်သွားလို့ ဆေးရုံပို့ရမလား လန့်နေရတာ။ နောက်တော့ လူချောလေးတစ်ယောက်ရောက်လာပြီး နင့်ကိုသိတယ်ပြောတယ်။ သူကနင့်ဘေးမှာပဲ ထိုင်သွားတာလေ မမှတ်မိဘူးလား?”
ရှုချင်းရီက တွေးကြည့်သော်လည်း ဘာကိုမှ မမှတ်မိပေ။
‘ဟန်လျန်လား? မဖြစ်နိုင်ဘူး။ သူဆိုရင် ငါနိုးလာရင် ပြောပြမှာပေါ့။ ဒါမှမဟုတ် ငါမှတ်ညဏ်ထပ်ပျောက်သွားတာလား?’
သူမတွေးမရဖြစ်နေသည်ကိုမြင်သည့်အခါ ထိုမိန်းကလေးသည် သူမ၏ပုခုံးကိုပုတ်ကာ
“နင့်အတွက် ငါဓာတ်ပုံခိုးရိုက်ပေးထားတယ်။ သူကလည်း ချောတာကိုး”
သူမသည် မျက်လုံးများ တလက်လက်ထကာ ပြောသည်။
“နင်တို့နှစ်ယောက် အတူထိုင်နေကြတာ အရမ်းလိုက်ဖက်တာပဲ။ အားကျလိုက်တာနော်”
ရှုချင်းရီက သူမဖုန်းထဲကိုပုံကို ကြည့်လိုက်သည့်အခါ အေးခဲသွားတော့သည်။
ထိုလူမှာ မော့ဟန်ဖြစ်သည်။ နေရောင်ခြည်အောက်တွင် သူမသည် မော့ဟန်ကိုမှီထားရင်း ခေါင်းကိုလည်း သူ့ပုခုံးပေါ်တင်ထားသည်။ မော့ဟန်ကတော့ ဆိုဖာကို မှီထိုင်ကာ ကော်ဖီတစ်ခွက်ကို တည်ငြိမ်စွာ သောက်နေသည်။
‘ဘယ်လိုလုပ်သူဖြစ်နေတာလဲ? ဟိုဘက်မြို့မှာမလား? ဒီမြို့ကို ဘယ်တုန်းကလာတာလဲ? အဲ့ဒီနေ့တုန်းက ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ? သူ့တစ်ကိုယ်လုံးကို သူမမှီထားတာတောင် သူမက ဘယ်လိုလုပ် မမှတ်မိရတာလဲ?’
ရှုချင်းရီ၏စိတ်ထဲတွင် မေးခွန်းများစွာက ထွက်လာသည်။
“မှတ်မိပြီမလား? အဲ့ဒီနေ့တုန်းက သူကအကြာကြီး ဒီမှာထိုင်သွားတာ။ အစကတော့ နင့်ကို အဖော်လာလုပ်ပေးတယ်ထင်တာ။ နောက်တော့ နင့်တစ်ယောက်တည်း ပြန်ဖြစ်သွားတာပဲ”
ရှုချင်းရီသည် ခေါင်းငိုက်စိုက်လျှက် ဘာမှပြန်မပြောနိုင်တော့ပေ။
“ဪ ဒီဆိုင်ကို နှစ်ယောက်သား တစ်ရက်လောက် လာခဲ့ကြပါဦးနော်။ ဆိုင်မှာ အတွဲတွေအတွက် ပရိုမိုရှင်းပွဲရှိတယ်။ နင်တို့ပုံသာ ဝင်ပြိုင်ရင် သေချာပေါက်နိုင်မှာ။ နှစ်ယောက်က အရမ်းလိုက်တာပဲ”
ရှုချင်းရီက ကသီးကအောင့်ဖြစ်စွာ ပြုံးပြီးနောက်
“ရပါတယ်။ သူကမအားဘူး။ ပြီးတော့လည်း ဒီလိုပွဲတွေကို သူကစိတ်ဝင်စားမယ် မထင်ဘူး”