May Honey Logo May Honey
Previous Next

၉၈။ နမ်းတဲ့နည်း

မော့ဟန်က ကြောင်အနေသည့် ကောင်လေးအား ကြည့်ကာ
“တောင်းပန်ပါတယ်။ တကယ်လန့်သွားမှာပဲ။ သူကမူးလာရင် ဒီလိုပဲ”

ထိုကောင်လေးမှာ ရှုချင်းရီအား ကူကယ်ရာမဲ့စွာကြည့်ရင်း ပြုံးရုံပဲတက်နိုင်တော့သည်။

မော့ဟန်ကတော့ သူမအား ဒီနေရာတွင် ကြာကြာဆက်မထားနိုင်တော့ပါ။ သူ့အိတ်ထဲက လိပ်စာကဒ်ကို ထိုကောင်လေးအား ပေးကာ
“ဒီနေ့အခြေအနေအရ ဒီလိုလုပ်မှပဲ ဖြစ်တော့မှာ မလို့ပါ။ စိတ်မရှိရင် ကျွန်တော်တို့ စက်ဘီးကို ယူစီးသွားပါ့မယ်။ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်ဗျာ”

ထိုကောင်လေးက နားလည်ကြောင်းပြောကာ သူထွက်မသွားခင် သူ့အိမ်လိပ်စာကို ပြောပြသွားခဲ့သည်။

ရှုချင်းရီမူးသွားသည့်နောက်မှာတော့ မော့ဟန်က အခုစက်ဘီးနင်းရဖို့ ဖြစ်လာသည်။ အခုသူ့အတွက် အရေးကြီးသည်ကလည်း သူမအား အိမ်သို့လုံခြုံစွာ ပြန်ပို့ပေးပြီး အိပ်ခိုင်းရန်သာ ဖြစ်သည်။ ဆိုးသည်ကတော့ သူ့အတွေးများကို နားမလည်သည့် ရှုချင်းရီမှာ သူမဟာသူမ ပျော်ရွှင်စွာရယ်နေသည်။ သူမက အသံတိတ် သီချင်းညည်းနေကာ လက်များကို တလှုပ်လှုပ်ဖြင့် ကနေသည်။ မော့ဟန်က သူမပြုတ်ကျမှာ စိုးရိမ်သောကြောင့်
“ငြိမ်ငြိမ်နေ။ ငါ့စကားနားထောင်ပြီး ငါ့ကိုကိုင်ထား”

ရုတ်ချင်းဆိုသလိုပဲ ရှုချင်းရီဟာ သူ့ခါးကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်ကာ သူ့ကျောကိုမှီလာသည်။ မော့ဟန်က သူမ၏အပြုအမူကြောင့် လန့်သွားကာ စက်ဘီးမှောက်တော့မလို ဖြစ်သွားသည်။

“သဘောကျလား?”
ရှုချင်းရီက နောက်ကနေ မေးသည်။

မော့ဟန်က စက်ဘီးကို ဆက်နင်းနေရင်းက သူမအား လျစ်လျူရှုထားသည်။

“သဘောကျလားလို့!”
မော့ဟန်အားလှုပ်ကာ လေသံက ကျယ်လာသည်။

“ဘာကိုလဲကွာ?”
မော့ဟန်မှာ စိတ်အနှောင့်အယှက် ဖြစ်နေသည်။

“အနမ်းကိုလေ”
ရှုချင်းရီက နူးညံ့စွာရယ်နေသည်။

မော့ဟန်က ဒီတစ်ခါမှာတော့ စက်ဘီးဘရိတ်ကို ညှစ်မိသည့်အထိ လန့်သွားသည်။ ရှုချင်းရီမှာ သူ့ကျောဖြင့် ဆောင့်မိသွားသည်။ သို့သော်လည်း သူက ဘာမှပြန်မဖြေဘဲ စက်ဘီးကို ဆက်သာနင်းသည်။

“တစ်ခုခုပြောလေ? သဘောကျလားလို့?”
မော့ဟန်က ဒီအမူးသမားလေးအား အတည်ကြီး ပြန်ဖြေစရာ မလိုအပ်မှန် သူသိသောလည်း တည်ငြိမ်စွာဖြင့်
“အဲ့ဒါက အနမ်းမှ မဟုတ်တာ”

“ငါ့ရဲ့နမ်းတဲ့နည်းကို လာငြင်းနေတာလား?”
ရှုချင်းရီက အနည်းငယ်ဒေါသထွက်သွားကာ ပြောသည်။ သူမက မျက်လုံးတစ်ဝက်လောက်ပဲ ပွင့်တော့သော်လည်း ခေါင်းကိုတော့ခါနိုင်သေးသည်။

မော့ဟန်က ခေါင်းရမ်းမိသွားသည်။ သူမအား သူတကယ်ကို ဘာမှထပ်မပြောချင်တော့ပါ။ ထို့ကြောင့် ရှုချင်းရီက သူ့အားနားပူနားကျီလုပ်နေသည်များကို လျစ်လျူရှုကာ စက်ဘီးကိုသာ ခပ်သွက်သွက် နင်းနေတော့သည်။

ကံကောင်းစွာဖြင့် သူတို့အိမ်ပြန်ရောက်သည့်အခါတွင်တော့ ရှုချင်းရီမှာ သူ့ကျောကိုမှီရင်း အိပ်ပျော်နေပြီ ဖြစ်သည်။ သူမအား သူမနှိုးရဲသောကြောင့် သတိထားပြီး ပွေ့ခေါ်သွားလိုက်ရသည်။ သူ့အတွက် စိန်ခေါ်မှုတစ်ရပ်လို သူမအား အိပ်ရာပေါ် ချပေးသည့်အချိန်အထိ သူသတိထားကာ သယ်သွားသည်။ ကုတင်ပေါ်တွင် အန္တာရယ်ကင်းစွာ အိပ်ပျော်နေသည့် သူမကိုကြည့်ရင်း သူသက်ပြင်းချမိသည်။

မနက်ဖြန်နိုးလာလျှင် ရှုချင်းရီ ဘယ်လိုဖြစ်သွားမလဲ သူမသိပါ။ ထပ်လည်း သူမတွေးချင်တော့ပေ။ အခုသူလုပ်ချင်သည်ဟူ၍ သူ့အခန်းသို့ပြန်ကာ ဝင်အိပ်ခြင်းပင် ဖြစ်တော့သည်။

နောက်နေ့ မနက်မှာတော့ သူနိုးလာသည့်အခါ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ သူနိုးလာပြီးနောက် အနောက်တိုင်းဝတ်စုံ ဝတ်ပြီးသည့် အချိန်တိုင်အောင် တိတ်ဆိတ်နေခြင်းက သူ့အားစိုးရိမ်စေသည်။

ရှုချင်းရီ၏အခန်းသို့ သူတံခါးသွားခေါက်လိုက်သည်။ သို့သော် ပြန်ဖြေသံ မကြားရပါ။ ထို့ကြောင့် တံခါးဖွင့်ပြီးဝင်သွားသည့်အခါ သူမမှာ စောင်ကို ခေါင်းမြီးခြုံ အိပ်နေသည်။ ထို့ကြောင့် မော့ဟန်မှာ သူမအသက်ရှုကြပ်လိမ့်မည်ဟု စိုးရိမ်သွားသည်။

Previous Chapter 98 of 199 Next