၁၅၂။ အံ့ဖွယ်ည
“နေမကောင်းရင် အမေ့ကို ပြောလေ။ လူမကောင်းရင် ဆရာဝန်ဆီကို သွားပြကြမယ်။ စိတ်ထဲမှာ နေလို့မကောင်းရင်တော့ စိတ်ပညာရှင်နဲ့ ဆွေးနွေးလို့ရတယ်။ သမီးနေကောင်းအောင် အမေတို့ အကုန်လုပ်ပေးမယ်”
ရှုချင်းရီက သူမလက်ကိုပုတ်လိုက်ကာ
“ရပါတယ်။ နေမကောင်းရင် အမေ့ကို ပြောပါ့မယ်”
ရှုချင်းရီမှာ မနေ့တုန်းကမှ ဒီအမျိုးသမီးကြီးကို မြင်ဖူးတာ ဖြစ်ပင်မယ့်လည်း သူမအမေလို့ သူမမှတ်ယူလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးအား ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
“အရင်တုန်းက သမီးမှာ သေတ္တာရှိတယ်မလား? သံနဲ့လုပ်ထားလေ။ တော်တော်ဟောင်းပြီထင်တယ်။ ဘယ်နားကို ထားမိလဲ အမေသိလား?”
“သံသေတ္တာလား? အင်း. . .အဲ့ဒါက. . .ဟိုးအရင်တုန်းကပါ။ ငယ်ငယ်တုန်းက သမီးက ထူးဆန်းတဲ့ဟာတွေကို စိတ်ဝင်စားတက်တော့ အဲ့သေတ္တာထဲထည့်စုထားတာ။ အရင်နှစ်တုန်းက ပစ္စည်းတွေသိမ်းရင်း ဘယ်နားမှာထားလိုက်မိလဲ မသိတော့ဘူး။ သိုလှောင်ခန်းထဲပဲ ရောက်သွားသလားပဲ”
“ဒါဆိုရင် မနက်လင်းရင် သွားကြည့်လိုက်မယ်”
“ဘာဖြစ်လို့သွားရမှာလဲ? အဲ့နေရာမှာ ဖုန်တွေနဲ့။ သမီးရှာတွေ့မှာလည်း မဟုတ်ပါဘူး။ ရှာမနေနဲ့တော့။ အရင်တုန်းကအကြောင်းသိချင်ရင် အမေတို့ ပြောပြမယ်”
သူမက ရှုချင်းရီအား ထိုသေတ္တာကို မရှာစေချင်ပုံပေါ်သည်။
ရှုချင်းရီက နည်းနည်းထူးဆန်းသလို ခံစားရသည်။ လရောင်အောက်မှာ သူမ၏အမေဆီမှ ရှောင်ဖယ်နေသည့် အကြည့်များကို မြင်သည့်အခါ သူမရင်ထဲမှ မေးခွန်းများ ထွက်လာသည်။ သူမအား သူတို့ဖုံးကွယ်ထားသည့်တစ်ခုခု ရှိနေလောက်သည်။
အခုမှ သူမသေချာတွေးကြည့်သည့်အခါ ဟန်လျန်နှင့် သူမ၏အမေတို့က သူမဒဏ်ရာအကြီးအကျယ်ရသည့် အကြောင်းအရင်းကို မပြောဘဲ လွှဲနေတက်သည်။ သူတို့က သူမပြန်ပေးဆွဲခံရသည်ဟုသာ ပြောကြသည်။
‘ဒါပင်မယ့်လည်း ဘာအကြောင်းကြောင့် သူမကို ပြန်ပေးဆွဲရတာလဲ?
ဒီမြို့မှာ ဘယ်လိုလုပ် သေလုမြောပါး ဒဏ်ရာတွေ ရလာရသလဲ?
ဘာဖြစ်လို့ ပြန်ပေးဆွဲခံလိုက်ရသည့် မှတ်ညဏ်မရှိတာလဲ?
အခုမှရောက်ဖူးသည့် ဒီအိမ်ကိုရော သူမရင်းနှီးနေရသည့် အကြောင်းကရော ဘာဖြစ်မလဲ?’
ရှုချင်းရီမှာ တွေးကြည့်လေလေ ခေါင်းပိုရှုပ်လေ ဖြစ်လာသည်။
“ညန်ညန် ဘာဖြစ်လို့လဲ?”
သူမ၏အမေက မေးသည်။
“ဘာမှမဟုတ်ပါဘူး”
ရှုချင်းရီက ပြန်ဖြေသည်။
“သမီးအိပ်ချင်လာသလိုပဲ။ သွားအိပ်တော့မယ်”
ရှုချင်းရီက သူမ၏အမေကို သူ့အိပ်ခန်းသို့ ပြန်လိုက်ပို့ပြီးနောက် ဧည့်သည်အခန်းထဲသို့ ပြန်သွားကာ ကုတင်ပေါ်တွင် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ထို့နောက် သူမအတွက် အသုံးဝင်မည့် မှတ်ညဏ်တစ်ခုခုများပေါ်လာမလားဟူ၍ သေချာပြန်တွေးကြည့်နေသည်။ သို့သော်လည်း ဘာမှမမှတ်မိပေ။
ရှုချင်းရီဟာ ပြတင်းပေါက်မှ တိုက်ခတ်လာသည့် လေအေးကို ခံယူကာ အပြင်ကို ငေးကြည့်နေမိသည်။ သူမမြင်ရသမျှကို ယုံကြည်လို့မရမှန်း သူမသဘောပေါက်သွားလေပြီ။ အမှန်လို့ ထင်ရချေအများဆုံးတွေက အထင်မှားတာ ဖြစ်နိုင်ချေ အများဆုံးပင်။ သူမယုံကြည်အားထားနိုင်သည်ဟူ၍ သူမ၏မှတ်ညဏ်အစစ်တို့သာ ဖြစ်သည်။
ဟိုအမျိုးသမီးကတော့ သူမ၏အမေဆိုသည်မှာ သေချာပါသည်။ နာကျင်သလို ခံစားလိုက်ရသည့် သူမ၏စိတ်ကတော့ သူမကိုလိမ်မှာ မဟုတ်ပေ။ ဒီအိမ်ကလည်း သူမနေသည့်အိမ်ဆိုသည်မှာ သေချာသည်။ အနည်းငယ်ထူးဆန်းနေပင်မယ့် သူမအတော်များများကို မှတ်မိနေခဲ့သည်မလား။
‘ဘာတွေက မှားနေတာလဲ?
အမေက ငါ့ကိုဘာဖုံးကွယ်ထားတာလဲ?
ဒီအိမ်မှာ ဘာတွေဖြစ်ခဲ့တာလဲ?’
အကုန်လုံးကို သူမပြန်မှတ်မိနေချင်သော်လည်း ပျောက်နေသည့် မှတ်ညဏ်များကို ဘယ်လိုအစဖော်ရမလဲ သူမမသိပေ။ သူမတွေးရင်းဖြင့် မနက်၅နာရီ နေရောင်က လင်းလာသည့်အချိန်မှ သူမအိပ်ပျော်သွားတော့သည်။
မော့ဟန်ကတော့ သူ့မြို့ကိုသူပြန်ရောက်သည်နှင့် ရှုချင်းရီမရှိသည့်သူ့အိမ်မှာ TVဖွင့်ထားပြီး ဆိုဖာပေါ်တွင် တစ်ညလုံး အချိန်ကုန်သွားသည်။ ပြန်ရောက်လာသည့်အခါ သူတစ်ယောက်တည်း ညစာကိုစားရင်း ရှုချင်းရီမှာ သူမအိမ်လို့ သူမယူဆသည့်နေရာကို ပြန်ရောက်သွားပြီဖြစ်ကြောင်း သူ့ကိုယ်သူလက်ခံနိုင်ရန် မနည်းကြိုးစားလိုက်ရသည်။
သို့သော်လည်း ရှုချင်းရီလို ညဏ်ကောင်းသည့် မိန်းကလေးမှာ ဘာဖြစ်လို့ ဟန်လျန်ပြောနေသည်တို့က မှားယွင်းနေသည်တို့ပါသည်ကို သတိမထားမိခြင်းကို မော့ဟန်မှာ နားမလည်နိုင် ဖြစ်နေသည်။ သူက သူမအား လိမ်နေသည် ဖြစ်သည်။ သူမနှင့် လက်ထပ်ထားသည့်နှင့် သူမအားရှာဖွေခဲ့ပါသည်ဆိုသည့် အကြောင်းများကအစ အလိမ်တွေပင်။
မော့ဟန်က ထိုအကြောင်းကို တွေးမိလေလေ ဒေါသထွက်လာလေလေ ဖြစ်နေသည်။ ထို့ကြောင့် သူလည်း တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ သူသည် လက်ထဲမှ ရီမုကို ကောက်ပေါက်ပစ်လိုက်သည်။ ထို့နောက် မီးဖိုချောင်သို့သွားကာ အပေါ်ဆုံးထပ်မှ ဝိုင်တစ်ပုလင်းကို ဖောက်သောက်လိုက်သည်။
ရှုချင်းရီက အရက်မသောက်နိုင်သည့်သူ ဖြစ်သောကြောင့် သူစုထားသမျှ ဝိုင်ပုလင်းတိုင်းကို သူမအရပ်မမှီသည့် အပေါ်ဆုံးထပ်မှာ သိမ်းထားခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း သူမရှိနေသောကြောင့် ထိုဝိုင်များကို မထိဖြစ်တာ ကြာလေပြီ။
အခုတော့ အိမ်မှာ ရှုချင်းရီမရှိသောကြောင့် မော့ဟန်သည် အရက်သောက်ချင်စိတ် ပြင်းပြလာသည်။ ဝိုင်ခွက်ထဲတွင် ဝိုင်ကိုဖြည့်ကာ ဆိုဖာပေါ်တွင် ပြန်ထိုင်ရင်း ဝိုင်ကိုလှုပ်သောက်နေရင်းဖြင့်သာ အထီးကျန်ညကို ဖြတ်သန်းလိုက်ရသည်။