၁၃၆။ အဝတ်ဝတ်ခြင်း
ရက်အနည်းငယ်ကြာသည့်အခါ မော့ဟန်က သူပြောသလိုပင် ရှုချင်းရီအား ထိုသင်တန်းသို့ ခေါ်သွားသည်။ သူက အလုပ်ကို အသွားအပြန်လုပ်ရမည် ဖြစ်သော်လည်း ရှုချင်းရီအား ထိုသင်တန်းသို့ နေတိုင်းအပို့အကြိုလုပ်မည်ဖြစ်သည်။
ရှုချင်းရီ၏လက်မှာ လုံးဝပြန်မကောင်းသေးသောကြောင့် ရှုချင်းရီမှာ နေတိုင်းတက်ရသည်မှာ အဆင်သိပ်မပြေလှပါ။ သို့သော်လည်း မော့ဟန်ကတော့ ဘာမှမပြောဘဲ သင်တန်းကိုသာ အတင်းတက်စေသည်။
တစ်ခါတုန်းက ရှုချင်းရီမှာ သင်တန်းအကျီထပ်ဝတ်နေစဉ် သူမလက်က မကောင်းသေးသောကြောင့် အကျီမှာ ဝတ်ရအဆင်ပြေဖြစ်နေဘူးသည်။ ထို့ကြောင့် မော့ဟန်က သူမအနားသို့ရောက်လာက ကူဝတ်ပေးလေသည်။ မော့ဟန်၏အပြုအမူများမှာ နူးညံ့လွန်းသောကြောင့် ရှုချင်းရီမှာ သူ့အကိုကြီး ဆေးမှားသောက်လာသလားလို့တောင် ထင်မိဖူးသည်။
မော့ဟန်ကတော့ ရှုချင်းရီ၏ အတွေးများကို မသိဘဲ သူမအား အမြဲအကြိုအပို့လုပ်ဆဲပင်။ ထိုသို့အပို့အကြိုလုပ်ခြင်းမှာ လက်ကကျောက်ပတ်တီးခွာမှသာ ရပ်တော့သည်။ ဒါတောင် ရှုချင်းရီက အတင်းပြောသောကြောင့် သူမအား အရင်လိုလိုင်းကားစီးစေတာ ဖြစ်သည်။
ပတ်တီးခွာပြီးသည့်နောက် ပိတ်ရက်ကို ရောက်သည့်အခါ ရှုချင်းရီသည် သူမလက်ကလေး ပြန်ကောင်းသွားသည့်အတွက် ပျော်ပွဲရွှင်ပွဲလုပ်ရန် စျေးဝယ်ထွက်သွားသည်။ ရှုချင်းရီမှာ လျှောက်သွားနေသည့်အချိန်တွင် သူမအရှေ့က တစ်ဖက်လမ်းမှာ သူမရင်းနှီးသည့်ပုံရိပ်ကြီးကို မြင်လိုက်ရသည်။
“ဒီမှာဘာလုပ်နေတာလဲ?”
ရှုချင်းရီက ကားများဖြတ်သွားနေသည့် လမ်းတစ်ဖက်မှနေ တစ်ဖက်ရှိ မော့ဟန်အား မယုံနိုင်စွာ လှမ်းအော်မေးလိုက်သည်။
သူမက မော့ဟန်ရှိရာသို့ လမ်းကူးသွားချင်သော်လည်း မီးနီမလင်းသေးသဖြင့် ကားများသွားနေဆဲ ဖြစ်သောကြောင့် ဒီဘက်လမ်းကသာ မော့ဟန်အား ဒီဘက်လမ်းတွင် ရပ်နေရင်းကနေ လက်လှမ်းပြနေသည်။
လမ်းကူး၍ရသည့်အခါမှ ရှုချင်းရီသည် မော့ဟန်ရှိရာ လမ်းကို အပြုံးလေးဖြင့် အမြန်ကူးသွားတော့သည်။ လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာ အများကြီးရှိသော်လည်း ရှုချင်းရီ၏အကြည့်များမှာ လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားကာ အပြာရောင်အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ထားသည့် မော့ဟန်ဆီတွင်သာ ရှိတော့သည်။
“ကိုကြီး ဒီမှာဘာလုပ်နေတာလဲ?”
ရှုချင်းရီက ထပ်မေးသည်။
မော့ဟန်က သူ့ဝတ်စုံကို သပ်ရပ်သွားအောင် ဖြန့်လိုက်ရင်း
“ဒီနားက တရားရုံးကို လာတာ။ တရားသူကြီးကို တင်ပြစရာ စာရွက်စာတမ်းတွေ ရှိလို့”
“ဪ ဒါဆိုရင် ရုံးကိုပြန်ရဦးမှာလား?”
မော့ဟန်က သူ့နာရီကိုကြည့်ကာ ခေါင်းခါပြသည်။
“မပြန်လည်းရတယ်။ ရုံးမှာ လူအသစ်တွေ ထပ်ခန့်ထားတယ်”
ရှုချင်းရီက သူ့ဘေးနားမှာ အတူလိုက်လျှောက်နေရင်းက
“လူအသစ်တွေ? အရင်တုန်းက လူအသစ်ခန့်ရတာ မကြိုက်ဘူးမလား?”
မော့ဟန်က ပြုံးလိုက်ကာ
“တချို့အရာတွေက ပြောင်းလဲသွားပြီ”
“ဒီကိုကားနဲ့လာတာလား?”
“မဟုတ်ဘူး။ ဒီနားမှာ ကားပါကင်မရှိဘူး။ ရှေ့လမ်းက ကားပါကင်မှာ ထိုးခဲ့တာ။ အဲ့ဒီကို အတူသွားကြမယ်”
ရှုချင်းရီက ပြုံးရွှင်သွားကာ
“ကောင်းတာပေါ့။ ညီမလေး ကိုကြီးနဲ့အတူ အိမ်ပြန်ရတာပေါ့”
မော့ဟန်က ရှုချင်းရီမှာ နှုတ်ခမ်းကို လျှာဖြင့်သပ်နေသည်ကို လမ်းလျှောက်ရင်း မြင်သည့်အခါ
“ရေဆာလို့လား?”
“နည်းနည်း”
“ဘာသောက်ချင်လဲ?”
“အင်း. . .ဘာပဲဖြစ်ဖြစ်. . .အေးတာတစ်ခုခုပေါ့”
“ဟိုကိုသွားရအောင်”
မော့ဟန်က အရှေ့တွင် milk teaရောင်းနေသည့် ဆိုင်ကို သူ့ဘေးက ရှုချင်းရီအားပြကာ ပြောသည်။
ရှုချင်းရီက အနားက ခုံတန်းတစ်ခုတွေ့သည်နှင့် ထိုင်ချလိုက်ကာ ခေါင်းခါရင်း
“ကိုကြီးသွား။ ညီမလေးညောင်းနေတယ်။ ဒီမှာခနထိုင်ပြီးနားလိုက်ဦးမယ်”
“ဒါဆိုရင် လျှောက်မသွားနဲ့။ ဒီမှာ ထိုင်စောင့်”
ရှုချင်းရီက ခေါင်းငြိမ့်ကာ မော့ဟန်ကို လိုက်ကြည့်နေမိသည်။ ရှုချင်းရီဟာ ရယ်ချင်လာပြီ။ သူမအတွက် တစ်စုံတစ်ယောက်က အစားအသောက်သွားဝယ်ပေးသည်ကို သူမက အေးဆေးထိုင်စောင့်နေရခြင်းက သူမအား အလွန်ပျော်ရွှင်စေသည်။