May Honey Logo May Honey
Previous Next

၁၄၄။ စားသောက်ဆိုင်

ဟန်လျန်၏နှုတ်ခမ်းမှာ မသိမသာ မဲ့သွားသည်။
“ဒါဆိုရင်လည်း. . .ရပါတယ်။ ကိုယ်တို့တွေမှာ အချိန်အများကြီး ရှိသေးတာပဲ”

ကားဟာ အဝေးပြေးလမ်းမကြီးထက်တွင် သွားနေသည်။ ထိုလမ်းမကြီးသည် မဆုံးနိုင်တော့သလိုဖြစ်ကာ လမ်းတစ်လျှောက်တွင် သစ်ပင်တို့က စိမ်းစိုနေသည်။ ရှုချင်းရီမှာ ဒီမြင်ကွင်းများကို ငြီးငွေ့ရလောက်သည့်အထိ ကြည့်နေရှာသည်။ မော့ဟန်ကတော့ လက်တော့တစ်လုံးဖြင့် အလုပ်လုပ်ရင်း လိုက်လာသည်။

“Fမြို့နားကိုရောက်နေပြီ ငါတို့အိမ်ရောက်တော့မယ်”
ဟန်လျန်က ပြောသည်။

“အင်း”
ရှုချင်းရီက ပြောသည်။

“ညန်ညန် ဗိုက်ဆာနေပြီလား? တစ်ခုခုဝင်စားကြမလား?”

“မဆာဘူး”

“တစ်ခုခုစားလေ။ ကားထဲမှာ ထိုင်နေကြတာ ကြာပြီ။ ပြီးတော့လည်း ဘယ်အချိန်မှ စားရမှန်း ငါတို့သိတာမဟုတ်ဘူး”
မော့ဟန်က သူ့လက်ပတ်နာရီကိုကြည့်ပြီး ပြောသည်။

ရှုချင်းရီက နောက်ကိုမှီထိုင်နေကာ အပြင်ကို ကြည့်နေရင်းမှ
“ဒါဆိုရင်လည်း စားတာပေါ့”

ကားဟာ မြို့ထဲက ရှေးဟောင်းပုံစံ စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။ ဆိုင်းပုတ်ကအစ သစ်သားဖြင့် လုပ်ထားတာ ဖြစ်သောကြောင့် ပိုရှေးကျသည့် အငွေ့အသက်ကို ရစေသည်။ အနီရောင်ကြာပန်းပုံစံဒီဇိုင်းများဖြင့် နံရံကို အလှဆင်ထားသည်။ ဆိုင်ထဲတွင် လူကျလျှက်ရှိသလို အဝင်ဝက ဝန်ထမ်းများမှာ တရုတ်ရိုးရာဝတ်စုံတို့ဖြင့် လှပစွာ ကြိုဆိုနေကြသည်။

ဟန်လျန်က စားသောက်ဆိုင် အဝင်ဝတွင် ရပ်ကာ ရှုချင်းရီအား ကြည့်ရင်း
“အခုမှတ်မိပြီလား?”

“ဘာကိုမှတ်မိရမှာလဲ?”

“ဒီဆိုင်ကို ညန်ညန်ဖွင့်ထားတာလေ”

ထိုအခါ ရှုချင်းရီသည် ဒီဆိုင်ကို သေသေချာချာ ထပ်ကြည့်မိတော့သည်။ သူမက ဒီဆိုင်၏ပိုင်ရှင် ဆိုသည်က ယုံနိုင်စရာကို မရှိပေ။

“ကျွန်မရဲ့ဆိုင်ဆိုတာ တကယ်လား?”

“လာ ဝင်ရအောင်။ အထဲကလူတွေက ညန်ညန်ကို လွမ်းနေကြတာ”
ဟန်လျန်က ပြုံးကာပြောသည်။

ထို့နောက် ဟန်လျန်က ရှုချင်းရီအား ဆွဲခေါ်သွားသည်။ သူမက မော့ဟန်အား လှည့်ကြည့်လိုက်သည့်အခါ မော့ဟန်မှာ ဒီဆိုင်ကို ကြောင်ကြည့်နေသည်။ သူတို့သုံးယောက်မှာ ဆိုင်ထဲသို့ ဝင်လာကြသည်။

“မမညန်ညန်”
ကောင်တာက ကောင်မလေးက မျက်လုံးများ တလက်လက်တောက်ပကာ ရှုချင်းရီအား အော်ခေါ်ရင်း ပြေးလာသည်။ သူမက ရှုချင်းရီအနားသို့ရောက်သည့်အခါ သူမကို ဘာမှမလုပ်ရဲဘဲ သေချာကြည့်နေသည်။

“မမလေး တကယ်ပဲ မမဟုတ်တယ်မလား?”
ထိုကောင်မလေးက ရှုချင်းရီအား မေးသည်။

ရှုချင်းရီက ဒီကောင်မလေးကို ကြည့်ရင်း သူမမှတ်ညဏ်များထဲတွင် ရှိမလားဟု မနည်းစဉ်းစားကြည့်သော်လည်း သူမဘာကိုမှ မမှတ်မိပေ။

“ရှောင်မေး ငါပြောထားတယ်မလား? ပြန်တွေ့ရင် စိတ်ကိုငြိမ်ငြိမ်ထားလို့”
ဟန်လျန်က ပြောသည်။

“ကိုကြီးဟန်! ဒါတကယ်ပဲ မမလေးမလား? မမညန်ညန် ပြန်လာပြီလား?”
ထိုကောင်မလေးက ရှုချင်းရီ၏ အကျီစကို ငိုတော့မည့်ပုံဖြင့် ဆွဲထားရင်းက ဟန်လျန်အား မေးသည်။

“တကယ်ပြန်လာပါပြီ။ စိတ်မပူနဲ့တော့”

ရှောင်မေးက ရှုချင်းရီအား ဖက်ကာ ငိုတော့သည်။
“မမညန်ညန် နောက်ဆုံးတော့ ပြန်လာပြီပဲ။ ညီမလေးတို့. . .မမကို သေပြီမှတ်နေတာ. . .ကိုကြီးဟန်ကပဲ. . .မယုံတာ။ ညီမလေးတို့ ဘယ်လောက်ဖျောင်းဖြပြောပြော သူမမယုံဘူး”

ရှုချင်းရီက ဘာလုပ်ရမှန်း မသိတော့သဖြင့် ပတ်ဝန်းကျင်ကိုသာ လျှောက်ကြည့်နေရသည်။

ဘေးကမော့ဟန်က သူတို့နှစ်ယောက်အား ညင်သာစွာဖြင့်
“အရင်စားရအောင်”

Previous Chapter 144 of 199 Next