၁၇၆။ ဒဏ်ရာရခြင်း
ဉက္ကဌကြီးက ရှုချင်းရီ၏ လည်ပင်းပေါ်မှ ဓားကိုအားဖြင့် ဖိလိုက်သည့်အခါ သွေးအနည်းငယ် ထွက်လာသည်။
“ဘာပြောတာလဲ?”
ရှုချင်းရီ၏ မျက်လုံးထဲတွင် ရက်စက်မှုအပြည့်ဖြင့်
“သေချာမကြားလိုက်ဘူးလား? ဒါပင်မယ့် ကျွန်မကတော့ ထပ်ပြောမှာ မဟုတ်ဘူး”
သူတို့အားကြည့်နေသည့် မော့ဟန်က ကြောက်လာသည်။ သူမသည် သူတို့ပထမဆုံး သူ့ရုံးတွင် တွေ့ကြတုန်းက လူမိုက်ကြီးကို မကြောက်မလန့် ရန်စနေသည့် အချိန်ကို သူပြန်သတိရသွားသည်။ သူမသည် ဘယ်လောက်အားကြီးသည့်သူ ဖြစ်ပါစေ ခေါင်းငုံမှာ မဟုတ်ပေ။ သို့သော်လည်း သူမဒီလိုလုပ်နေတာကိုတော့ မော့ဟန်သည် မမြင်ချင်ပါ။
“ရှုချင်းရီ လျှောက်ပြောမနေနဲ့! ပါးစပ်ပိတ်ထား!”
မော့ဟန်က လှမ်းအော်သည်။
ရှုချင်းရီက ဉက္ကဌကြီး၏ မျက်လုံးထဲကို စိုက်ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး
“ဉက္ကဌကြီး ဒီကိစ္စကို စိတ်ပူမနေနဲ့။ အလွဲသုံးစားလုပ်ထားတဲ့ငွေတွေ အများကြီးပဲမလား? ရှင့်သားနဲ့အတူ ထောင်ထဲမှာပဲ နေရတော့မှာပါ”
ထိုစကားကိုကြားသည့်အခါ ဉက္ကဌကြီးက အသိစိတ်လွတ်သွားကာ ရှုချင်းရီ၏ လည်ပင်းကို ဓားဖြင့်လှီးရန် လုပ်သည်။ မော့ဟန်က အမြန်ပြေးလာကာ ဉက္ကဌကြီးအား ကန်ထုတ်လိုက်ပြီး ရှုချင်းရီအား သူ့အနောက်သို့ ဆွဲကာလိုက်သည်။ ဉက္ကဌကြီး၏ ကိုယ်ရံတော်က သူ့ဆရာလဲသွားသည်ကို တွေ့သည်အခါ မော့ဟန်၏မျက်နှာကို ထိုးပစ်လိုက်သည်။
မော့ဟန်က ရှုချင်းရီကို တံခါးဘက်သို့ တွန်းလိုက်ပြီး
“အမြန်သွား”
ရှုချင်းရီက မော့ဟန်ကို ကြည့်လိုက်သည်။ မော့ဟန်က ကိုယ်ရံတော်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် ဉက္ကဌကြီးကလည်း မော့ဟန်အား ဓားဖြင့်အလစ်ထိုးရန် ပြင်နေသည်။ ရှုချင်းရီက စားပွဲပေါ်က ပန်းကန်တစ်ချပ်ကို အမြန်ဆွဲယူလိုက်ကာ ဉက္ကဌကြီးခေါင်းကို ရိုက်ပစ်လိုက်သည်။ ထိုအခါ လူယိုင်သွားသဖြင့် မော့ဟန်၏လက်မောင်းကိုသာ ဓားကထိသွားတော့သည်။
သို့သော်လည်း မော့ဟန်သည် သူ့လက်မောင်းက ဒဏ်ရာကို အာရုံမစိုက်နိုင်ဘဲ ကိုယ်ရံတော်အား ထိုးရင်း ကြမ်းပြင်ပေါ်မှောက်သည့်အထိ ချလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဉက္ကဌကြီးက ရှုချင်းရီဆီသို့ ဓားဖြင့်ရွယ်ကာ သွားနေသည်။ မော့ဟန်က ဉက္ကဌကြီးအား နောက်ကနေ ကန်ပစ်လိုက်သည့်အခါ ကြမ်းပြင်သို့ မှောက်လျက်ကျသွားပြီး လက်ထဲက ဓားပါလွတ်သွားသည်။
ထိုအခါ ရှုချင်းရီက မော့ဟန်အနားကို အမြန်ပြေးလာကာ
“ဘယ်လိုလုပ်ကြမလဲ? အပြင်မှာ သူ့လူတွေ အများကြီးပဲ”
မော့ဟန်က သူမ၏လက်ကလေးကို ပုတ်လိုက်ကာ
“ရပါတယ်။ မကြာခင် ရဲတွေရောက်လာလိမ့်မယ်”
ထို့နောက် ရှုချင်းရီ၏ လည်ပင်းမှ သွေးထွက်နေသည်ကို သုတ်ပေးရင်း
“အဆင်ပြေရဲ့လား?”
“အဆင်ပြေပါတယ်”
ရှုချင်းရီက သူ့လက်ကနေ ရှောင်လိုက်ကာ
“ရဲခေါ်လိုက်တာလား?”
“၁နာရီအတွင်း ငါပြန်ရောက်မလာခင် ရဲခေါ်လိုက်ဖို့ မှာခဲ့တယ်။ ရဲတွေ လာတော့မှာပါ”
“ရဲတွေမလာခင် အပြင်က လူတွေကို ဘယ်လိုလုပ်မှာလဲ?”
“ရပါတယ်။ ဝင်လာသည့် ဘယ်သူဖြစ်ဖြစ် ရင်ဆိုင်ရမှာပေါ့”
အပြင်မှ တံခါးကိုထုနေသည့် အသံကြီးထွက်လာသည့်အခါ ရှုချင်းရီက လန့်သွားကာ မော့ဟန်၏ လက်မောင်းကို တွယ်ဖက်ရင်း အနောက်တွင် ဝင်ပုန်းလိုက်သည်။ ထိုအခါမှသာ မော့ဟန်၏လက်က ဒဏ်ရာကို မြင်သွားတော့သည်။
မော့ဟန်က ရှုချင်းရီ၏အကြည့်ကို သတိထားမိသည်နှင့်
“ရပါတယ်။ သွေးနည်းနည်းလေး ထွက်နေတာပါ”
“တောင်းပန်ပါတယ်. . .”
“ဘာဖြစ်လို့ တောင်းပန်နေတာလဲ?”
မော့ဟန်က စဉ်းစားရကျပ်သွားသည်။
“တောင်းပန်ပါတယ်. . .”
ရှုချင်းရီက ခေါင်းကိုငုံကာ ထပ်ပြောသည်။
ရဲကားအသံတွေ အပြင်ဘက်က ကြားတော့မှ မော့ဟန်က သက်ပြင်းချနိုင်သည်။ သူမအား ထပ်မေးဖို့ လုပ်လိုက်သော်လည်း အပြင်ဘက်တွင် တိုက်ခိုက်သံများထွက်လာသည်။ ထို့နောက် တံခါးခေါက်သံထွက်လာသည်။ မော့ဟန်က ရှုချင်းရီအား သူ့အနောက်တွင် နေစေကာ တံခါးဖွင့်ကြည့်လိုက်သည်။
တံခါးဖွင့်ကြည့်လိုက်သည့်အခါ အရာရှိကြီးကျန်းက ရဲဝတ်စုံအပြည့်အစုံဖြင့် အပြင်မှာ ရပ်နေသည်။
“ငါတို့အပြင်မှာ သူတို့တွေကို မိထားပြီ။ မင်းတို့နှစ်ယောက်ရော အဆင်ပြေကြလား?”
“ကျွန်တော်တို့ အဆင်ပြေပါတယ်”
မော့ဟန်က ကြမ်းပြင်တွင် မှောက်နေသည့် လူနှစ်ယောက်ကို လက်ညိုးထိုးပြကာ
“သူတို့ကိုတော့ ဆေးရုံအရင်ပို့ရမယ်ထင်တယ်”
“စိတ်မပူပါနဲ့။ ငါတို့လုပ်လိုက်မယ်။ အခုဆိုရင် သူတို့က စီးပွားရေးကိစ္စကိုပဲ ကျူးလွန်ခဲ့တာ မဟုတ်တော့ဘူး။ လူတွေကိုထိခိုက်စေတဲ့ ပြစ်မှုကြီးပါ ကျူးလွန်လိုက်ပြီ”
အရာရှိကြီးကျန်းက မော့ဟန်၏လက်မောင်းကိုမြင်သွားသည့်အခါ မေးသည်။
“မင်းရဲ့လက်ရော အဆင်ပြေလား? မင်းလည်း ဆေးရုံမှာ ပတ်တီးသွားစီးသင့်တယ်”
ထိုအခါမှ မော့ဟန်လည်း သူ့လက်က နာစပြုလာပြီကို သတိထားမိတော့သည်။
“ဆေးရုံကို သွားမှာပါ”
“သွားကြရအောင်။ အရာရှိကျန်းလည်း ဒီမှာရှိနေတာပဲ။ ကိုကြီးလက်က သွေးတွေက ထွက်နေတာ။ ညီမလေး ဆေးရုံကို အဖော်လိုက်ခဲ့မယ်”
ရှုချင်းရီက ပြောသည်။
အရာရှိကျန်းက သူတို့နှစ်ယောက်ကိုကြည့်ပြီး မပြုံးဘဲ မနေနိုင်ပေ။ မော့ဟန်အား
“ဟုတ်တယ်။ ငါဒီမှာရှင်းလိုက်မယ်။ မင်းသူနဲ့ ဆေးရုံအရင်သွားလိုက်”
“ဒါဆိုရင် သွားတော့မယ်”
နောက်ဆုံးတော့ မော့ဟန်က ပြောလာသည်။
သူတို့က ဆေးရုံကိုသွားကြသော်လည်း မော့ဟန်သည် ဒဏ်ရာရသူ မဟုတ်သလို တည်ငြိမ်နေသည်။ မော့ဟန်က ကားကိုလက်တစ်ဖက်တည်းဖြင့် ထိန်းမောင်းလာဖို့ တွေးနေသည့် ရှုချင်းရီက အကျီတစ်ထည်ဖြင့် သူ့ဒဏ်ရာကို ယာယီစီးပေးဖို့ လုပ်နေသည်။
“မလိုပါဘူး”
မော့ဟန်က သူ့လက်ကိုပြန်ရုတ်ရင်း ပြောသည်။
သို့သော်လည်း ရှုချင်းရီမှာ ဒေါသထွက်နေသည့်ပုံရပြီး သူမ၏အသံကမာနေသည်။
“လက်ပြန်ပေး။ ခနလေးပဲ ကြာမှာ”
မော့ဟန်သည် သူမကိုလက်ပြန်ပေးလိုက်ကာ သူမပတ်တီးစီးပေးနေသည်ကို ကြည့်နေမိသည်။ သူမ၏ ဒီလိုပုံစံမျိုးလေးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ မော့ဟန်က အရင်ရက်တုန်းက သူမက သူ့ကိုငြင်းထားတော့ သူလည်း သူမ၏အပြုအမူတွေမှာ ကြွေမသွားမိရန် သူ့ကိုယ်သူ သတိပေးထားသည်။ သို့သော်လည်း အခုလို သူမအား သူကြည့်နေမိလေလေ ပိုသဘောကျမိလေလေ ဖြစ်နေတော့သည်။
သူတို့နှစ်ယောက်က ဆေးရုံကိုရောက်သည့်အခါ ဆရာဝန်က သူ့ဒဏ်ရာသည် ခြစ်မိသည်ထက် အနည်းငယ် ပိုနက်သည်ဟု ပြောသည်။ ဆရာဝန်က အကိုက်အခဲပျောက်ဆေးပေးကာ ဒဏ်ရာကို ဆေးကြောပြီး ဆေးထည့်ကာ ပတ်တီးစီးပေးသည်။
ရှုချင်းရီက ကုတင်ဘေးတွင် ထိုင်နေသည်။ သူတို့နှစ်ယောက်ကြားတွင် အဖြူရောင်လိုက်ကာကြီးက ခြားနေသည်။ မော့ဟန်က အထဲမှ
“နောက်ဒီလိုထပ်မလုပ်နဲ့”
“ဟမ်? ဘာကိုလဲ?”
ရှုချင်းရီက မေးသည်။
“လည်ပင်းပေါ်မှာ ဓားနဲ့ထောက်ထားတဲ့ အချိန်မျိုးမှာ တစ်ဖက်သူကို ရန်မစနဲ့”
မော့ဟန်၏လေသံက အေးစက်နေသည်။
“ငါပြောချင်တာက ဉက္ကဌကြီးက အဲ့ဒီအချိန်တုန်းက ဒေါသထွက်နေတာ။ ဘာဖြစ်လို့ ရန်သွားစတာလဲ? သူ့ကိုယ်သူမထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ?”
“ကောင်းတာပေါ့။ သူ့ကိုပြန်တိုက်နိုင်ဖို့အတွက် ကိုကြီးအချိန်ပိုရတယ်လေ”
ရှုချင်းရီက ဂရုမစိုက်ဘဲ ပြောသည်။
“ဒါဆိုရင်တောင် ဘာဖြစ်လို့ ဒီလိုနည်းကို သုံးရတာလဲ? ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ပိုလုံခြုံတဲ့နည်းကို မတွေးနိုင်ဘူးလား?”
ရှုချင်းရီသည် လိုက်ကာမှာကွယ်နေသောကြောင့် မော့ဟန်၏မျက်နှာ အခြေအနေကို မမြင်ရသော်လည်း သူမကို စိတ်တိုနေမည်ကိုတော့ ခံစားမိသည်။
“ဉက္ကဌကြီးက ညီမလေးကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သူ့ကိုလည်း ကြည့်ဦး။ လူကြီးက ဝလိုက်တာမှ လမ်းလျှောက်ရင် ဗိုက်ကြီးကလှုပ်နေတာ။ သူကပိုသွက်သွက် လှုပ်ရှားနိုင်တယ်ဆိုရင်တော့ ဒဏ်ရာတစ်ခုလောက်ပဲ ရမှာပါ။ ညီမလေးကိုယ်မှာ ဒဏ်ရာတွေက အပြည့်ပဲ။ တစ်ခုနှစ်ခုလောက်က ပိုမနာတော့ပါဘူး”
မော့ဟန်က လိုက်ကာကို ဆွဲဖယ်လိုက်ကာ ရှုချင်းရီကို ကြည့်လိုက်သည်။ သူ့ဒဏ်ရာကို ဆရာဝန်က ပတ်တီးစီးပေးနေချိန်တွင် သူကရှုချင်းရီအား ဒေါသတကြီး ကြည့်နေခြင်း ဖြစ်သည်။
“သေချင်နေတာလား?”
မော့ဟန်က သူမဆီကို ထသွားရန်လုပ်သည့်အခါ ဆရာဝန်က ဆွဲထားရသည်။
“နေပါဦး။ အလျင်မလိုကြပါနဲ့။ မင်းတို့လို အတွဲတွေကတော့လေ တစ်ရက်နှစ်ရက်လောက် အချင်းချင်းလျစ်လျူရှုပြီးရင် ပြန်တည့်ကြမှာပါပဲ။ ဒီအချိန်လေးမှာတော့ ရန်ထမဖြစ်ကြပါနဲကွာ”
ရှုချင်းရီက မော့ဟန်က သူမကို ဒေါသတကြီးကြည့်နေသောကြောင့် ခေါင်းလေးကိုငုံသွားကာ သူမ၏လက်အချင်းချင်းကိုယှက်ကာ ငြိမ်ငြိမ်လေးဆက်ထိုင်နေသည်။
“အတွဲတွေ မဟုတ်ဘူး”
မော့ဟန်က ပြောသည်။
ဆရာဝန်က ပတ်တီးကိုသေချာချည်ပြီးနောက် ပိုနေတဲ့အစများကို ကတ်ကြေးဖြင့် ညှပ်လိုက်ကာ
“ဒါဆိုရင် အချိန်သိပ်မလိုတော့ပါဘူး။ မကြာခင် တွဲဖြစ်ကြလိမ့်မယ်။ ငါ့အမြင်တွေက မမှားတက်ဘူး”
ဆရာဝန်က ပစ္စည်းတွေကို ပြန်စီရင်း
“ပြန်သွားရင် အစပ်မစားနဲ့။ အရက်လည်း မသောက်နဲ့။ ဒဏ်ရာက နည်းနည်းနက်တော့ သက်သာဖို့ အချိန်လိုလိမ့်မယ်။ နောက်တစ်ပတ်နေရင် ပြန်လာပြ”
ရှုချင်းရီက မော့ဟန်ထက် ဆရာဝန်စကားများကို သေချာနားထောင်လာသည်။ မော့ဟန်ကတော့ သူ့ကုတ်အကျီကိုယူကာ ထွက်သွားရန် ပြင်သည်။
ဆရာဝန်က အနောက်မှ
“ဒဏ်ရာကို ရေမထိစေနဲ့။ မျက်နှာသစ် ရေချိုးရင် သတိထား”
မော့ဟန်က ခေါင်းငြိမ့်ပြကာ ထွက်လာသည်။ သူတို့သည် ဆေးယူဖို့ ထွက်လာသည့်အခါ ရှုချင်းရီက သူမသွားယူမည်ဟု ပြောသောကြောင့် မော့ဟန်သည် ကုတ်အကျီကို သယ်ရင်း သူမအား စောင့်နေလိုက်သည်။ သူမပြန်လာသည့်အခါ သူတို့အတူပြန်ကြသည်။ အရင်တုန်းကလို နေရခက်သည့် အနေအထားမျိုးတော့ ကားထဲမှာ မဟုတ်တော့ပေ။ မော့ဟန်က ကားကိုအာရုံစိုက်မောင်းနေသည်။ ရှုချင်းရီကတော့ မော့ဟန်ကို စကားပြောချင်ပုံရသော်လည်း ဘာမှမပြောဘဲ ကြည့်နေသည်။ ထို့နောက်တွင်တော့ သူမလည်း ကားပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးရင်းဖြင့်သာ လိုက်လာတော့သည်။