၁၂၉။ ထောင်ထဲမှာ
မော့ဟန်၏အတွေးတို့မှာတော့ သူမနာကျင်နေသမျှကို သူသာကိုယ်စားခံပေးချင်နေတာ ဖြစ်တော့သည်။ သို့သော်လည်း သူလုပ်နိုင်သည်က သူမဘေးတွင် အဖော်ပြုကာ သူမ၏ဖြူဖျော့နေသည့် မျက်နှာလေးအား ကြည့်နေရုံသာ ဖြစ်တော့သည်။ မော့ဟန်သည် ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ဆရာဝန်က ကုသပြီးသွားသည့်အခါ ရှုချင်းရီခေါင်းအား ခေါင်းဦးပေါ်သို့ အသာအယာချကာ သူ့လက်အိတ်နှင့် နှာခေါင်းစည်းတို့ကို ချွတ်သည်။
“၆ချက်ချုပ်လိုက်ရတယ်ဗျာ။ အမာရွတ်ကတော့ ကျန်ခဲ့မှာပဲ။ တော်သေးတာက ဆံပင်တော့ ပြန်ပေါက်လာပြီး ဖုံးထားလို့ရသေးတယ်”
ဆရာဝန်က ဆက်ပြောသည်။
“သူ့ကို CTရိုက်ရမယ်။ ချုပ်ပြီးပတ်တီးစီးပေးထားပင်မယ့် ခင်ဗျားညီမလေးရဲ့ ကိုယ်မှာ အတွင်းပိုင်းထိခိုက်မှု ရှိ၊မရှိဆိုတာ စစ်ကြည့်ရမယ်။ CTရိုက်ပြီးသွားရင် အရိုးအကြောဌာနကို ပို့လို့ရပြီ။ အဲ့ဒီမှာ ကျောက်ပတ်တီးစီးပေးလိမ့်မယ်။ ၂ပတ်လောက်တော့ လက်ကလှုပ်လို့ရမှာ မဟုတ်သေးဘူး”
မော့ဟန်က လက်ပိုက်ကာရပ်နေရင်း ဆရာဝန်ပြောသမျှကို ခေါင်းငြိမ့်ကာ နားထောင်သည်။
“ဆေးရုံမှာ စောင့်ကြည့်ဖို့ ခနတော့ နေရလိမ့်မယ်။ ထူထူထောင်ထောင် ဖြစ်လာဖို့လိုတယ်။ သူ့ကိုယ်က အခုအားနည်းနေသေးတယ်”
မော့ဟန်က ပြန်ပြောသည်။
“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာ”
ဆရာဝန်ထွက်သွားသည့်အခါ မော့ဟန်က သူနာပြုမတွေနောက်သို့ လိုက်သွားကာ လုပ်ဆောင်စရာရှိသည်များကို လုပ်တော့သည်။ သူတို့က ရောဂါရှာဖွေရေးစက်ထဲသို့ ရှုချင်းရီအား ထည့်ကာ စစ်ဆေးကြည့်သည့်အခါ ခွဲစိတ်ရလောက်သည့် ပြဿနာ သူမတွင် မရှိပေ။ တစ်ခုတည်းသောပြဿနာဟူ၍ သူမကအားနည်းနေသောကြောင့် နာလန်ထူရန် အချိန်ကြာမြင့်မှာပင်ဖြစ်သည်။ အကုန်ကုသပြီးသွားသည့်အခါ မော့ဟန်က ရှုချင်းရီ၏ဘေးတွင်ထိုင်ကာ သူမလက်လေးကို ကိုင်ထားသည်။ မော့ဟန်သည် ရှုချင်းရီ၏အောက်စီဂျင်ပိုက်တပ်ထားရကာ စက်မှထွက်နေသည့် နှလုံးခုန်သံမှန်မှန်လေးကိုကြားမှသာ စိတ်အေးနိုင်တော့သည်။ ထိုအချိန်မှသာ မော့ဟန်သည် သူပင်ပန်းနေကြောင်းကို သတိထားမိလာတော့သည်။
မနက်အာရုံတက်လောက်မှသာ မော့ဟန်သည် ရှုချင်းရီ၏ဘေးနားက ထလာကာ လျူဇီယွမ်အား ဖုန်းသွားဆက်လေသည်။ သူအခုရက်ပိုင်း ရုံးတွင်မရှိနိုင်တော့တာကြောင့် သူ့အလုပ်များကို တခြားရှေ့နေတစ်ယောက်ကိုသာ လွဲပေးရန်ဖြင့် ဖြေရှင်း၍မရသည့် ကိစ္စကြီးရှိမှသာ သူ့အားဖုန်းဆက်ကြရန် မှာကြားလိုက်သည်။
သူလျူဇီယွမ်အား ပြောဆိုမှာကြားပြီးနောက် ခနစဉ်းစားကာ ရဲဌာနမှ လူကြီးကျန်းအား ဖုန်းဆက်လိုက်သည်။
“ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား?”
လူကြီးကျန်းမှာ မော့ဟန်လိုလူကစပြီး အကူအညီတောင်းခံနေသောကြောင့် အံ့သြသွားသည်။
“ဘာများလဲ?”
“ကျွန်တော့်ညီမလေး ဖြစ်လို့ပါ။ အခုဆေးရုံတင်ထားရတယ်”
“သူဘာဖြစ်သွားတာလဲ?”
“လူတစ်ချို့က သူ့ကိုမှောင်နေတဲ့ လမ်းကျဉ်းနေမှာ ဝိုင်းလိုက်တယ်။ သူတို့က သူ့ကိုရိုက်နှက်ပြီးတော့ဗျာ. . .”
မော့ဟန်က စကားကိုရပ်ထားလိုက်သည်။
“ကျေးဇူးပြုပြီး သူတို့နောက်ကြောင်းကို စုံစမ်းပေးပါဗျာ”
“ဒီတိုင်းစုံစမ်းပေးရမလား ဒါမှမဟုတ် အမှုဖွင့်ပြီး စုံစမ်းချင်လား?”
“အမှုဖွင့်မယ်။ သူတို့ကို ထောင်ထဲကို ပို့ချင်တယ်”
မော့ဟန်၏လေသံက အေးစက်နေသည်။
“ဟုတ်ပြီ နားလည်ပါတယ်။ ဒီလိုဆိုရင် သူနိုးလာတာနဲ့ သူ့ဆီက စစ်ချက်ယူဖို့ လူလွှတ်လိုက်မယ်”
“ခနစောင့်ပေးလို့ ရမလား? သူက အကြောက်လွန်ပြီး စိတ်မငြိမ်သေးလို့ပါ။ သူမကောင်းတာတွေကို . . . ပြန်တွေးမိပြီး ကြောက်နေမှာ စိုးလို့ပါ”
“ဒါဆိုရင် အမှုဖြစ်တဲ့ အချိန်၊ နေရာနဲ့ အသေးစိတ်ကို သိချင်တယ်”
“ရှင်းချန်အိမ်ရာ ၃မှာ ည၉နာရီဝန်းကျင်။ သက်သေနဲ့ သဲလွန်စတွေ ကျန်ပါလိမ့်မယ်”
“အင်း ရပါပြီ”
မော့ဟန်က ဖုန်းချဖို့လုပ်စဉ်တွင်ပဲ လူကြီးကျန်းက
“ဒဏ်ရာတွေကရော ဘယ်လိုလဲ? ဒဏ်ရာအကြောင်းစစ်ချက် ထည့်ပေးရမလား?”
မော့ဟန်က နံရံကိုမှီရင်း ခနတွေးကြည့်ပြီးမှ
“သူနိုးလာမှပဲ. . .တိုင်ပင်ကြည့်လိုက်ပါမယ်”
မော့ဟန်က ဖုန်းချပြီးနောက်တွင် နံရံကို ဆက်မှီကာ သက်ပြင်းအခါခါ ချနေမိသည်။ သူဆေးလိပ်သောက်ဖို့ လိုအပ်နေသလို ခံစားရလာသည်။ သူဆေးလိပ်မသောက်ဖြစ်သည်မှာ အတော်ကြာခဲ့လေပြီ။ အခုတော့ ဆေးလိပ်သောက်ချင်သည့် အာသီသက ပြင်းပြလာသဖြင့် ဆေးရုံအပြင်ဘက်သို့ထွက်လိုက်သည်။
ထို့နောက် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဆီမှ ဆေးလိပ်တစ်လိပ်ရသောကြောင့် သူဆေးလိပ်ဖွာနေမိသည်။ သူဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရာ သူ့အရှေ့တွင် ဆေးလိပ်အခိုးအငွေ့များဖြင့် ရှုပ်သွားသည်။ သူ့မျက်ဝန်းတစ်စုံမှာ ဆေးလိပ်ငွေ့တို့အောက်တွင် ဆွဲဆောင်မှုရှိလွန်းနေသည်။