၁၅၇။ အမေ
“ညန်ညန် သမီးလျန်လျန် ပြောတာကို နားထောင်မှပေါ့။ သူက သမီးကောင်းဖို့ ပြောနေတာလေ။ နောက်ဆိုရင် အချိန်အတိအကျပြော။ အပြင်မှာ မကောင်းတဲ့သူတွေ အများကြီးပဲ”
သူမ၏အမေက ဟန်လျန်ကို ကာပြောပေးသည်။
“လွန်နေပြီလို့ မထင်ကြဘူးလား? ကျွန်မကို ဒီလောက်စိတ်ပူနေဖို့ မလိုပါဘူး။ ကျွန်မကိုယ့်ကိုကိုယ် သေချာကာကွယ်နိုင်တယ်!”
ရှုချင်းရီက ဒီစကားဆုံးလျှင်ဆုံးချင်း မော့ဟန်က သူမအား အမျိုးသမီးခုခံကာကွယ်ရေးသင်တန်း တက်ခိုင်းသည်ကို သတိရသွားသည်။ အရင်တုန်းက မော့ဟန်ကြောင့် သူမတက်ဖြစ်ခဲ့သည်။ အခုသူမဒီလို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါသည်ဟု လေကျယ်နေသည်ကို မော့ဟန်သာ ကြားလို့ကတော့ သူမကိုတစ်ခုခုပြောမှာ အမှန်ပင်။
“ညန်ညန် ကိုယ့်စကားကို ဒီတစ်ခါတော့ နားထောင်ပါ။ နောက်ဒီလိုထပ်မလုပ်ပါနဲ့တော့ကွာ”
ဟန်လျန်က ပြောသည်။
ရှုချင်းရီက မငြင်းချင်တော့သောကြောင့် ဘာမှပြန်မပြောတော့ပေ။ သူမအတွက် သူတို့စိတ်ပူပေးနေကြသည်ကို သိနေသောကြောင့် သူမ၏မာနကို မျိုချကာ
“အင်း. . .အခုပြန်ရောက်နေပြီမလား. . .ဗိုက်ဆာနေတယ်. . .အတူတူစားကြတော့မလား”
ရှုချင်းရီက သတိပေးလိုက်တော့မှ သူမ၏အမေက သူမအတွက်ချက်ပေးထားသည့် ကြက်စွပ်ပြုပ်ကို သတိရတော့သည်။ ထမင်းစားပွဲပေါ်တွင် ပြင်ဆင်ကာ ချပြီးသည့်အခါ သူတို့သုံးယောက် အတူထမင်းစားကြတော့သည်။
“မိသားစုဓာတ်ပုံမတွေ့ပါလား? အဖေကရော?”
ရှုချင်းရီက စားနေရင်း မေးလိုက်သည်။
သူတို့နှစ်ယောက်က ခနတောင့်သွားပြီးနောက် သူမ၏အမေက
“သမီးရဲ့အဖေက. . .လွန်ခဲ့တဲ့ ၂နှစ်က ဆုံးသွားပြီ”
“ဆုံးသွားတာလား?”
“ကျန်းမာရေးက မကောင်းခဲ့ဘူးလေ။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဦးနှောက်သွေးကြောပြတ်သွားတာ။ အမေတို့လည်း ဆေးရုံကိုအမြန်ပို့ပင်မယ့် အသက်မမှီလိုက်ဘူး။ ဆေးရုံမှာပဲ ဆုံးသွားတာ”
သူမအမေ၏အသံမှာ တည်ငြိမ်လွန်းနေသည်။
“သမီး . . .မြင်ဖူးချင်သေးတယ်”
ရှုချင်းရီက ကူကယ်ရာမဲ့စွာပြောသည်။
“နောက်ရက်ဆိုရင်ပဲ နှစ်ပတ်လည်ရောက်တော့မှာ။ သူ့ဆီကို အမေနဲ့သွားလည်ကြပေါ့။ အုတ်ဂူက ဒီမြို့မှာပဲ သိပ်မဝေးပါဘူး”
ဟန်လျန်က ပြောသည်။
ရှုချင်းရီက ခေါင်းငြိမ့်ပြပြီးသည်နှင့် ခေါင်းမဖော်စတမ်း စားတော့သည်။ စားပြီးသည့်အခါ သူမ၏အမေက ပန်းကန်ဆေးနေသည်။ သူမက သူမ၏အမေရဲ့ဘေးကိုသွားကာ ပန်းကန်ကူဆေးပေးလိုက်သည်။ ဒါပင်မယ့်လည်း တစ်ခုခုကို မြင်သွားပုံရသည့် သူမ၏အမေက သူမလက်ကိုတားကာ ဆက်မဆေးတော့ဘဲ သွားနားဖို့ ပြောသည်။
ရှုချင်းရီက သူမ၏အမေအား ရပါသည်ဟု ဖြေကာ ဆက်ဆေးပေးသည်။ သို့သော်လည်း သူမ၏အမေက သူမလက်ကိုထပ်တားပြန်သည်။ သူမဟာ ဒီဇိုင်းနာတစ်ယောက်ဖြစ်သောကြောင့် ဒီလိုအလုပ်များကို မလုပ်ရန်ပြောသည်။
“အမေ အရင်တုန်းက သမီးအရမ်းအပျင်းကြီးတာလား?”
ရှုချင်းရီက မေးလိုက်သည်။
သူမ၏အမေက ပန်းကန်ဆေးနေရာမှ သူမကိုလှည့်ကာ အကြာကြီးကြည့်သွားသည်။ ထို့နောက်မှ
“မဟုတ်ပါဘူး။ သမီးက အရမ်းအလုပ်ကြိုးစားတက်တယ်။ ငယ်တုန်းကဆိုရင် အမေ့ခါးလောက်ပဲ သမီးအရပ်လေးရှိတုန်းကပေါ့ မီးဖိုထဲကို လိုက်လာပြီး အမေ့ကိုကူပြီး ချက်ပြုတ်ပေးချင်နေတာ။ ဟိုဟိုဒီဒီခိုင်းရင်တော့ ချက်ချင်းတန်းလုပ်တာပဲ။ ပျင်းနေတာမျိုး အမေမမြင်ဖူးဘူး”
ရှုချင်းရီက လက်ဆေးနေရင်းဖြင့် နားထောင်နေသည်။
“သမီးက ထူးဆန်းတယ်။ သူငယ်ချင်းလည်း များများစားစားမထားဘူး။ ကစားချင်ရင်လည်း အရုပ်လေးတွေနဲ့ပဲ တစ်ယောက်တည်း ဆော့နေတက်တာ။ အခန်းထဲမှာ တစ်ယောက်တည်း စာထိုင်ဖတ်နေရတာလည်း ကြိုက်တယ်”
ရှုချင်းရီက မသိစိတ်ကနေ လွှတ်ခနဲမေးမိသွားသည်။
“ဘာဖြစ်လို့လဲ သိချင်တယ်ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့တာလား?”
သူမ၏အမေက သူမအား တအံ့တသြကြည့်ကာ
“ဘယ်လိုလုပ်သိတာလဲ?”
ရှုချင်းရီက ပြောသည်။
“ငယ်ငယ်တုန်းကဟာတွေ ရုတ်တရပ်သတိရသွားတာ”
သူမကိုယ်တိုင်လည်း မယုံနိုင်အောင် ဖြစ်နေမိသည်။ သူမ၏အမေပြောပြသည့် သူမငယ်စဉ်က အကြောင်းများကို နားထောင်ရုံဖြင့် သူမအသေးစိတ်ကို ပြန်မှတ်မိလိမ့်မည်ဟု မထင်ခဲ့မိပေ။ ထိုစာအုပ်လေးပျောက်သွားတုန်းက သူမအတော်ကြာအောင် ငိုမိခဲ့သည်ကိုတောင် သူမမှတ်မိသွားခဲ့သည်။ သူမ၏အမေရှိသည့် ဒီနေရာကို ပြန်ရောက်လာကတည်းက သူမမှတ်ညဏ်များက တဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။
“အဲ့ဒီစာအုပ်ပျောက်သွားတော့ နောက်အဲ့လိုပုံစံမျိုးထပ်ဝယ်ပေးသေးတယ်မလား?”
ရှုချင်းရီက သူမငယ်စဉ်တုန်းက မှတ်ညဏ်တွေကို အလွယ်တကူ ပြန်ရှာနိုင်သွားသည်။ သူမ၏မျက်လုံးထဲမှာ ထိုအကြောင်းအရာများကို ပြန်မြင်ယောင်လာသည်။ အရင်တုန်းကကိစ္စတွေ ဖြစ်သော်လည်း သူမအတွက် မနေ့ကဖြစ်ခဲ့သလို ထင်ရှားလာသည်။
“အကုန်ပြန်မှတ်မိသွားပြီလား?”
သူမ၏အမေက အလန့်တကြားမေးသည်။
ရှုချင်းရီက ခနတွေးပြီးသည့်အခါ သူမ၏မှတ်ညဏ်များ ရပ်တန့်သွားသည်ကို သိလိုက်ရသည်။ ထို့နောက် ဘာဆက်ဖြစ်သလဲကို မမှတ်မိတော့ပေ။