၁၆၆။ အမှန်တရားက ပေါ်လာလေပြီ
သူမ၏ဦးလေးသည် သူတို့ထမင်းစားပြီးသည့်အချိန်အထိ သူ့သမီးအခန်းထဲမှ ထွက်မလာခဲ့ပါ။ အခန်းထဲမှ ရန်ဖြစ်သံများသည် အချိန်အတော်ကြာသည့်အထိ ဆူညံ့စွာထွက်လာပြီးကာမှ သူမဦးလေးက သူမတို့အား သူသမီးမှာ စိတ်ဆိုးသွားသောကြောင့် အခန်းထဲမှာ အောင်းနေလိမ့်မည်ဟု ပြောသွားသည်။
သူဦးလေးက အားနာစွာ ပြောလေလေ ရှုချင်းရီမှာလည်း ပိုအားနာလာလေလေ ဖြစ်နေသည်။ သူမသည် ဒီကိုအမျိုးတွေဖြင့် တွေ့ရအောင် လာခဲ့ခြင်းဖြစ်သော်လည်း ဒီဦးလေးက ဒီလိုလုပ်နေသည့်အခါ သူမစိတ်ညစ်လာတော့သည်။ ထို့ကြောင့် အခြားသူများက ရုပ်ရှင်အတူထိုင်ကြည့်နေကြစဉ်တွင် လော့မုန်း၏အခန်းကို သူမတံခါးသွားခေါက်လိုက်သည်။
လော့မုန်းက သူမကိုမြင်သည့်အခါ နှာခေါင်းရှုံလိုက်ကာ ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး သူမအား ထွက်သွားရန် ပြောသည်။ ထို့နောက် တံခါးကို ပြန်ပိတ်လိုက်ရန် ပြင်သည်။
ရှုချင်းရီက တံခါးကို ခြေထိုးခံလိုက်ပြီး
“နင်ငါ့ကိုမကြိုက်တာတစ်ခုခုရှိတယ်မလား?”
လော့မုန်းက သူမ၏မျက်လုံးကို လှန်လိုက်ကာ
“ဟုတ်တယ်! နင်ကန်းနေတာမဟုတ်လို့ တော်သေးတယ်!”
ရှုချင်းရီက လက်ပိုက်လိုက်ကာ တံခါးကိုမှီလိုက်ပြီး
“ဘာဖြစ်လို့လဲ?”
“လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ငါနင့်ကို ပြောပြီးသား။ ငါထပ်မပြောချင်ဘူး”
ရှုချင်းရီက ပုခုံးကိုတွန့်လိုက်ကာ
“ဒါပင်မယ့် ငါကအတိတ်မေ့သွားပြီလေ”
လော့မုန်းက သူမအား သံသယအပြည့်ဖြင့် ကြည့်သည်။ ထို့ကြောင့် ရှုချင်းရီက ခေါင်းငြိမ့်ပြရင်း သူမအား
“နင့်အဖေက နင့်ကိုပြောမထားဘူးလား?”
“ငါမသိဘူး။ ဘာပဲဖြစ်ဖြစ် သူဘာပြောပြော ငါနားထောင်ပေးမှာမှလည်း မဟုတ်တာ”
လော့မုန်းက ဆက်ပြောသည်။
“နင်အတိတ်မေ့သွားတော့ရော ငါကဘာလုပ်ပေးရမှာလဲ?”
ရှုချင်းရီသည် သူမအား လော့မုန်းက ဘာဖြစ်လို့ ဒီလိုခါးသီးစွာ ဖြစ်နေသလဲကို နားမလည်နိုင်ပေ။ ထို့ကြော်င့ သူမအား ရန်စွပေးလိုက်ကာ
“အရင်တုန်းက နင်မကြိုက်တာတစ်ခုခု ငါလုပ်မိတယ်မလား?”
လော့မုန်းက သူမအား မုန်းတီးစွာကြည့်ကာ ဘာမှပြန်မဖြေပေ။
“မဟုတ်မှ. . .နင်ဟန်လျန်ကို ကြိုက်နေတာလား?”
“ကျေးဇူးပြုပြီး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ငါတောင်းပန်ပါတယ်။ ဟန်လျန်ကိုလည်း ငါဂရုမစိုက်ဘူး။ နင့်ကို ဒီတိုင်းမုန်းနေတာဟာ”
သူမသည် ရှုချင်းရီဆီမှ အကြည့်လွှဲသွားပြီးနောက် သူမဟာသူမ ရေရွတ်နေသည်။
“နင်ဘာလို့ ဒီလောက်ကံကောင်းနေလဲ ငါတကယ်မသိဘူး? မကြီးမူမူသာ နင့်လိုကံကောင်းမယ်ဆိုရင် အခုလို ဒီကိစ္စတွေ ဖြစ်နေမှာမဟုတ်ဘူး”
“မကြီးမူမူ. . .သူကဘယ်သူလဲ?”
ရှုချင်းရီသည် ဒီနာမည်မျိုးကို ဘယ်သူ့ဆီကမှ မကြားဖူးခဲ့ပေ။
လော့မုန်းက သူမအား အေးစက်စွာ ပြုံးကြည့်ကာ
“နင်ကအကုန်မေ့ပစ်လိုက်ပြီကိုး”
“သူက. . .ငါ့သူငယ်ချင်းလား?”
ရှုချင်းရီက အဖြေကိုသိချင်သောကြောင့် မှန်းပြောလိုက်သည်။
“လျှောက်တွေးမနေနဲ့။ သူဆုံးသွားတာ အတော်ကြာပြီ။ ဒါပင်မယ့် နင့်အတွက်တော့ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ နင်အကုန်မေ့သွားတာလည်း ကောင်းတာပဲ။ အဲ့ဒီတော့ နင့်ဘဝကို နှောက်ယှက်တော့မှာ မဟုတ်ဘူး”
ရှုချင်းရီသည် လော့မုန်းမှာ ဒေါသထွက်နေပြီကို ခံစားမိလိုက်သော်လည်း
“ငါ့ကို သူ့အကြောင်း ပြောပြပါလား?”
လော့မုန်း၏မျက်လုံးတွေက မှိန်ကျသွားသော်လည်း ချက်ချင်းသူမ၏ နဂိုပုံစံပြန်ဖြစ်သွားကာ
“ဒါပင်မယ့် ငါကတော့ သူ့အကြောင်း နင့်ကိုမပြောချင်ဘူး။ နင်ဒီလိုမျိုး အေးဆေးနေနိုင်ဖို့အတွက် သူ့ဘဝကို ပေးခဲ့ရတာ”
ရုပ်ရှင်တွေများအထဲတွင် ပါတက်သည့် စုန်းမများ ကျိန်စာတိုက်သလိုမျိုး လော့မုန်းသည် သူမ၏မျက်လုံးကို စိုက်ကြည့်ကာ
“နင်တလောကလုံးက လူတိုင်းကို မေ့ချင်ရင်မေ့လိုရတယ် ဒါပင်မယ့် မကြီးမူမူကိုတော့ နင်မေ့ပစ်လိုက်လို့မဖြစ်ဘူး”
ထို့နောက်စကားဆုံးသည်နှင့် လော့မုန်းသည် သူမ၏အခန်ကို အကျယ်ကြီးပိတ်ချလိုက်သည်။
ရှုချင်းရီသည် အတွေးထဲမှာ နစ်မြောသွားရင်းမှ အတွေးတစ်ခုကို ရသွားသည်။ သူမသည် အရမ်းအရေးကြီးသည့် တစ်စုံတစ်ခုကို မေ့နေသည်။ ထိုမေ့နေသည့်အပိုင်းကို သတိရမှသာ သူမစိတ်ထဲက မေးခွန်းများအားလုံးနှင့် ဟိုးအတိတ်များထဲမှာ မြုပ်နှံထားခဲ့သည့် အမှန်တရားကို သူမပြန်လည်တူးဆွနိုင်တော့မှာ ဖြစ်သည်။ သူမဘယ်လိုလုပ်ရမလဲ မသိသေးသော်လည်း သူမလုပ်နိုင်မည်ဟု ယုံကြည်နေမိသည်။
“ဘာဖြစ်လို့လဲ?”
ဟန်လျန်က သူမဘေးကနေ လိုက်လာရင်း မေးသည်။ ထိုအခါမှ ရှုချင်းရီသည် ဧည့်ခန်းကို ပြန်လျှောက်လာကာ ရောက်နေမိမှန်း သိတော့သည်။
ရှုချင်းရီက ဟန်လျန်အား မျက်နှာတွင် ဘာအမူအရာမှ မပေါ်စေဘဲ ခေါင်းခါပြလိုက်သည်။
သူမ၏လျို့ဝှက်ချက်များကို မကြာခင်ဖော်ထုတ်နိုင်တော့မှာ ဖြစ်သည်။ ရှုချင်းရီသည် အပြန်လမ်းတွင် ပုံပြင်စာအုပ်လေးကိုပိုက်လာရင်း အတွေးများထဲမှာ မျောပါနေလေသည်။
သူတို့အိမ်ပြန်ရောက်သည့်အခါ ဟန်လျန်က အိမ်သော့ကိုဖွင့်နေတုန်းမှာ သူမဆီကို ဖုန်းဝင်လာသည်။ ထိုအချိန်တွင် သူမ၏အမေမှာ သူမနောက်တွင် ရှိနေသည်။ ရှုချင်းရီက ဖုန်းကိုကြည့်လိုက်သည်အခါ စုံထောက်အေဂျင်စီမှ လူဖြစ်နေသည်။ ထို့ကြောင့် သူမလန့်သွားကာ ရင်တွေခုန်သွားသည်။
ဟန်လျန်က အိမ်ထဲကိုဝင်သွားသည့်အခါ ရှုချင်းရီက သူမ၏အမေအား သူမဖုန်းပြောလိုက်ဦးမည် ဖြစ်သောကြောင့် အိမ်ထဲသို့ အရင်ဝင်စေသည်။
“ဟယ်လို”
ရှုချင်းရီသည် ခြံထောင့်သို့သွားကာ ဖုန်းပြောလိုက်သည်။
“အသုံးဝင်ပါ့မလားတော့မသိပင်မယ့် တစ်ခုရှိတယ်”
“ရှာတွေ့သမျှသာ ကျွန်မကိုပြောပြပါ”
“မင်းငယ်ငယ်လေးကတည်းကနေ ကြီးလာတဲ့အချိန်အထိ အချက်အလက်တွေ ငါစစ်ကြည့်လိုက်တယ်။ ဒါပင်မယ့် မင်း၁၁နှစ်မပြည့်ခင်က အချက်အလက်တွေက ပျောက်နေတယ်ပင်မယ့် ၁၁နှစ်နောက်ပိုင်းဟာတွေကိုတော့ တွေ့တယ်။ မင်းတက်ခဲ့တဲ့ကျောင်းနဲ့ အတန်းတို့ ဆရာတွေကအစ ငါတို့ရှာကြည့်ပင်မယ့် အဲ့ဒီနှစ်တုန်းက ဘာကိုမှရှာမရဘူး”
ထိုလူကထပ်ပြောသည်။
“ထူးဆန်းတယ်လို့ထင်လို့ အဲ့ဒီကျောင်းကို သေချာစုံစမ်းကြည့်တော့ ကျောင်းအုပ်ကအစ ဆရာတွေအထိ အသစ်ပြောင်းသွားတယ်။ လူဟောင်းတွေက ငါတို့ကျောင်းကို ရောက်သွားတော့ ကျောင်းကနေ နားသွားကြတာကြာပြီတဲ့”
“ထူးဆန်းတာတစ်ခုတော့ရှိတယ်။ မင်းအမေက အရင်နှစ်တွေတုန်းက တခြားမြို့က အုတ်ဂူဆီကို ခနခနသွားတယ်။ အဲ့ဒီမှာက မင်းအဖေရဲ့ အုတ်ဂူလည်း မရှိဘူး။ ဘာဖြစ်လို့သွားတာလဲတော့ မသိဘူး”
“သူတို့ပြောတဲ့ မင်းကိုပြန်ပေးဆွဲသွားတာကလည်း အမှန်ပဲ။ ပြီးတော့ အဲ့အချိန်တုန်းက တော်တော်အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့တာ။ ရဲစခန်းက မင်းကိုသေပြီလို့ ပြောပင်မယ့် ဟန်လျန်က မယုံဘူး။ နှစ်တစ်ဝက်လောက်ကို မင်းကိုရှာတွေ့ရင် ဆုကြေးပေးမှာမယ်လို့ သတင်းစာမှာ ကြေညာနေတာ။ ဒါပင်မယ့်လည်း သူအစရှာမရအောင် ပျောက်သွားတာကိုး”
“မင်းတို့နှစ်ယောက်ကြားက လက်ထပ်စာချုပ်က အမှန်ပဲ။ တရားရုံးမှာ မင်းတို့မှတ်ပုံတင်ထားတာ ရှိနေတယ်။ တရားရုံးကလူတွေပြောတာတော့ မင်းကိုယ်တိုင်ထိုးတာတဲ့။ အတင်းအကြပ်ထိုးခိုင်းတာမျိုး မဟုတ်ဘူး”
ရှုချင်းရီက ထိုလူရှာတွေ့သမျှ ပြောနေခြင်းကို သေချာနားထောင်ပြီးနောက် အချိန်အနည်းငယ်ကြာမှသာ မေးလိုက်သည်။
“အရင်လတုန်းက ဟန်လျန်က ထူးဆန်းတာ လုပ်သေးလား?”
“အေး မင်းပြောမှပဲ ငါသတိရတယ်။ အရင်လတုန်းက စုံထောက်အေဂျင်စီကလူကို ဟန်လျန်က အလုပ်အပ်တာရှိတယ်။ သူက တခြားစုံထောက်အေဂျင်စီက သူဌေးနဲ့ အတန်းဖော်တွေ။ သူတို့က အဆက်အသွယ်သိပ်မရှိကြပင်မယ့် ဟန်လျန်က သူ့ဆီကို လာပြီးအလုပ်အပ်သွားတယ်။ သူဌေးကလည်း သူ့အတန်းဖော်ကိစ္စဆိုတော့ ပြောမပြဘူး။ အဲ့ဒါကြောင့် ငါလည်း အဲ့ဒီအထိတော့ မသိတော့ဘူး”
ရှုချင်းရီက နားထောင်နေသော်လည်း ဘာမှပြန်မပြောပေ။ လျို့ဝှက်ချက်တွေက တဖြည်းဖြည်းချင်းပေါ်လာပြီဟု သူမထင်နေသော်လည်း အဖြစ်မှန်ကတော့ ဝေးနေသေးသည်။ အရေးကြီးသည့် တစ်စုံတစ်ခုက ပျောက်နေဆဲ ဖြစ်သည်။
‘ဘာလဲ? ဘာဖြစ်နိုင်မလဲ? တိတိကျကျဘာဖြစ်မလဲ?’
သူမရှာတွေ့ဖို့ နီးနေပြီဖြစ်သော်လည်း ရှာလို့မရသေးပေ။ သူမသည် အသေးစိတ်သေချာစဉ်းစားမှ ဖြစ်တော့မည်။ ရှုချင်းရီက ရုတ်တရပ်နားလည်သွားသည်။
ထိုအရာပဲ ဖြစ်ရမည်။
ရှုချင်းရီသည် ဖုန်းချပြီးနောက် အိမ်ထဲသို့ အမြန်ဝင်လာသည်။ သူမအလျင်စလိုဖြစ်နေသောကြောင့် ဟန်လျန်က နားမလည်နိုင် ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ? ဘာလုပ်နေတာလဲ?”
ရှုချင်းရီက သူ့အားပြန်မဖြေနိုင်ဘဲ ခြေသံပြင်းပြင်းဖြင့် အမြန်ပြေးသွားသည်။
ဟန်လျန်ကလည်း သူမနောက်ကို လိုက်လာကာ သူမအခန်းထဲကို ဝင်ရန်လုပ်သည့်အခါ တားသည်။
“ကျွန်မအဝတ်လဲမလို့”
ရှုချင်းရီက ပြောသည်။
“ဘာဖြစ်လို့ အဝတ်လဲမှာလဲ?”
“ရှင့်အတွက် ငါးသွားဝယ်မလို့။ ငါးစွပ်ပြုပ်သောက်ချင်တယ်ဆို?”
“တကယ်လား? ဒီလိုအလျင်စလို လုပ်စရာမလိုပါဘူးကွာ”
ဟန်လျန်က ပျော်သွားပုံရသည်။
“အင်း”
ရှုချင်းရီက တံခါးဖွင့်ရင်း ပြောသည်။
“ကိုယ်အဖော်လိုက်ပေးဖို့ လိုသေးလား?”
“ဟင့်အင်း။ ကျွန်မဘာသာ သွားမယ်။ ကျွန်မတော်ကြာပြန်လာခဲ့မယ်။ စျေးမမီမှာစိုးလို့ အခုချက်ချင်းသွားမှ ဖြစ်မယ်”
“အင်း ဒါဆိုရင်လည်း သွားလေ”
ရှုချင်းရီက သူ့အားပြုံးပြပြီးနောက် အခန်းထဲဝင်သွားသည်။ အခန်းထဲဝင်ဝင်ချင်းပင် သူမ၏မျက်နှာပြောင်းသွားသည်။ ထို့နောက် သူမသည် အလောတကြီး သူမ၏ပစ္စည်းများကို လှန်ကာရှာတော့သည်။
သူမ၏လှုပ်ရှားမှုက ဖွဖွလေးသာ ဖြစ်သောကြောင့် ဟန်လျန်သည် အပြင်မှာ ရပ်စောင့်နေရင်တောင်မှ ဘာအသံကိုမှ ကြားမှာမဟုတ်ပေ။ သူမသည် သူမအမေဆီကယူထားသည့် ပုံပြင်စာအုပ်တစ်အုပ်ကို ရှာလိုက်သည်။ ထိုစာအုပ်ကို အံဆွဲထဲမှာ သူမရှာတွေ့သည်။
ရှုချင်းရီသည် ထိုစာအုပ်၏ စာမျက်နှာတိုင်းကို အမြန်လှန်နေသည့် အချိန်တွင် သူမ၏ရင်မှာလည်း တဒိန်းဒိန်းခုန်နေသည်။ စာအုပ်၏နောက်ဆုံးကရေလျှင် ဒုတိယစာမျက်နှာရောက်သည့်အခါ စာလုံးများကို သူမဖတ်လိုက်ရင်း အသက်ရှုရန် မေ့သွားသည်။
ထို့နောက်တွင်တော့ စာအုပ်ကိုလှုပ်ကြည့်လိုက်သည့်အခါ စာအိတ်တစ်ခုကို စာအုပ်အဖုံး၏အနောက်တွင် ထိုအဖုံးဖြင့်တူသောတိပ်ဖြင့် ကပ်ထားသည်က ရှိနေသည်။ ရှုချင်းရီသည် တုန်ရီနေသည့်လက်ဖြင့် ထိုစာအိတ်ကိုဖွင့်ကြည့်လိုက်သည့်အခါ ဓာတ်ပုံတစ်ပုံက ထွက်လာသည်။ ရှုချင်းရီသည် ထိုပုံကိုကြည့်လိုက်သည့်အခါ အမှန်တရားက ပေါ်လာတော့သည်။
“ညန်ညန်! ညန်ညန်!”
ဟန်လျန်က အပြင်ကနေ တံခါးကို ခေါက်နေသည်။
သူမတံခါးဖွင့်လာသည့်အခါ ဟန်လျန်က အံ့သြသွားသည်။ သူမသည် အခြားတစ်ယောက် ဖြစ်သွားသလို သူခံစားလိုက်ရသည်။ ဘာကြောင့်မှန်း သူကိုယ်တိုင်လည်း သေချာမသိသော်လည်း သူမသည် ဝိညာဉ်ပျောက်သွားသည့်သူလိုမျိုး ဖြစ်နေသည်။
“ဘာဖြစ်လို့လဲ?”
ဟန်လျန်က မေးသည်။