May Honey Logo May Honey
Previous Next

၁၇၂။ ဒေါသ

“သွားပြန်အိပ်”
မော့ဟန်က ထပ်ပြောလိုက်သည်။

ထိုအခါမှသာ ရှုချင်းရီက နိုးလာပုံရသော်လည်း မျက်လုံးကို မဖွင့်သေးဘဲ
“ပြန်လာပြီလား?”

မော့ဟန်က ရင်ခုန်သွားသည်။ သို့သော်လည်း သူ့စိတ်ကိုသူထိန်းကာ မနေ့က သူမပြောခဲ့သည်ကို ပြန်သတိရသွားသည်။ မနေ့က သူဘာပြောလဲ သတိထားစမ်း!

“အင်း အခန်းထဲကိုပြန်သွားအိပ်”
မော့ဟန်က အသံကိုငြိမ်စေကာ ပြောလိုက်သည်။

ရှုချင်းရီက အကြောဆန့်က သမ်းဝေပြီးမှ မျက်လုံးကို ဖွင့်လာသည်။
“ဘယ်အချိန်ရှိနေပြီလဲ?”

“၁၀နာရီထိုးတော့မယ်”
မော့ဟန်က စာအုပ်စင်ဘေးသို့ လျှောက်သွားကာ ကွန်ပျူတာအရှေ့မှ ခုံတွင်ထိုင်ရင်း ပြောသည်။

ရှုချင်းရီက မျက်လုံးကို ပွတ်ပြီးနောက် ကွန်ပျူတာအရှေ့မှ မော့ဟန်ကို ကြည့်လိုက်ပြီး
“အလုပ်ဆက်လုပ်မလို့လား?”

“မနက်ဖြန်မနက် အပြီးသတ်ရမယ့်အမှုရှိတယ်”

ရှုချင်းရီက တံခါးဆီ လျှောက်သွားကာ
“ပြန်သွားအိပ်တော့မယ်။ အရမ်းနောက်ကျတဲ့အထိ အလုပ်ထိုင်လုပ်မနေနဲ့နော်”

သူမသည် သူ့အားအရင်လိုသာ ဆက်ဆံနေပုံရသည်။ သို့သော်လည်း သူကတော့ သူမအား အရင်လို ပြန်ဆက်ဆံနိုင်မှာ မဟုတ်တော့ပေ။

မော့ဟန်သည် သူ့အပေါ်တွင် ရှုချင်းရီက ဒီလောက်အထိစိုးမိုးနိုင်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သူမထွက်သွားပြီးနောက် သူ့ကိုယ်သူအလုပ်တွင် အာရုံစိုက်နိုင်ဖို့ အချိန်ခနယူလိုက်ရသည်။

နောက်နေ့မနက်ရောက်သည့်အခါ အခြေအနေက မနေ့တုန်းကနှင့် သိပ်မကွာခြားပေ။ သူတို့နှစ်ယောက်က မနက်စာကို တိတ်ဆိတ်စွာ အတူစားကြသည်။ မတူညီသည်ကတော့ ရှုချင်းရီက ဟိုဘက်မြို့ကို အလည်ခနသွားမည်ဟု ပြောလာခြင်းဖြစ်သည်။ သူမက သူမ၏အမေကို သွားတွေ့ချင်သလို ဆုံးသွားသည့် သူ့ညီမလေး၏အုတ်ဂူသို့သွား သွားကြည့်ချင်သည်ဟု ပြောသည်။

မော့ဟန်က ဘာမှလည်း မပြောသလို ဘာထင်ကြေးမှလည်း မပေးပေ။ သူမက သူမ၏အမေနှင့် ဟန်လျန်တို့အကြောင်း ပြောသည့်အခါတိုင်း သူကအပြင်လူတစ်ယောက်လို ခံစားနေရသည်။ သူမက ထိုတွင်တစ်ညနေမည်ဟု ပြောသည်။ အုတ်ဂူက ဝေးသောကြောင့် ဒီကိုနေ့ချင်းပြန်လာရန် မဖြစ်နိုင်ဟုလည်း ပြောပြနေသည်။ မော့ဟန်ကတော့ ခေါင်းသာငြိမ့်ပြလိုက်သည်။

သူမကဒေါသထွက်သွားပုံရသည်။ သူမသည် ဒေါသကိုဘယ်လိုထိန်းရမလဲသိသည့် ကောင်မလေးမဟုတ်ပေ။ မော့ဟန်ကတော့ သူမနှင့်ယှဉ်လျှင် ဒီလိုနေရာတွင် တော်သည်။ သူမသည် မနက်စာတောင် ကုန်အောင် မစားတော့ဘဲ မျက်မှောင်ကြီးကိုကုပ်ကာ ချက်ချင်းထထွက်သွားသည်။

သူမသည် မော့ဟန်အလုပ်မသွားခင်ပဲ အိတ်တစ်လုံးလွယ်ကာ ထွက်သွားသည်။ မော့ဟန်ကတော့ သူမဒီနေ့ဘယ်ကိုသွားသလဲ မသိလိုက်ရတော့ပေ။

မော့ဟန်လည်း အိမ်ကနေ ရုံးသို့ထွက်လာသည်။ သူပဲအိမ်ထဲတွင် ရှိနေရသည်က အထီးကျန်ဖွယ် ဖြစ်နေသည်လေ။

မော့ဟန်က ရုံးကိုရောက်သည့်အခါ အခြေအနေထူးခြားနေကြောင်း ချက်ချင်းသတိထားမိလိုက်သည်။ လျူဇီယွမ်က သူ့ကိုမြင်သည်နှင့် စိုးရိမ်မှုအပြည့်ဖြင့် ပြေးလာသည်။

မော့ဟန်က
“ဘာဖြစ်နေတာလဲ?”

“တရားပြိုင်ဘက်က ရှေ့နေတွေ ရောက်နေတယ်”

“အစောကြီးကိုလား?”
မော့ဟန်က အထဲကိုကြည့်လိုက်သည်။

“သူတို့က နောက်နှစ်ရက်ဆိုရင် ကျွန်တော်တို့အမှုသည်ကုမ္ပဏီနဲ့ တရားပြိုင်ရတော့မှာ။ ရှေ့နေကြီးက အစည်းအဝေးသွားစရာရှိလို့ မအားဘူးလို့ ကျွန်တော်ပြောထားပင်မယ့် သူတို့က ဒီမှာပဲ ဆက်စောင့်နေကြတယ်”

“အစည်းအဝေးကို နောက်ကိုအချိန်ရွေ့လိုက်။ သူတို့ဘာပြောမလဲ ငါသွားနားထောင်လိုက်မယ်”

“ဆရာ သတိထားနော်။ သူတို့က အခြေအနေကောင်းပုံမရဘူး”

မော့ဟန်က သူ့ပုခုံးကို ပုတ်လိုက်ကာ
“စိတ်ပူမနေနဲ့။ အဆင်ပြေသွားလိမ့်မယ်”

မော့ဟန်က ဝင်လာသည့်အခါ အခန်းထဲတွင် လူငါးယောက်ရှိနေသည်။ သူတို့က မော့ဟန်ကို မြင်သည့်အခါ မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။ အလယ်ကလူကတော့ မလှုပ်မယှက်ဆက်ထိုင်ရင်း မော့ဟန်ကို ကြည့်နေသည်။

“ရှေ့နေကြီးက အရမ်းနောက်ကျတာပဲဗျာ”
ထိုလူက ပြောသည်။

“ကျွန်တော်က ရုံးချိန်အတိုင်း လာတာပဲ။ ခင်ဗျားပဲ စောနေတာပါ”

မော့ဟန်က ထိုလူ၏မျက်နှာချင်းဆိုင်ခုံတွင် ထိုင်လိုက်ပြီး
“ကျွန်တော်သိသလောက်ဆိုရင် ဒီနေ့ကျွန်တော်ရဲ့ အချိန်ဇယားထဲမှာ ဉက္ကဌနဲ့ တွေ့ဖို့ မရှိပါဘူး”

“ဘယ်လိုလုပ်ပါ့မလဲ? ငါကလည်း ရှေ့နေကြီးနဲ့တွေ့ခွင့်မရဖို့ အဆင်မပြေနိုင်တဲ့သူ မလို့လား?”

ထိုလူသည် နိုင်ငံအတွင်းကျော်ကြားနေသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် ယွန်ချန်းကုမ္ပဏီဉက္ကဌဖြစ်သည်။ သူသည် အရပ်အနည်းငယ်ပုကာ ခပ်ဝဝဖြစ်ပြီး အသက်ကြီးနေပြီဖြစ်သောကြောင့် နဖူးပြောင်နေသည်။ သို့သော်လည်း သူ့အရှိန်အဝါက အားကောင်းဆဲဖြစ်ကာ မော့ဟန်ကို ဖိအားပေးရန် လုပ်သည်။

သို့သော်လည်း မော့ဟန်ကတော့ ထူးမခြားနားပင် တည်ငြိမ်စွာ ဆက်ရှိနေသည်။ နှုတ်ခမ်းထောင့်လေးတို့က ကွေးညွတ်သွားသည်။

“ကျွန်တော့်ကို မြှောက်နေတာပဲ။ ဉက္ကဌကြီးသာ ကျွန်တော်နဲ့တွေ့ချင်တယ်ဆိုရင် တစ်ယောက်ယောက်ကနေတစ်ဆင့် ဖိတ်လိုက်ရင် ကျွန်တော်လာခဲ့မှာပါ။ ဒီလို လူကိုယ်တိုင်ကိုယ်ကျ ကျွန်တော့်ရဲ့ရုံးလေးကို ကြွလာစရာ မလိုပါဘူး”

“ရှေ့နေကြီးက တော်သားပဲ”

“ဉက္ကဌကြီး ဒီကိုလာရတဲ့အကြောင်း ပြောပါဦး။ ကျွန်တော်တို့အလုပ်ကိုတော့ ဒီမှာမနှောင့်ယှက်ပါနဲ့”

ဉက္ကဌကြီးက ခါးကိုမတ်မတ်ထိုင်လိုက်ကာ သူ့အရှေ့မှ မော့ဟန်ကို ကြည့်ပြီး
“ဒါဆိုရင်လည်း ပြောတာပေါ့။ လာရတာကတော့ ခင်ဗျားတို့အမှုသည် ကုမ္ပဏီကြောင့်”

“ဒါဆိုရင်လည်း ဒီကိုလာတာ အလဟာသဖြစ်သွားပြီ။ ကျွန်တော်တို့တွေက ခင်ဗျားတို့ကုမ္ပဏီနဲ့ ကျွန်တော်တို့အမှုသည်ကုမ္ပဏီကြားက ငွေကြေးကိစ္စတွေကို သေချာစစ်ပြီးနေပြီ။ ခင်ဗျားတို့ရှေ့နေဆီကို ရုံးချိန်းစာရောက်လောက်ပြီထင်တယ်။ တရားရုံးကတော့ ရုံးချိန်းအတွင်းမှာ သက်သေတွေကိုကြည့်ပြီး အမိန့်ချပါလိမ့်မယ်။ ဆုံးဖြတ်ရမယ့်သူက ကျွန်တော်မဟုတ်ဘူးလေ”

မော့ဟန်က ထပ်ပြောသည်။
“ထပ်ပြောရရင် ရုံးချိန်းမတိုင်ခင်မှာ တရားပြိုင်နဲ့ ကျွန်တော်မတွေ့ချင်ဘူးဗျ”

ဉက္ကဌကြီးက မျက်နှာပျက်သွားကာ
“ရှေ့နေကြီးက အမှုမှာ အပြောင်းအလဲရှိမှာကို မစိုးရိမ်ဘူးလား?”

မော့ဟန်က ပြုံးကာ
“ဉက္ကဌကြီးက အစိုးရိမ်လွန်နေတာပါ။ ကျွန်တော်တို့က သက်သေတွေအကုန် စုပြီးသွားပြီ။ ခင်ဗျားတို့ကုမ္ပဏီရဲ့သူခိုးက ကျွန်တော်တို့အမှုသည်ရဲ့ လျို့ဝှက်ချက်တွေကို ခိုးသွားတယ်။ အဲ့ဒါကြောင့် ဒီကိစ္စကို ခင်ဗျားတို့ရှေ့နေနဲ့ ပြန်ဆွေးနွေးပြီး ပြစ်ဒဏ်သက်သာအောင် ဘယ်လိုလုပ်ကြမလဲပဲ တိုင်ပင်ကြရင် ကောင်းမယ်ထင်တယ်”

ဉက္ကဌကြီးက သူ့ကိုအကြာကြီး ကြောင်ကြည့်နေပြီးမှ ပြုံးပြလိုက်ကာ
“ရှေ့နေကြီး စကားကိုအပြတ်မပြောပါနဲ့ဗျာ။ သူခိုးက ဘယ်လိုခိုးသွားလဲ ခင်ဗျားလည်း သိတာမှ မဟုတ်တာ။ ဒီလိုစျေးကွက်ကြီးထဲမှာ အတွေးအခေါ်တူတာတွေလည်း အများကြီးပါ။ ကျွန်တော်တို့ ဌာနက ခင်ဗျားတို့အမှုသည်ကုမ္ပဏီနဲ့ တူနေတာပဲ ရှိတာပါ။ အဲ့ဒါကြောင့် အရမ်းအတင်းကြီး လုပ်မနေပါနဲ့လား? စျေးကွက်ဆိုတာ အကုန်လုံးက အတူတူလုပ်နေရတာပဲ!”

“ဒါဆိုရင် ငွေအလွဲသုံးစားလုပ်တဲ့ကိစ္စကရော?”
မော့ဟန်က ပြောသည်။

“ဒါကတော့ ငါ့အပြစ်မဟုတ်ဘူး။ ငါ့သားလုပ်တာပဲလေ။ သူကညဏ်နည်းနည်းကောင်းပင်မယ့် အပျော်အပါးမက်လွန်းတယ်။ ကားဝယ်ဖို့အတွက် ကုမ္ပဏီငွေတွေကို နည်းနည်းထုတ်သုံးရုံတင်ပါ။ ငါနဲ့ဘာဆိုင်တာမလို့လဲ? မင်းကဒီလိုပြောနေတော့ မသိရင်ငါကပဲ တရားခံလိုမျိုး”

“ကျွန်တော်ကတော့ ဉက္ကဌကြီးရဲ့သားက ကားဝယ်ဖို့ ဒီလောက်သုံးသွားတာကို အံ့သြလို့မဆုံးပါဘူးဗျာ”
မော့ဟန်က ပြုံးရင်းဖြင့် ဉက္ကဌကြီးက သူ့အပြစ်ကို တခြားသူအား အလွယ်တကူလွှဲချလိုက်ခြင်းကို အံ့သြနေသည်။ ဘယ်လိုလုပ်ပြီးတော့ ကိုယ့်အပြစ်ကို ကိုယ့်သားအပေါ်လွှဲချနိုင်ရတာလဲ?

“ရှေ့နေကြီးက ကားလိုချင်တယ်ဆိုရင် ငါတစ်စီးဝယ်ပေးလိုက်မယ်။ ငါတို့ကြားက မိတ်ဆွေဖြစ်မှုအထိမ်းအမှတ်လေးပေါ့။ ရှေ့နေကြီးမော့ဟန်က ဒီနိုင်ငံမှာ တော်တဲ့ရှေ့နေတစ်ယောက်ပဲကို”
ဉက္ကဌကြီးက ပြောသည်။

“မဟုတ်တာ. . .မလိုပါဘူး. . .ကျွန်တော့်မှာ ကားရှိပါတယ်”
မော့ဟန်က စီးပွားရေးသမားတွေ၏အကြောင်းကို သိနေသဖြင့် ငြင်းလိုက်သည်။

“ရှေ့နေကြီး တခြားလိုတာရှိရင် ငါ့ကိုလှမ်းအကြောင်းကြားလိုက်။ ဘာပဲဖြစ်ဖြစ် ငါလုပ်ပေးလိုက်မယ်။ ရှေ့နေကြီးကသာ တရားရုံးမှာ ငါတို့ဘက်သာအောင် လုပ်ပေးမယ်ဆိုရင်ပေါ့”

မော့ဟန်က ဉက္ကဌကိုမျက်နှာကို ကြည့်ပြီးရယ်မိသည်။ မြေခွေးအမြီးကတော့ ပေါ်လာလေပြီ။ မော့ဟန်ကရယ်ရင်းဖြင့်
“ဉက္ကဌကြီး ကျွန်တော်ဒါကို အသံဖမ်းထားမှာ မကြောက်ဘူးလား?”

နောက်ကလိုက်ပါလာသူများက ကြောင်သွားကြကာ ဉက္ကဌကြီးကတော့ အမုန်းမီးများဖြင့် မော့ဟန်အား လှမ်းကြည့်နေသည်။

“နောက်လိုက်တာပါဗျာ။ ဘာဖြစ်လို့ ဒီလိုနည်းတွေကို ကျွန်တော်က သုံးရမှာလဲ? ဉက္ကဌကြီးလည်း နားလည်မည်ထင်ပါတယ်။ ကံကောင်းခြင်းကို ရှာနေတဲ့ လူကြီးလူကောင်းတစ်ယောက်က ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုပေါ့”

မော့ဟန်က သူ့လက်က နာရီကို ကြည့်လိုက်ပြီး
“နောက်တောင်ကျနေပြီ။ ကျွန်တော့်မှာလည်း အစည်းအဝေးရှိသေးလို့။ သွားခွင့်ပြုပါဦး”

ဉက္ကဌကြီးက ဒေါသထွက်သွားကာ လက်သီးတင်းတင်းဆုပ်ရင်း ထရပ်လိုက်ကာ
“ဒါဆိုရင်တော့ ငါတို့လည်း ရှေ့နေကြီးကို မနှောင့်ယှက်တော့ပါဘူး”

“ဒါဆိုရင်လည်း လိုက်ပို့မပေးတော့ဘူး။ သတိထားပြန်ပါဦး ဉက္ကဌကြီး”
မော့ဟန်က တံခါးကိုဖွင့်ထားပေးရင်း ပြောသည်။

ဉက္ကဌကြီးနှင့် သူ့လူတွေက ထွက်သွားသည့်အခါ စိတ်ဝင်တစားကြည့်နေသည့် ဝန်ထမ်းများကြားတွင် မော့ဟန်ဆီသို့ လျူဇီယွမ်က လျှောက်လာပြီး ဘယ်လိုဖြစ်သွားသလဲ မေးသည်။

“မြန်မြန် အလုပ်ပြန်သွားလုပ်ကြ။ အကုန်အဆင်ပြေသွားပြီ”
မော့ဟန်က ဖြေလိုက်သည်။

လျူဇီယွမ်က သူ့ကော်ဖီခွက်ကို သူအမြန်ယူလိုက်ကာ မော့ဟန်ဘေးကနေ ကပ်လိုက်လာရင်း
“ရှေ့နေကြီး သူတို့ဘာပြောကြတာလဲ?”

“ဘာမှမဟုတ်ပါဘူး။ အမှုကိစ္စလာဆွေးနွေးတာ”

လျူဇီယွမ်က လက်မထောင်ပြကာ
“ရှေ့နေကြီးကတော့ တကယ့်ဗုံးပဲ။ ဒီလိုစီးပွားရေးသမားကြီးကိုတောင် ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ သူတို့က ဒီမှာနေ့လည်အထိ ကြာမယ်လို့ ကျွန်တော်ထင်နေတာ”

မော့ဟန်က ပြုံးကာ
“သူက အများကြီး မပြောပါဘူး။ ငါတို့အလျှော့ပေးအောင် လာဘ်ထိုးချင်နေတာ။ သူတို့ကုမ္ပဏီရဲ့ကိစ္စတွေကို ငါတို့ကစုံစမ်းစစ်ဆေးပြီးသားဖြစ်နေပြီးတော့ သက်သေတွေလည်း ရှိနေပြီလေ။ အဲ့ဒါကြောင့် သူတို့က ငါတို့အလျှော့ပေးမှာကို မျှော်လင့်နေကြတာ”

“သူတို့ကလည်း ကျွန်တော်တို့က လျှော်ပေးမယ်လို့ ဘယ်လိုလုပ် ထင်ကြတာလဲ မသိဘူး? သူတို့ရှေ့နေက ဘယ်လိုလုပ်ပြီး ကုမ္ပဏီဆီက အလွှဲသုံးစားလုပ်ထားတာကို ကာနိုင်မှာလဲ? လုပ်နိုင်တယ်ဆိုရင်တောင်မှ သူတို့နိုင်မှာ မဟုတ်ဘူး”

မော့ဟန်က ပြောသည်။
“ဒါဆိုရင်တောင်မှ ငါတို့ပေါ့နေလို့ မရဘူး။ ဒီရက်ပိုင်း သူတို့ကုမ္ပဏီအခြေအနေကို စောင့်ကြည့်ထား။ သိပ်မကြာခင် ရုံးချိန်းတက်ရတော့မှာဆိုတော့ ငါတို့အမှားအယွင်းအဖြစ်မခံနိုင်ဘူး”

လျူဇီယွမ်က သူ့ရင်ဘတ်ကိုပုတ်ကာ
“ကျွန်တော့်ကို စိတ်ချထားလိုက်”

ထို့နောက် သူကဆက်ပြောသည်။
“ဪ ဒါနဲ့ မနေ့က ရှေ့နေကြီးရဲ့ ညီမလေးကို လမ်းပေါ်မှာ တွေ့လိုက်တယ်။ သူက ကျွန်တော်လှမ်းနှုတ်ဆက်နေတာတောင် မမြင်မကြားနိုင်အောင် အတွေးတွေများနေတယ်”

Previous Chapter 172 of 199 Next