May Honey Logo May Honey
Previous Next

၁၈၈။ သူ့ကိုချစ်တယ်

နောက်ဆုံးမှာတော့ ရှောင်ယဲ့၏အကူအညီဖြင့် သူမရပ်နိုင်သွားသည်။ ထိုလူက ကြမ်းပြင်ပေါ်တွင် နာကျင်စွာ ညည်းတွားရင်းဖြင့်
“ငါ့နောက်လိုက်တွေက ဒီမှာရှိတယ်. . .သနားဖို့ကောင်းလိုက်တာ. . .မင်းတို့လွတ်မှာ မဟုတ်ဘူး. . . ငါ့လူတွေရောက်လာတော့မှာ”

ရှောင်ယဲ့က ထိုလူအား
“ခင်ဗျားကို အခုချက်ချင်းတောင် ရှင်းပစ်လို့ရတယ်”
ထို့နောက် သူမအား
“မကြီးလီနာ စိတ်ပူမနေဘဲ ကျွန်တော့်ကို အကုန်အပ်ခဲ့လိုက်။ နားလို့ရပြီ”

ထိုအချိန်တွင် ကြမ်းပြင်ပေါ်ကလူသည် ဓားကိုထုတ်လာကာ သူမတို့ဆီကို ထွက်ပြေးလာသည်။ ရှောင်ယဲ့က သူမအား စိတ်အေးလက်အေး စကားပြောနေသောကြောင့် မမြင်လိုက်သဖြင့် သူမသည် ရှောင်ယဲ့အား တွန်းထုတ်လိုက်ကာ ထိုလူကို အရင်လို ရင်ဆိုင်လိုက်သည်။ သို့သော်လည်း ဆေးမိထားသဖြင့် သူမ၏လှုပ်ရှားမှုများက နှေးကွေးနေကာ ထိုလူ၏ဓားကို လက်ဖြင့်ဖမ်းလိုက်ရာတွင် လက်ကိုရှသွားကာ သွေးတို့ပန်းထွက်လာသည်။

ဤအရာကိုမြင်သော် ရှောင်ယဲ့သည် ဒေါသထွက်သွားကာ ထိုလူအား ပိတ်ကန်လိုက်သည်။ ထိုလူကလည်း ရှောင်လိုက်ပြီးနောက် ရှောင်ယဲ့နှင့် တိုက်ခိုက်တော့သည်။

သို့သော်လည်း သူမကတော့ ဆက်မထိန်းနိုင်တော့ပေ။ သူမ၏မျက်လုံးထဲတွင် မီးရောင်တို့က ဝေဝါးလာကာ သူမ၏အသက်ရှုသံတို့က ပြင်းလာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် အလောင်းတစ်ခုလို တောင့်ကာ ဝေဝါးနေစဉ် တတိယသခင်လေးက ရောက်လာသည်။
သူမသည် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်ကာ ပြုံးလိုက်မိသည်။
တတိယသခင်လေးက ဘယ်လိုလုပ် ရောက်လာမှာလဲ?
ထို့နောက် သူမသည် သတိမေ့သွားတော့သည်။

သူမနိုးလာသည့်အခါ ဆေးရုံတွင် ရောက်နေသည်။ ထိုအခါ သူမက ထပ်ပြီးတော့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်သွားပြန်သည်။
ငါ့လိုလူက ဘယ်လိုလုပ် ဆေးရုံကို ရောက်နိုင်မှာလဲ?

သူမသည် အသက်၁၂နှစ်ကတည်းက ဆိုးဆိုးဝါးဝါးထိခိုက်ခံရတာတောင် ကြမ်းပြင်တွင် ကွေးနေရုံဖြင့်သာ နေခဲ့ရသည်လေ။ သူမသည် လျှာကိုခပ်ဖွဖွကိုက်ပြီးနောက် မျက်တောင်ကို ခပ်ကြည့်လိုက်သည့်အခါ တကယ်လည်း ဆေးရုံကို ရောက်နေခဲ့သည်။

“နိုးလာပြီလား?”
သူမသည် ဘေးကိုကြည့်လိုက်သည့်အခါ တတိယသခင်လေးက သူမ၏ဘေးနားတွင် ထိုင်နေခဲ့သည်။
“ကျန်းလီနဲ့ကိစ္စက ဘယ်လိုဖြစ်သွားတာလဲ?”
တတိယသခင်လေး၏အသံမှာ တည်ငြိမ်ကာ စိတ်ခံစားချက်စိုးစိမှ မရှိပေ။

ထိုအခါ ကျန်းလီဆိုသည်မှာ ဟိုတယ်က လူဝကြီးမှန်း သူမနားလည်သွားသည်။ သူမသည် ခက်ခက်ခဲခဲထလိုက်သည့်အခါ ခေါင်းမှာမူးဝေသွားတော့သည်။
“ဘယ်လောက်ကြာသွားပြီလဲ?”

“၂ရက်လောက် အိပ်ပျော်နေတာ”

သူမသည် ခုတင်ကိုမှီထိုင်ကာ ခေါင်းကိုငုံ့ရင်း စောင်ကိုကြည့်နေကာ တတိယသခင်လေးအား ပြောလိုက်သည်။
“တောင်းပန်ပါတယ်. . .ရှုပ်အောင်လုပ်လိုက်မိတယ်။ ကျွန်မ အဲ့ဒီရေကို မသောက်ခဲ့သင့်ဘူး”

တတိယသခင်လေးက နှာခေါင်းရှုံကာ
“သူများပေးတဲ့ရေကို သတိမထားဘဲ သောက်မပစ်နဲ့လို့ ငါမမှာထားဘူးလား”

သူမက ပြန်ရှင်းပြသည်။
“တောင်းပန်ပါတယ်. . .ထပ်မဖြစ်စေရပါဘူး”

“ရေဆာခဲ့လို့လား?”

ရှုချင်းရီက ခေါင်းငုံကာ ဘာကိုမှ ပြန်မပြောပေ။

“နောက်နောင် ရေဆာတက်ရင် ရေဘူးဆောင်သွား။ တာဝန်ချိန်ကြီးမှာ ထပ်ပြီးတော့ မမှားနဲ့!”
တတိယသခင်လေးသည် အံ့ကြိတ်ကာ သူမအား ပြောသည်။

“ဟုတ်ကဲ့ နားလည်ပါပြီ”
သူမသည် ခေါင်းငြိမ့်ကာ စကားကိုနားထောင်သည်။

တတိယသခင်လေးက ထသွားသည်။ တံခါးနားကိုရောက်သော် သူမအား ကျောပေးရင်းဖြင့်
“နင်ဒီကိုရောက်လာတာ ၇နှစ်ကျော်နေပြီ။ ငါအခြေခံတွေကအစ ပြန်သင်ပေးမနေချင်ဘူး”

တတိယသခင်လေးထွက်သွားသည့်အခါ သူမသည် ကိုယ့်လက်ကို ပြန်ငုံကြည့်နေမိသည်။ သူမအသိပြန်ဝင်သည့်အခါ မျက်ရည်တို့က တစ်ပေါက်ပေါက်ကျဆင်းနေသည်။ သူမသည် တတိယသခင်လေးက ဆူလိုက်ခြင်းကြောင့် ထိုနေ့က မျက်ရည်တောင် မသုတ်နိုင်ဘဲ ဆေးရုံတွင် ငိုကြွေးနေခဲ့ရသည်။

ဒါကလည်း သူမသည် တတိယသခင်လေးအား အရမ်းချစ်ခဲ့၍ဖြစ်သည်။ လောကတွင် လူတစ်ယောက်အား အရူးအမူးချစ်ကြသူ အများကြီးရှိသည်။ ထိုလူတို့က တစ်ဖက်သားအား သူ့တို့၏ ခံစားချက်များကို ဖြည်းဖြည်းချင်းထုတ်ပြကာ ပျော်ရွှင်စွာ လက်တွဲသွားကြသည်။ သို့သော်လည်း သူမကတော့ ဒီလိုမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တတိယသခင်လေးသည် တစ်ဖက်သား၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်သည့်နေရာတွင် အရမ်းထူးချွန်လွန်းသည်။ သူမသည် စချစ်မိကတည်းက သူမတို့ကြားမှာ ဘာမှမဖြစ်နိုင်မှန်း သိနေခဲ့သည်။

ရှောင်ယဲ့သည် တတိယသခင်လေး ထွက်သွားပြီး သိပ်မကြာခင်တွင်ပဲ ရောက်လာသည်။ သူသည် ဒဏ်ရာအနည်းငယ်ရနေသော်လည်း သူမဆီသို့ ပြုံးပြုံးရွှင်ရွှင် လျှောက်လာသည်။

“ငါ့ကိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
သူမသည် ရှောင်ယဲ့အား ကျေးဇူးတင်စကား စပြောလိုက်သည်။

ရှောင်ယဲ့က ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုတ်ရင်း
“အဲ့ဒီနေ့တုန်းက ဘာမှသိပ်မလုပ်လိုက်ရပါဘူး။ တတိယသခင်လေး ရောက်လာပြီးတော့ ဒီလူတွေကို ရှင်းသွားတာ”

သူမသည် မျက်မှောင်ကျုံလိုက်ကာ ရှောင်ယဲ့အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ရှောင်ယဲ့က ရှင်းပြသည်။
“မကြီးမေ့လဲသွားတုန်းက တတိယသခင်လေးက ရောက်လာတယ်။ မကြီးလဲကျနေတာကိုမြင်တော့ ဟိုလူကို သေလုမြောပါးဖြစ်အောင် ကိုင်ပေါက်ပစ်လိုက်တာ။ တတိယသခင်လေးက ဟိုလူပြောတဲ့ လမ်းကနောက်လိုက်တွေကိုပါ ရှင်းပစ်ပြီးတော့ မကြီးကို ဆေးရုံချက်ချင်းတင်တာ”

ရှောင်ယဲ့၏စကားများကြောင့် သူမအံ့သြသွားသည်။
“နင်ပြောချင်တာက. . .တတိယသခင်လေး သူကိုယ်တိုင် ဝင်တိုက်တာလား?”

“အင်း”
ရှောင်ယဲ့က ပြောသည်။
“အစတုန်းက ငါလည်းမယုံနိုင်ဘူးဟ။ တတိယသခင်လေးက ကိုယ်တိုင်ဝင်လုပ်တာမျိုးကို မမြင်ဘူးတော့။ အရင်တုန်းက မချတက်တဲ့သူလို့တောင် ထင်နေမိတာ”

ရှောင်ယဲ့၏စကားများကြောင့် သူမတိတ်ဆိတ်သွားသည်။ တတိယသခင်လေး ရောက်လာခြင်းကို သူမထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟုသာ ထင်ခဲ့တာဖြစ်သည်။ တကယ်ရောက်လာကာ သူမအား ကယ်တင်ပေးလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပေ။

သူမအတွေးလွန်နေသည်ကို သတိထားမိသည့် ရှောင်ယဲ့သည်
“မကြီးလီနာ. . .တတိယသခင်လေးကို ကြိုက်နေတာမလား?”

သူမသည် ရှောင်ယဲ့အား စိုက်ကြည့်လိုက်သည်။

“တတိယသခင်လေး ဟိုတယ်မှာ မိန်းမတစ်ယောက်နဲ့ ရှိနေတုန်းက အပြင်မှာ မလှုပ်မယှက်နဲ့ စောင့်ပေးနေတဲ့ မကြီးကိုမြင်တယ်။ ဘယ်သူမှ သတိမထားမိပင်မယ့်. . .ငါထင်တာက. . . ဝမ်းနည်းနေသလိုပဲမလို့”

သူမငြိမ်နေသည့်အခါ ရှောင်ယဲ့သည် အိုးတိုးအန်းတန်းဖြစ်သွားကာ ခေါင်းကိုငုံရင်း
“တောင်းပန်ပါတယ်. . .ပြောတာလွန်သွားပြီ ထင်တယ်”

နောက်ဆုံးတော့ သူမပြန်ဖြေသည်။
“ဘယ်အချိန်တည်းက သိနေတာလဲ?”

“တစ်နှစ်ကျော်လောက်ကတည်းက ထင်တယ်”
ရှောင်ယဲ့က မေးသည်။
“တတိယသခင်လေးကို ဖွင့်မပြောသေးဘူးလား?”

“ငါ့ကိုသေစေချင်နေတာလား?”
သူမပြုံးကာ ပြောလိုက်သည်။

ရှောင်ယဲ့က အနည်းငယ် လန့်သွားကာ
“ဟာဗျာ။ အဲ့ဒီလောက်ကြီးအထိတော့ မဖြစ်နိုင်ပါဘူး”

“တတိယသခင်လေးက သူ့အနားကလူတွေမှာ တခြားစိတ်ရှိတာမျိုးကို လက်မခံဘူး။ သူတွဲဖူးတဲ့ မိန်းမတိုင်းကို ငါမြင်ဖူးတယ်။ တစ်ယောက်မှ အဆုံးသတ်မလှရှာဘူး”

သူမသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး
“ငါသူတို့လို မဖြစ်ချင်ဘူး”

“တကယ်လို့. . .တတိယသခင်လေးကရော ထူးခြားတဲ့လူလို ဆက်ဆံခဲ့မယ် ဆိုရင်ရော?”

သူမသည် ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူး. . .တတိယသခင်လေးက ငါ့ကိုတစ်နေ့မှာ လွှတ်ပေးရင်တော့ ယုံနိုင်လိမ့်မယ်”

ထိုအခါမှသာ သူမစိတ်သက်သာရာ ရသွားတော့သလို ခံစားရသည်။ သူမသည် ဒီလျို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ သိမ်းထားခဲ့ရတာ ဖြစ်သော်လည်း အခုလိုဖွင့်ထုတ်လိုက်သည့်အခါ သူမစိတ်သက်ပေါ့သွားတော့သည်။

“ဒါဆိုရင် အခုလို. . .ဆက်ပြီးတော့ နေသွားမှာလား?”

“မနေပါဘူး”
သူမသည် နောက်စာကြောင်းကိုတော့ ထုတ်မပြောတော့ပေ။ သူမသာ အချိန်အနည်းငယ် ထပ်ယူလိုက်ရင် သူမခံစားချက်များကို အဆုံးသတ်နိုင်တော့မှာ ဖြစ်သည်။ တတိယသခင်လေး သိမသွားခင်မှာ သူမခံစားချက်များကို သိမ်းလိုက်မှာ ဖြစ်သည်။ ရှောင်ယဲ့ကိုလည်း တတိယသခင်လေး သိမသွားစေရန် သေချာအောင် ပြောထားလိုက်သည်။

သူဆေးရုံကနေ ပြန်ဆင်းလာသည့်အခါ တတိယသခင်လေးနှင့် အရင်လိုသာ ဆက်ဆံလေသည်။ သို့သော်လည်း အချို့အရာတွေက ပြောင်းလဲလာသည်။

သူမ၏အကြောင်းကို သိသွားသည့် ရှောင်ယဲ့သည် အရင်တုန်းကထက် ပိုပြီးရဲတင်းလာကာ သူမအား စကားလိုက်ပြောနေတက်တော့သည်။ တာဝန်ပြီးသွားသော်လည်း သူမ၏ဘေးနားတွင် ကပ်နေလေ့ရှိကာ ပျော်ရွှင်နေလေ့ရှိသည်။ ဘာကြောင့် ပျော်နေသလဲ ဆိုသည်ကိုတော့ သူမလည်း နားမလည်ပေ။

သူမသည် ရှောင်ယဲ့အား မောင်ငယ်လေးတစ်ယောက်လို ခံစားနေရသည်။ သူမတွင် မောင်အရင်းတစ်ယောက်မှ မရှိခဲ့ဖူးသော်လည်း မောင်လေးတစ်ယောက်လိုပင် သူမဆက်ဆံလေသည်။

ပတ်ဝန်းကျင်က လူများကတော့ သူမနှင့် ရှောင်ယဲ့တို့သည် ခိုးဝှက်ကာ တွဲနေကြပြီဟု ထင်ကုန်ကြသည်။ သို့သော်လည်း သူမသည် ပတ်ဝန်းကျင်စကားများကို ဂရုမစိုက်သလို ရှင်းပြခြင်းလည်း မလုပ်ပေ။ ထိုအခါ လူတို့က ပိုပြီးအထင်လွဲကုန်ကြတော့သည်။

သို့သော်လည်း မမျှော်လင့်မိသည်ကတော့ တစ်ရက်တွင် တတိယသခင်လေးက ရှောင်ယဲ့နှင့် သူမတွဲနေသလားဟု မေးလာလေသည်။ သူမအား ဒီလိုဆက်ဆံရေးမျိုးကို မြန်မြန်ဖြတ်ရန်လည်း ပြောသည်။ ထိုအခါ နောက်နောင် သူမသည် တစ်စုံတစ်ယောက်နှင့် တကယ်တွဲပါက တတိယသခင်လေးက ဒီလိုဖြတ်ခိုင်းဦးမလား သူမတွေးမိသွားသည်။
သခင်လေးရဲ့ အလှအပေါ်အားထားပြီးတော့ လူတွေရဲ့ နှလုံးသားကို ခိုးတက်သည့် အေးတိအေးစက် လူသတ်သမားက စိတ်ခံစားချက်မရှိသည့် စက်ရုပ်လို တတိယသခင်လေးက ဖြစ်စေချင်နေတာလား?
သူမသည် သူ့စိတ်ကိုသူမထိန်းနိုင်ဘဲ ပထမဆုံးအကြိမ်အဖြစ် တတိယသခင်လေးအား မေးခွန်းထုတ်လိုက်သည်။

Previous Chapter 188 of 199 Next