၁၄၃။ ကြည့်နေချင်တယ်
သူမပင်ပန်းနေသည်။ ဒီနေရာကနေ ထွက်သွားရမည်ကို တွေးကြည့်ရုံဖြင့် သူမကြောက်လာကာ ပင်ပန်းသွားသည်။
သူမထွက်သွားလျှင် မော့ဟန်က သူမအား ဆက်သွယ်တော့မည် မဟုတ်ပေ။ သူ့ဘဝက သူမထွက်သွားသည်နှင့် ပို၍သက်သောင့်သက်သာရှိသွားမည်။ သူမကိုကျွေးမွေးနေရသလို သူမအရှုပ်တွေကိုလည်း လိုက်ရှင်းပေးစရာမရှိတော့မှာ ဖြစ်သည်။
ရှုချင်းရီမှာ မော့ဟန်၏အိမ်သို့ရောက်လာတုန်းက သူမကို ဘာဖြစ်လို့ ခေါ်လာရသနည်းဟု မေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက မော့ဟန်က သူ့ပြဿနာတစ်ခုကိုရှင်းရုံတင်သာဟု ဖြေခဲ့ဖူးသည်။
ရှုချင်းရီက ပက်လက်လှန်လဲလိုက်ကာ မျက်နှာကျက်ကိုကြည့်ရင်း အတွေးများနေကာ အိပ်မပျော်တော့ပေ။ သူမဒီညတွင် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်တော့ပေ။
နောက်နေ့မနက်တွင် ရှုချင်းရီသည် မော့ဟန်နှင့် မနက်စာစားနေစဉ် သူမ၏ဖုန်းကို မသိသည့်နံပတ်တစ်ခုခေါ်လာသည်။ ရှုချင်းရီက ဘယ်သူခေါ်တာလဲ ရိပ်မိ၍ ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို?”
“ညန်ညန် ကိုယ်အိမ်အောက်ကိုရောက်နေပြီ”
“အင်း”
“ကိုယ်လာခေါ်မယ်လေ”
“မလိုပါဘူး။ အခုမနက်စာစားနေတယ်။ ပြီးမှကျွန်မတို့ ဆင်းလာခဲ့မယ်”
“ညန်ညန် ဒီနေ့ ကိုယ်တို့Fမြို့ကို သွားကြရအောင်”
ရှုချင်းရီက မနက်စာပန်းကန်ကို ကြည့်ရင်း
“အင်း”
ဟန်လျန်က စကားဆက်ပြောချင်သေးသော်လည်း ရှုချင်းရီက ဖြတ်ပြောလိုက်သည်။
“တခြားပြောစရာမရှိရင် ကျွန်မဖုန်းချလိုက်မယ်။ အောက်ရောက်မှ ဆက်ပြောပေါ့”
ဖုန်းချပြီးသည့်အခါ အကုန်လုံးကိုကြားလိုက်သည့် မော့ဟန်က မေးသည်။
“သူက ဘယ်လိုလုပ် မင်းဖုန်းနံပတ်ကို ရတာလဲ?”
ရှုချင်းရီက စိတ်ရှုပ်နေသည့်ပုံဖြင့် ပန်းကန်ထဲမှ အစားအစာများကို တူဖြင့်မွှေနေသည်။
“ညီမလေးလည်း ဘယ်သိမလဲ။ သူရှာရတာ လွယ်လို့နေမှာပေါ့”
“ငါပါလိုက်မယ်ဆိုတာကို ဘာဖြစ်လို့ မပြောလိုက်တာလဲ?”
“မလိုပါဘူး။ အောက်ရောက်မှ ပြောလိုက်လည်း ရတာပဲကို”
သူတို့နှစ်ယောက်က မနက်စာကို ဆက်စားနေကြသော်လည်း အိမ်ထဲတွင် တစ်ခုခုက ပြောင်းလဲသွားသလို အရင်တုန်းကအခြေအနေမဟုတ်တော့ပေ။ သို့သော်လည်း ရှုချင်းရီက ဘယ်အရာက ပြောင်းလဲသွားသလဲ သူမမသိပေ။
မနက်စာစားပြီးသည့်အခါ ရှုချင်းရီက အဝတ်လဲပြီးနောက် ထွက်လာသည်။ မော့ဟန်က အပြင်မှ စောင့်နေသည်။ ထို့နောက် သူမ၏ဖုန်းအား မများတော့ကြောင်းကို သတိရသွားသည်။
“ခနလေး ဖုန်းအားသွင်းကြိုး သွားယူလိုက်ဦးမယ်”
“အားဘယ်လောက်မလို့လဲ?”
ရှုချင်းရီက သူမဖုန်းကို ကြည့်ကာ
“၅၆ရာခိုင်နှုန်း”
“ယူမနေနဲ့။ နေ့ချင်းပြန်လာမှာ။ အိမ်ရောက်မှသွင်း”
ရှုချင်းရီက မော့ဟန်ပြောသည်ကို ကြားမှ ပိုစိတ်ပူသွားတော့သည်။
‘ပြန်လာလို့ မရတော့ရင်ရော?’
“ဘာတွေတွေးနေတာလဲ? မြန်မြန်သွားပြီး မြန်မြန်ပြန်လာရအောင်”
ရှုချင်းရီက မော့ဟန်ကို ကြည့်ပြီး သူမဖုန်းကို အိတ်ထဲထည့်ကာ ဖုန်းအားသွင်းကြိုးရော ပါဝါဘဏ်ကိုရော မယူဘဲ မော့ဟန်၏အနောက်သို့လိုက်ကာ ထွက်လာသည်။ စောစောပြန်လာလို့ရပါစေလို့ သူမဆုတောင်းလိုက်သည်။
သူတို့အောက်သို့ရောက်သည့်အခါ ဟန်လျန်က ကားကိုမှီရင်း စောင့်နေသည်။ ရှုချင်းရီကို မြင်သည့်အခါ ဖော်ရွေစွာဖြင့်
“ရောက်လာပြီလား”
ရှုချင်းရီက ခေါင်းငြိမ့်ပြသည်။ ဘေးက မော့ဟန်က
“ဒါမင်းကားလား?*
“ဟုတ်တယ်။ ကျွန်တော့်ကားက Fမြို့မှာရှိတာ။ သွားယူဖို့ အဆင်မပြေလို့ ဒီကားကို ဝယ်လိုက်တာ”
မော့ဟန်က ပြုံးလိုက်သော်လည်း ရှုချင်းရီ၏မျက်နှာတွင်တော့ ဘာအမူအရာမှ မရှိပေ။ ထို့နောက် ကား၏နောက်တံခါးဖွင့်ကာဝင်ထိုင်လိုက်သည်။ ထို့ကြောင့် မော့ဟန်က အရှေ့တွင် ထိုင်ရန် ကားတံခါးဖွင့်ဖို့ လက်လှန်းလိုက်သည်။
“ညန်ညန် ဒီအရှေ့မှာ လာထိုင်ပါလား။ ကိုယ်ညန်ညန်ကို ကြည့်နေချင်လို့”
ရှုချင်းရီက အပြင်က ဟန်လျန်ကို ကြည့်ကာ
“ကျွန်မကတော့ ဒီမှာပဲထိုင်မှာ”