၁၉၆။ တခြားသူရဲ့အနံ့
မော့ဟန်က လက်မခံပေ။ သူမကို အိမ်မှာတွင်သာ အိပ်စေကာ ဘယ်လောက်နောက်ကျသည်ဖြစ်စေ သူလာကြိုပေးသည်။
ထို့ကြောင့် ရှုချင်းရီသည် ကျောင်းမှာလည်း စာပိုဖိလုပ်ရကာ အိမ်တွင် ပုံမှန်သာ စာလုပ်ရသည်။
စာမေးပွဲဖြေပြီးသွားမှသာ သူမစိတ်သက်သာရာရတော့သည်။ စာမေးပွဲဖြေပြီးနောက် သူမထွက်လာသည့်အခါ ကျောင်းဝင်းထဲတွင် ကျန်းယန်နှင့် တွေ့သည်။
ရှုချင်းရီက လှမ်းအော်ခေါ်လိုက်ကာ
“ဒီမှာဘာလုပ်နေတာလဲ?”
ကျန်းယန်က သူမကိုမြင်သည့်အခါ ပြုံးပြရင်း
“မတွေ့ရတာတောင် ကြာပြီပဲ”
ရှုချင်းရီကလည်း ပြုံးပြကာ
“ကျောင်းထဲကို ဘာလာလုပ်တာလဲ? ဘာအမှုဖြစ်လို့လဲ?”
ကျန်းယန်က ခေါင်းခါကာ
“မဟုတ်ပါဘူး။ ငါ့အလုပ်က သူငယ်ချင်းက သူ့ကောင်မလေးကို လက်ဆောင်လာပေးတာ။ ငါပါလိုက်လာရတာ”
“အမှုဖြစ်တာလားလို့။ အဲ့ဒီလိုဆိုရင်တော့ ကျောင်းကအန္တရာယ်များပြီပဲ”
“အမှုကြီးကတော့ ဘယ်ဖြစ်ဦးမလဲ? ဟိုတလောကမှ ငါတို့ချန်းထန်ကို ဖမ်းမိထားတာ”
“ချန်းထန်? သူကဘယ်သူလဲ?”
ရှုချင်းရီက စပ်စုသည်။
“မြေအောက်ဂိုဏ်းတွေက နာမည်ကြီး ခေါင်းဆောင်။ အဆိပ်သုံးလို့ နာမည်ကြီးတယ်”
ရှုချင်းရီက တောင့်သွားကာ ခက်ခဲစွာပြုံးရင်း ခေါင်းအမြန်ခါကာ
“သူ့ကိုမသိဘူး”
“မသိတာ ပုံမှန်ပါပဲ။ မင်းတို့လို သာမန်ပြည်သူတွေက ဘယ်လိုလုပ်သိမှာလဲ”
ရှုချင်းရီက ပြန်ပြုံးပြနေစဥ် ကျန်းယန်က ဆက်ပြီး
“ဒါပင်မယ့် ရှေ့နေကြီးက ဟိုတစ်ခါတုန်းက သူနဲ့စကားပြောသွားသေးတယ်သိလား? ထူးဆန်းတယ်”
ရှုချင်းရီက လန့်သွားကာ
“ရဲစခန်းကို လာတွေ့တာလား!”
“မဟုတ်ဘူး။ အရာရှိကြီးကျန်းဆီကို ဖိုင်လာပို့တာ။ ချန်းထန်ကိုစစ်မေးနေတာနဲ့ကြုံတော့ ခနဝင်စကားပြောတာ”
“ဘာတွေပြောကြတာလဲ?”
“မသိလိုက်ဘူး။ ငါတို့လည်း အဲ့ဒီအချိန်တုန်းက အစည်းအဝေးရှိတော့”
ရှုချင်းရီက ဟိုးတနေ့တုန်းက မော့ဟန်၏ မျက်နှာပျက်နေခြင်းကို သတိရသွားသည်။ မော့ဟန်က အကုန်သိသွားတာ ဖြစ်နိုင်သည်။
“ချန်းထန်. . .သူ့ကိုစီရင်ချက်ကျပြီလား? ဘယ်နှနှစ်လဲ?”
ရှုချင်းရီက မေးလိုက်သည်။
“မကျသေးဘူး။ ရုံးချိန်းကတော့ သိပ်မလိုတော့ဘူး။ ၁၅နှစ်လောက် ကျမယ်ထင်တယ်။ လူနှစ်ယောက်ကို သတ်ခဲ့တာလေ”
ရှုချင်းရီက မျက်မှောင်ကျုံမိသွားသည်။
‘တတိယသခင်လေးက လူသတ်တယ်လား? ငါသူ့လက်အောက်မှာ အကြာကြီးအလုပ်လုပ်လာတာ လူမသတ်ခိုင်းတဲ့ စည်းမျဉ်း သူ့မှာရှိတယ်လေ! ငါတို့က မသေရုံတမယ် နှိပ်ဆက်တဲ့အထိပဲ လုပ်ကြတာပါ’
“ဘယ်သူ့ကိုသတ်လိုက်တာလဲ?”
ရှုချင်းရီက မေးသည်။
“မင်းမေးမှပဲ သတိရတော့တယ်။ အဲ့ဒီသူက မင်းကို နှောင့်ယှက်ဖို့လုပ်တဲ့သူလေ။ ဂိုဏ်းရန်ပွဲမှာ မတော်တဆ သေသွားတာ”
ကျန်းယန်က ဖြေလိုက်သည့်အခါ ရှုချင်းရီမှာ မျက်နှာက သွေးဆုတ်လာတော့သည်။
‘ဒါတိုက်ဆိုင်တာ ဟုတ်ပါ့မလား?
တတိယသခင်လေးက ငါ့အကြောင်းကို လိုက်စုံစမ်းခဲ့တာဆိုရင် အဲ့ဒီကိစ္စကိုလည်း မသိစရာမရှိဘူး။
မဟုတ်မှ. . .’
“ရှုချင်းရီ. . . ရှုချင်းရီ. . .”
ကျန်းယန်က ခေါ်သည်။
သူမမော့ကြည့်လိုက်သည့်အခါ ကျန်းယန်၏ဘေးတွင် နောက်ရဲတစ်ယောက် ရောက်နေပြီ။ ကျန်းယန်က
“ငါ့သူငယ်ချင်း ရောက်လာပြီ။ ငါတို့သွားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့”
ရှုချင်းရီက ခေါင်းငြိမ့်ကာ လက်ပြလိုက်သည်။ ထို့နောက် သူမသည် အတွေးထဲ မြောနေပြန်တော့သည်။
တတိယသခင်လေးအား သူမခြောက်နှစ်တာ ချစ်ခဲ့သော်လည်း တတိယသခင်လေး၏ စိတ်ကို သူမနားမလည်ခဲ့ပေ။ အခုတော့ အတိတ်ကိုထားခဲ့ကာ မော့ဟန်နှင့် ပုံမှန်ဘဝလေး ဖြတ်သန်းတော့မည့်အချိန်တွင် တတိယသခင်လေးက သူမကိုနှောင့်ယှက်သည့်သူကို သတ်ပစ်ခဲ့တာကို သိလာရပြန်သည်။
သူမအိမ်ပြန်ရောက်သည့်အခါ မော့ဟန်က ဧည့်ခန်းတွင် TVထိုင်ကြည့်နေသည်။
“အစောကြီး ပြန်ရောက်နေတာလား?”
ရှုချင်းရီက မေးလိုက်သည်။
“အလုပ်ပြီးလို့ စောစောပြန်လာတာ”
မော့ဟန်က သူမကိုလှည့်ကြည့်ရင်း
“စာမေးပွဲပြီးပြီလား?”
ရှုချင်းရီက ပင်ပန်းလာကာ မော့ဟန်ဘေးတွင် ခြေပစ်လက်ပစ်ဝင်ထိုင်ရင်း
“နောက်ဆုံးတော့ နားလို့ရပြီ”
မော့ဟန်က သူမအနားသို့ ကိုင်းလာကာ လည်ပင်းနားသို့ ကပ်လာသည်။ ရှုချင်းရီက မော့ဟန်ကို တွန်းကာ
“ဘာလုပ်တာလဲ?”
“တခြားသူရဲ့ အနံ့ရှိလားလို့?”
မော့ဟန်က ရုပ်တည်ကြီးဖြင့် ဖြေသည်။
ရှုချင်းရီက ပြုံးကာ
“ဒါဆိုရင် အနံ့ခံကြည့်။ ရှိလား”
“မရှိဘူး”
မော့ဟန်က သူမ၏နားလေးကို ကိုက်ကာ
“ငါ့ရဲ့အနံ့ပဲ မင်းဆီမှာ ရှိရမယ်”
ရှုချင်းရီက တစ်ကိုယ်လုံး ဆက်ခနဲ တုန်သွားသည်ကို ဘာမှမဖြစ်သလို ဟန်ဆောင်ကာ
“အနံ့ရရ မရရပါ။ ညီမလေးက အပြင်မှာတစ်နေ့လုံး သွားလာထားတာ။ ချွေးနံတွေနဲ့ မရွံ့ဘူးလား?”
ရှုချင်းရီစိတ်လှုပ်ရှားနေသည်ကို သတိထားမိသည့် မော့ဟန်က
“ဒီကိုလာ”
“ကိုကြီးဘေးမှာ အခုထိုင်နေတာလေ။ ဘယ်ကိုလာရဦးမှာလဲ?”
“ပေါင်ပေါ်မှာထိုင်”
မော့ဟန်က သူ့ပေါင်ကိုပုတ်ပြသည်။
ရှုချင်းရီက ခေါင်းခါကာ
“ဒီနေ့ဘာဖြစ်နေတာလဲ?”
မော့ဟန်က သူမကိုဆွဲမလိုက်ကာ သူ့ပေါင်ပေါ်တွေ ထိုင်စေသည်။
“ဘာဖြစ်နေတာလဲ?”
“နမ်းရင် ပြောပြမယ်”
မော့ဟန်က သူမကိုကြည့်ရင်း ဖြေသည်။
ရှုချင်းရီက မျက်မှောင်ကျုံကာ
“ဘာတွေဖြစ်နေတာလဲ?”
“နမ်း”
ရှုချင်းရီက မော့ဟန်၏ပါးကို ထိကပ်ကာ နမ်းလိုက်ပြီး
“ရပြီ။ ပြောတော့”
“မလုံလောက်သေးဘူး”
ရှုချင်းရီက ခပ်ဖွဖွပြုံးကာ နှုတ်ခမ်းကို ထိကာနမ်းလိုက်ပြီး
“ရပြီလား?”
မော့ဟန်က သူမ၏ခေါင်းကိုထိန်းကာ နက်ရှိုင်းစွာ နမ်းလေသည်။ မော့ဟန်၏ ပေါင်ပေါ်တွင် ရှုချင်းရီက ပျော့ခွေလာသဖြင့် မော့ဟန်၏လည်ပင်းကို သိုင်းဖက်ကာ ထိန်းထားရသည်။
နှုတ်ခမ်းတို့ ခွာလိုက်တော့မှ ရှုချင်းရီသည် မော့ဟန်၏ ပုခုံးပေါ်တွင် ခေါင်းမှီကာ အသက်ဝဝရှုလိုက်ရသည်။ မော့ဟန်က သူမ၏လည်ပင်းကို နမ်းနေကာ ရပ်မည့်ပုံမပေါ်ပေ။
“ဒီနေ့ဘာဖြစ်တာလဲလို့?”
ရှုချင်းရီက မေးလိုက်သည်။
“လျူဇီယွမ်နဲ့ တခြားရှေ့နေက ငါတို့အကြောင်း သိသွားပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်ရုံးလုံးသိလောက်ပြီ”
မော့ဟန်က ခပ်ဖွဖွရယ်ကာ ပုံမှန်လိုပင် ပြောပြသည်။ ရှုချင်းရီမှာတော့ အလန့်တကြား မှီနေရာမှထကာ မော့ဟန်ကိုကြည့်ရင်း
“ဘယ်လိုလုပ် သိသွားတာလဲ?”