May Honey Logo May Honey
Previous Next

၁၆၀။ မျက်ကွယ်ပြုနေကြပြီ

လျူဇီယွမ်သည် မော့ဟန်နှင့် အလုပ်တွင် ဆက်ဆံရေးအကောင်းဆုံးသူ ဖြစ်သည်။ မော့ဟန်က အားလပ်နေလျှင် သူနှင့်စကားစမြီပြောလေ့ရှိသောကြောင့် အခြားသူများနှင့်ယှဉ်လျှင် မော့ဟန်အား စကားပြောရဲသည်။

“အခုတလော အလုပ်ရှုပ်နေတာကြောင့် ရုံးကလူတွေက ကြောက်နေကြတယ်။ ရှေ့နေကြီးကိုယ်တိုင် ဝင်မလုပ်ရင်လည်း ဖြစ်တဲ့အလုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ရုံးမှာပြဿနာတစ်ခုခုများ တက်နေလို့လား? ကျွန်တော်တိုများ အမှားလုပ်မိသလား? ဒါမျိုးတွေကို လန်နေရတာ။ ပြီးတော့ ဟိုတလောကမှ နေမကောင်းဖြစ်ထားတာဆိုတော့ ဒီလိုလုပ်နေရင် ထပ်ဖြစ်မှာကြောက်ရတယ်”

“အများကြီးလျှောက်တွေးနေကြတာပဲ။ ရုံးရော ငါရော အဆင်ပြေပါတယ်”

“ရှေ့နေကြီးရဲ့ ညီမလေးသာ ဒီလိုပုံကိုမြင်ရင် အသက်ဆက်မရှင်ချင်တောဘူးလားလို့ ပြောမှာပဲဗျာ”
လျူဇီယွမ်က ညည်းညူသည်။

မော့ဟန်က သူမအကြောင်းကို ကြားသည်နှင့် ချက်ချင်းမျက်နှာပျက်သွားကာ
“ဘယ်တုန်းကစပြီး မင်းကငါ့ကိစ္စတွေကို လိုက်ဝင်ပါနေတက်တာလဲ?”

ဘယ်လောက်ရှုပ်ထွေးကာ ခက်ခဲသည့် အမှုဖြစ်ပါစေ ရှေ့နေကြီးမော့ဟန်က ဒီလိုလေသံမာမာဖြင့် ပြောသည်ကို လျူဇီယွမ်က တစ်ခါမှ မကြားဖူးပေ။ အခုတော့ သူ့အားဒီလို ပြောလာပြီ ဖြစ်သောကြောင့်
“ရှေ့နေကြီး ကျွန်တော်တောင်းပန်ပါတယ်။ မကြိုက်မှန်းမသိလို့ပါ။ နောက်နောင် ကျွန်တော်မပြောတော့ပါဘူး”

“ငါ့အရှေ့မှာ အဲ့ကောင်မလေးအကြောင်း ထပ်မပြောနဲ့”
မော့ဟန်က ပြောသည်။

ထိုအခါမှ လျူဇီယွမ်သည် မော့ဟန်၏ စိတ်မကြည်ရခြင်း အကြောင်းမှာ သူ့ညီမလေးနှင့် ရန်ဖြစ်ထား၍ ဖြစ်မည်ဟု ထင်သွားတော့သည်။ ဒါပင်မယ့်လည်း သူထပ်ပြီးတော့ မပြောရဲတော့ပေ။ ပထမအကြိမ် သူ့ဆရာကို ဒေါသထွက်အောင် သူလုပ်မိသွားသောကြောင့် နောက်တစ်ကြိမ် သူထပ်မမှားရဲတော့ပါ။ ထို့ကြောင့် သူရှောင်ပြေးရန်
“တခြားအထွေအထူး ကျွန်တော့်ကို ခိုင်းစရာမရှိရင် ကျွန်တော်သွားတော့မယ်”

“ထွက်သွား”
မော့ဟန်က စားပွဲပေါ်က စာရွက်စာတမ်းတွေကို ငုံကြည့်ရင်း ပြောသည်။

သို့သော်လည်း မော့ဟန်သည် အလုပ်ကို အာရုံမစိုက်နိုင်တော့ပါ။ ဒေါသထွက်နေလေသည်။ သူ့တစ်ကိုယ်လုံးက ပင်ပန်းသွားသလို ခံစားရကာ ထိုင်နေရသည်ကတောင် ခက်ခဲလာသည်။ သူဟာ ရှုချင်းရီအကြောင်းကို မတွေးမိစေရန် အလုပ်ကိုမဲလုပ်နေပင်မယ့်လည်း သူဟာ သူမကို ချစ်နေဆဲ ဖြစ်လို့သာ နေသည်။ ထို့ကြောင့် သူစာရွက်စာတမ်းများကို ချလိုက်ကာ မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်ပြီး သက်ပြင်းခိုးချလိုက်သည်။

သို့သော်လည်း သူ့အတွင်းရေးမှူးမက တံခါးခေါက်လာကာ သူ့ကိုတွေ့ချင်တဲ့သူရှိကြောင်း အကြောင်းကြားသည်။

မော့ဟန်က အနည်းငယ်ပင်ပန်းနေသောကြောင့်
“ရက်ချိန်းအရင်ယူထားဖို့ မင်းရှင်းမပြလိုက်ဘူးလားကွာ”

အတွင်းရေးမှူးမက
“သူ့နာမည်က ဟန်လျန်လို့ ပြောလိုက်ရင် ရှေ့နေကြီးက တွေ့ခွင့်ပေးလိမ့်မယ်လို့ ပြောနေလို့ပါ”

မော့ဟန်၏နှုတ်ခမ်းထောင့်တို့က ကွေးသွားသည်။ ထိုလူက အချိန်ကိုက်ရောက်လာသည် ဖြစ်သည်။ ထို့ကြောင့် သူ့အတွင်းရေးမှူးမအား
“ဝင်ခဲ့ခိုင်းလိုက်”

ဟန်လျန်က မီးခိုးရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေကိုင်းမျက်မှန် တပ်ထားသောကြောင့် အဆင့်အတန်းရှိသည့် စီးပွားရေးသမားတစ်ယောက်လိုပုံ ဖြစ်နေသည်။ မော့ဟန်၏ အရှေ့ကခုံတွင် သက်တောင့်သက်သာထိုင်လိုက်သည်။

“ဘာလဲ?”
မော့ဟန်က အေးစက်စွာ မေးသည်။

“ညန်ညန်ကပြောတယ်။ ခင်ဗျားတို့ နှစ်ယောက်က အရင်တုန်းက သဘောတူညီချက်တစ်ခု ထားခဲ့တယ်ဆို။ သူသာ သူ့မိသားစုကို ပြန်ရောက်ရင် ခင်ဗျားကို လျော်ကြေးပြန်ပေးပါ့မယ်ဆိုတာ။ အခုတော့ ညန်ညန်က ကျွန်တော့်ရဲ့ဘေးကို ပြန်ရောက်လာပြီမလို့ ခင်ဗျားကို ကျေးဇူးတင်ရမယ်။ အဲ့ဒါကြောင့် ဒီဘဏ်ကဒ်ပြန်လာပေးတာ။ ဒီငွေပမာဏလောက်ဆိုရင် ခင်ဗျားကျေနပ်မှာပါ”

မော့ဟန်က စာအိတ်ကို ဖွင့်ကြည့်တော့ ဘဏ်ကဒ်တစ်ခုကို တွေ့လိုက်ရသည်။ မော့ဟန်က ရေခဲရိုက်အပြုံးကြီးဖြင့်
“မင်းက ဒီလိုအမျှော်အမြင်ရှိသားပဲ”

“ရှေ့နေကြီး ခင်ဗျားနဲ့ထိုက်တန်တဲ့ လျော်ကြေးကို ရပြီးပြီဆိုတော့ ညန်ညန်ရဲ့ဘဝကို ထပ်မနှောင့်ယှက်ပါနဲ့။ တချို့ကိစ္စတွေက ပြီးသင့်ပြီဆိုတာ ခင်ဗျားနားလည်တယ်မလား”

မော့ဟန်က ဆက်ပြုံးနေဆဲပင်။
“မင်းစိတ်ပူမနေပါနဲ့။ ငါ့အလုပ်ကိုဖျက်ပြီး မင်းတို့ရဲ့ သာယာနေတဲ့ဘဝကို ဖျက်ရလောက်အောင် ငါမအားဘူး”

ထို့နောက် ဘဏ်ကဒ်ကို အိတ်ထဲပြန်ထည့်ပြီး ဟန်လျန်၏ဘက်သို့ တွန်းပို့လိုက်ကာ သူ့လေသံက ပြောင်းသွားပြီး
“ဒါပင်မယ့် မင်းရဲ့မိန်းမ ငါနဲ့အတူနေသွားတဲ့ အချိန်တွေကိုတော့ မင်းဘယ်သိမလဲ။ ဘဝမှာ တချို့အရာတွေကို ငွေနဲ့တန်ဖိုးဖြတ်လို့ မရတာတွေ ရှိတယ်”

“ခင်ဗျားဘာပြောချင်တာလဲ?”

“မင်းကို သူပြန်ပြောလား မပြောလားတော့ မသိပင်မယ့် သူကငါနဲ့ စတွေ့ကတည်းက နေ့တိုင်းငါနဲ့အတူအိပ်နေခဲ့တာ”
မော့ဟန်က သာမန်လိုပင် ပြောလိုက်သည်။

ဟန်လျန်၏မျက်လုံးများတွင် အမုန်းတိမ်တိုက်တို့က ဖုံးအုပ်သွားကာ
“အဲ့ဒီတော့?”

မော့ဟန်က ထပ်ပြုံးကာ
“မင်းအများကြီး လျှောက်တွေးမနေပါနဲ့။ သူမှာ အိပ်မပျော်တက်တဲ့ရောဂါရှိတော့ သူ့ဘေးမှာ တခြားလူရှိမှ အိပ်ပျော်တက်တာ။ အဲ့ဒါကြောင့် သူ့ဘေးမှာ ငါရှိပေးနေခဲ့ရတယ်။ ငါပြောချင်တာကတော့ ငါ့ကိုယ်ပိုင်အချိန်တွေကို မင်းမိန်းမကို အဖော်လုပ်နေပေးခဲ့ရတယ်ကွာ။ ဒီလိုငါ့အချိန်တွေကို မင်းဘယ်လိုတန်ဖိုးဖြတ်မှာလဲ?”

“ခင်ဗျားဘယ်လိုလုပ်ချင်လဲ?”
ဟန်လျန်က မေးသည်။

“မင်းကို ခက်ခဲအောင် ငါမလုပ်ချင်ပါဘူး။ တစ်ချို့ကိစ္စတွေက ဆိုင်သူကိုယ်တိုင် လာရှင်းသင့်တယ်လို့ ငါခံစားမိရုံတင်ပါ။ မင်းဝင်ရှင်းစရာ မလိုဘူး။ ဒါဆိုရင် အကျိုးလည်းရှိတော့ နောက်ဆုံးမှာ အချိန်လည်းမကုန်တော့ဘူး”

“အားတော့နာပင်မယ့် ကျွန်တော့်မိန်းမကတော့ လာနိုင်မှာမဟုတ်ဘူး”

“ဘာဖြစ်လို့လဲ?”

ဟန်လျန်က ခပ်ဖွဖွပြုံရင်း ဖြေသည်။
“ကျွန်တော် မကောင်းတာပါ။ အရင်ညတွေတုန်းက သူ့ကိုပင်ပန်းအောင် ကျွန်တော်လုပ်မိတယ်။ အခုတော့ ဖျားသွားတော့ အိမ်ထဲမှာပဲ နားနေရတော့မယ်”

ဘယ်သူမှ သတိမထားမိလိုက်သည်မှာ စားပွဲအောက်က မော့ဟန်၏လက်တွေက သွေးကြောတွေထောင်ထသည့်အထိ လက်သီးဆုပ်လိုက်ခြင်းပင်။

“ရပါတယ်။ သူနေပြန်ကောင်းမှ ဒီကိစ္စကို ပြောကြတာပေါ့”
မော့ဟန်က ပြောသည်။

ဟန်လျန်ကလည်း
“ဒါဆိုရင် ရှေ့နေကြီးကိုတော့ စောင့်ခိုင်းရတော့မှာပဲဗျာ”

မော့ဟန်က သူ့အသက်ရှုသံကို မှန်အောင်ထိန်းရင်း
“ဒါဆိုရင် မင်းပြန်လို့ရပြီ။ မြင်တဲ့အတိုင်း ငါကအားနေတဲ့သူ မဟုတ်တော့”

ဟန်လျန်က ထွက်မသွားခင် ထိုင်ရာမှ ထလိုက်သည်နှင့်
“ဒါဆိုရင် နောက်မှတွေ့ကြတာပေါ့။ ဘဏ်ကဒ်ကတော့ ထားခဲ့လိုက်မယ်။ အသိအမှတ်ပြုတဲ့ အဖိုးအခအနေနဲ့ ယူထားလိုက်စမ်းပါဗျာ”

မော့ဟန်က ဟန်လျန်ထွက်သွားသည်ကို ကြည့်တောင် မကြည့်ပေ။ ထိုင်ခုံမှာပဲ စာရွက်စာတမ်းတွေကြား ခေါင်းမြှုပ်ထားရင်း ဘာမှပြန်မပြောပေ။

ရုံးတံခါးပိတ်သွားပြီး ဟန်လျန်ထွက်သွားသည့်နောက်တွင် မော့ဟန်သည် သူ့ဒေါသများကို ဆက်မထိန်းနိုင်တော့ပေ။ သူ့လက်ထဲက ဘောပင်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် သူ့ရုံးခန်းထဲတွင် ပစ္စည်းကွဲအက်သံတို့က ထွက်ပေါ်လာသည်။

ဟန်လျန်ပြောသည့်စကားများက သူ့နားထဲတွင် စွဲနေကာ အရိုးထဲအရေထဲက နာကျင်နေသော်လည်း သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။

‘ထိုကောင်မလေးက ညဘက်တွေမှာ အပင်ပန်းခံလိုက်ရလို့ သူ့ကိုလာမတွေ့နိုင်ဘူးတဲ့လား?
အရင်တုန်းက သူတို့နှစ်ယောက်၏ သဘောတူညီချက်ကြောင့် ဒီလိုကဒ်တစ်ခုဖြင့် ကျေးဇူးဆပ်သတဲ့လား?’

မော့ဟန်သည် ထိုကဒ်ကိုကြည့်ရင်းဖြင့် ပူလောင်လာရသည်။ ထို့ကြောင့် အမှိုက်တောင်းထဲသို့ ပစ်ထည့်လိုက်သည်။ သူဒေါသထွက်ရလွန်း၍ ရင်ဘတ်မှာ မြင့်လိုက်နိမ့်လိုက် ဖြစ်နေရသည်။ အရင်တုန်းကတောင် အခုလိုမျိုး သူတစ်ခါမှ ဒေါသမထွက်ခဲ့ရဘူးပေ။ စိတ်မထိန်းနိုင်သည့် မော့ဟန်သည် စားပွဲပေါ်က စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်သို့ တွန်းချပစ်လိုက်သည်။ ထို့နောက် ကော်ဖီခွက်ကိုလည်း ခွဲပစ်လိုက်သည်။

အခန်းထဲက သောင်းကျန်းနေသံကို ကြားသည့်အခါ အတွင်းရေးမှူးမသည် တစ်ခုခုဖြစ်နေပြီ ထင်သောကြောင့် အမြန်ဝင်လာကာ
“ရှေ့နေကြီး ဘာဖြစ်လို့လဲ?”

တံခါးဖွင့်လိုက်ကာ အခန်းထဲမှ အခြေအနေကို မြင်ရရုံရှိသေးသည် မော့ဟန်၏ အော်သံက ထွက်လာသည်။
“ထွက်သွား!!!”

အတွင်းရေးမှူးမသည် ကြောက်လွန်း၍ တစ်ကိုယ်လုံးတုန်သွားသည်။ ထို့နောက် ဘာမှမဖြစ်သလို တံခါးကို ပိတ်လိုက်ပြီးနောက် သူမနေရာသို့ အမြန်ပြေးလာလိုက်သည်။

တခြားဝန်ထမ်းများက သူမအနားသို့လာကာ
“ဘာဖြစ်တာလဲ? ရှေ့နေကြီးက ဘာတွေဖြစ်နေတာလဲ?”

အတွင်းရေးမှူးမမှာ ခေါင်းခါကာ အသံတိုးတိုးလေးဖြင့်
“မသိဘူး။ ရှေ့နေကြီးက ကြောက်စရာကြီး။ ခုနတုန်းက အကောင်းကြီးရှိနေတာကို ဘယ်လိုဖြစ်သွားတာလဲ မသိဘူး”

အခြားတစ်ယောက်က
“မဟုတ်ဘူး. . .နင်တို့သတိမထားမိဘူးလား? ရှေ့နေကြီးက အခုတလော သူမဟုတ်သလိုပဲ။ အခုဖြစ်တာကို ကြည့်ပါလား. . .”

နောက်တစ်ယောက်ကလည်း
“ခုနတုန်းက ရှေ့နေကြီးအခန်းထဲကို ဝင်သွားတာ ဘယ်သူလဲ? သူနဲ့ဆိုင်မယ်ထင်တယ်”

အတွင်းရေးမှူးမက အမြန်စကားဖြတ်လိုက်ကာ
“လျှောက်တွေးမနေကြနဲ့တော့။ ရှေ့နေကြီးက စိတ်ကြည်တာ မဟုတ်ဘူး။ ငါတို့ဒီလိုစကားပြောနေတာကို သိသွားလို့ကတော့ ငါတို့သေလိမ့်မယ်”

ထိုအခါ အကုန်လုံးမှာ ကြောက်လန့်တကြား သူတို့နေရာသို့ပြန်ကာ အလုပ်ထိုင်လုပ်နေကြသည်။

ရုံးခန်းထဲတွင် ၁၀မိနစ်လောက်ကြာခါမှ မော့ဟန်သည် စိတ်ပြန်ငြိမ်ကျသွားသည်။ ကြမ်းပြင်ပေါ်တွင် ပျံ့ကြဲနေသည့် စာရွက်စာတမ်းများကို ကြည့်ကာ သူသက်ပြင်းချလိုက်သည်။ သူတစ်ကိုယ်လုံးက အားအင်တွေမှာ ကုန်ခမ်းသွားသလို ဖြစ်နေသောကြောင့် စားပွဲကိုမှီကာ ရပ်နေလိုက်ရသည်။

အရာအားလုံး ပြီးဆုံးသွားခဲ့ပြီလို့ သူပြောခဲ့သည်။ ကောင်မလေးမှာလည်း ထွက်သွားပြီ ဖြစ်သည်။ သူတို့ဟာ အဆက်အသွယ် မလုပ်ကြဖို့လည်း သဘောတူခဲ့သည်။ အရင်လို ပြန်ဖြစ်ရေးအတွက် သူသည် နေ့တိုင်းအလုပ်လုပ်ကာ စားလိုက်အိပ်လိုက် လုပ်နေခဲ့သည်။ သို့သော်လည်း သူအမြဲတမ်း သူ့စိတ်ခံစားချက်များကို ဖိနှိပ်ထားရတာ ဖြစ်သည်။ ဘယ်သူမှ မသိသည်က ညတိုင်း သူ့အိပ်ခန်းမီးကို ပိတ်လိုက်ပြီးသည့်နောက် သူသည် အိပ်ရာပေါ်တွင်လှဲရင်း အမှောင်ထဲမှာ အိပ်မရပေ။ နေ့တိုင်း သူဟာ ပင်ပန်းကာ နုံးချိနေခဲ့သလိုပင်။ ရှုချင်းရီ၏ အိပ်မပျော်သည့်ရောဂါက သူ့ဆီရောက်လာသလိုပင်။ တဖြည်းဖြည်းချင်း သူလည်း သူမလို ဖြစ်နေတော့သည်။

သူ့နေရာတွင် သူမနေခဲ့သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူမက အလျင်စလို ထွက်သွားခဲ့တာကြောင့် သူမ၏သွားတိုက်တံစသည်တို့က ရေချိုးခန်းတွင် ပိုင်ရှင်မဲ့နေသည်။ သူမ၏အဝတ်တစ်ချို့ကလည်း တန်းပေါ်တွင် လှန်းထားဆဲဖြစ်သလို ရေခဲသေတ္တာထဲတွင်လည်း သူမကြိုက်သည့် ဒိန်ချဉ်တို့က သောက်မည့်သူ မရှိသောကြောင့် မကြာခင် ရက်လွန်တော့မည်။ သူ့မ၏အခန်းထဲတွင်လည်း စာလုပ်လက်စစာအုပ်တို့ဖြင့် ရှုပ်ပွလို့သာ နေသေးသည်။ မော့ဟန်က ထိုအရာတိုင်းကို လုံးဝမထိပေ။ မရှင်းရဲခြင်းက ပိုမှန်လိမ့်မည်။ အရင်တုန်းကလို သူမအရိပ်အယောင်များဖြင့်သာ သူဆက်နေချင်သည်။

ရှုချင်းရီမှာ ထွက်သွားပြီးကတည်းက သူ့စကားအတိုင်း သူ့ကိုမဆက်သွယ်တော့ပေ။ သူ့ဖုန်းသည် အမြဲတမ်းသူ့ဘေးမှာ ဖွင့်ထားသော်လည်း ဖုန်းဝင်လာဖို့ ဝေးစွ စာတောင်ပို့မလာတော့ပါ။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် မျက်ကွယ်ပြုကာ နေကြသည်။

ရှုချင်းရီမှာလည်း အခုတလော နေရထိုင်ရတာ အဆင်မပြေပါ။ အကြောင်းအရင်းကတော့ အိပ်မပျော်သည့်ဝေဒနာကို အပြင်းအထန်ခံစားနေရသည်။ သူမသည် ဒီကိုရောက်ကတည်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ရသည့်ည မရှိပေ။

သူမသည် နေ့တိုင်းစိတ်ပင်ပန်းနေရသလို ညဆိုရင်လည်း ဘယ်လိုလုပ်လုပ် အိပ်မပျော်ပေ။ သူမအိပ်မရတာကြာလေလေ သူမပိုပြီးစိတ်ပူလာလေလေဖြစ်ကာ စိတ်ရှုပ်လာပြီး အိပ်ပျော်ရန် ပိုခဲယင်းသွားသည်။ ထို့ကြောင့် ပြတင်းပေါက်ဘောင်ပေါ်ကို မေးတင်ကာ ထိုင်နေရင်းဖြင့် လကိုသာ ကြည့်နေဖြစ်တော့သည်။ ဒီလိုကြည့်နေခြင်းက သူမအိပ်ချင်စိတ်များ ပေါ်လာလေမလား တွေးမိခြင်းဖြစ်သည်။

ဤသို့ဖြင့် သူမသည် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် အပြင်ဘက်က ဆေးဆိုင်မှ ဝယ်လာသည့် အိပ်ဆေးနှစ်လုံးကို သောက်လိုက်သည်။ သို့သော်လည်း ထိုညမှာပဲ ပြဿနာတက်တော့သည်။

Previous Chapter 160 of 199 Next