၁၂၀။ ဘာလုပ်နေတာလဲ?
ရှုချင်းရီက သူ့ကိုနှိုးကာ ဘာတွေဖြစ်ခဲ့သလဲဟု မေးချင်သော်လည်း မော့ဟန်က သူ့အားတစ်ချက်လေးတောင်မကြည့်ပေ။ သူက ရှုချင်းရီကို ဆွဲကာသာ ထွက်သွားသည်။
“လက်နာနေပြီ”
ရှုချင်းရီက မော့ဟန်အနောက်ကနေ လိုက်ရင်း အသံပျော့ပျော့လေးဖြင့် ပြောသည်။
သို့သော်လည်း မော့ဟန်က သူမလက်ကို တင်းတင်းဆွဲထားသည်ကို လျှော့မပေးဘဲ ဆက်သွားသည်။
“ရပ်ပေးဦး။ ညီမလေး ဖိနပ်မစီးရသေးဘူး။ ခြေထောက်တွေလည်း နာနေပြီ”
ရှုချင်းရီက မော့ဟန်ကို ဆက်ဆွဲမခေါ်သွားစေချင်တော့ပေ။ သူမက အခုမှနိုးလာသည်ဖြစ်ကာ အရက်နာကလည်းကျနေသေးသည်။
မော့ဟန်က သူမကို တစ်ချက်လှည့်ကြည့်ပြီးသည်နောက်တွင် ပွေ့ချီသွားတော့သည်။ ရှုချင်းရီက လန့်သွားကာ မော့ဟန်လည်ပင်းကို သူမလက်များဖြင့် အမြန်သိုင်းဖက်လိုက်ရသည်။ မော့ဟန်ကိုကြည့်လိုက်တော့ ဒေါသထွက်နေသည့် မျက်နှာကြီးဖြင့်ပင်။
“ဘာလုပ်တာလဲ?”
ရှုချင်းရီက မေးသည်။
“ပါးစပ်ပိတ်ထား”
“ချပေး! ဖိနပ်စီးပြီး ကိုယ့်ဟာကိုယ်လျှောက်မယ်!”
သူမက မော့ဟန်ကို ခြေထောက်ဖြင့်ကန်ရင်း အော်သည်။
“ကောင်းကောင်းနေစမ်း”
မော့ဟန်က ရှုချင်းရီကို ကားထဲသို့ချပေးလိုက်သည်။ ရှုချင်းရီ၏လက်တွေမှာ မော့ဟန်ဆွဲလာသောကြောင့် နီရဲနေသည်။ ရှုချင်းရီက သူမလက်ကိုကြည့်ရင်း ဘာတွေဖြစ်ခဲ့သလဲကို တွေးကြည့်နေသည်။
ကားထဲတွင် တိတ်ဆိတ်နေသည်။ မော့ဟန်က စိတ်တိုနေသလို ရှုချင်းရီကလည်း ကြောက်နေလေပြီ။ သူမက ဒီလိုပြဿနာရှာမိသည့်အထိ မနေ့ညကဖြစ်စေသောကြောင့် အိမ်ပြန်ရောက်သည့်အခါ သူမကို မော့ဟန်က ဆူတော့မှာ ဖြစ်သည်။
ထင်သည့်အတိုင်းပင် ဖြစ်သည်။ အိမ်သို့ရောက်ကာ အိမ်တံခါးပြန်ပိတ်ပြီးသည်နှင့် မော့ဟန်က မေးလာသည်။
“ငါမင်းကို ရှင်းပြဖို့ အချိန်၂မိနစ်ပေးမယ်”
“ညီမလေး. . .မသိဘူး . . .”
“ငါဒီလိုပြောတာ မကြားချင်ဘူး”
“တောင်းပန်ပါတယ်. . .တကယ်မသိတာပါ. . .မမှတ်မိတော့ဘူး. . .ကျန်းယန်ရယ် သူ့သူငယ်ချင်းတွေနဲ့ အပြင်မှာ ညစာစားခဲ့တာပဲ သိတယ်. . .”
“အပြင်မှာ ညစာစားတယ်? ညသန်းခေါင်အထိ စားသောက်နေလို့ ပြန်မလာရတာလား! အခုဘယ်အချိန်လဲသိလား? မနက်၄နာရီရှိပြီကွ! ညစာစားဖို့ ထွက်သွားခဲ့တာက ဟိုတယ်မှာ မသိတဲ့ယောက်ျားတွေနဲ့ အိပ်နေတယ်! ရှုချင်းရီ မင်းတော်တော် တက်နိုင်တာပဲ။ ငါမင်းကို လျှော့တွက်မိတာပဲကွာ!”
“ညီမလေး. . .မရည်ရွယ်ပါဘူး. . .အရက်. . .သောက်မိသွားတယ်ထင်တယ်”
ရှုချင်းရီက မော့ဟန်ကို မကြည့်ရဲတော့ပေ။ သူမနှင့် မော့ဟန်ကြားမှာ သိပ်မကွာသောကြောင့်လည်း သူမတကယ်ကြောက်ဒူးတုန်နေပြီ။ ဖြစ်နိုင်မည်ဆိုလျှင် တံခါးနောက်မှာ သူမပြေးပုန်းနေချင်ပြီ။
မော့ဟန်က သူမမျက်လုံးထဲသို့ စိုက်ကြည့်ကာ မေးဖျားကနေကိုင်ပြီး သူ့အားမော့ကြည့်စေသည်။
“ငါမင်းကို အရက်မသောက်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ? တစ်စက်ကလေးတောင် မသောက်နဲ့လို့ မပြောခဲ့ဘူးလား။ ငါ့စကားကို ဟာသထင်နေတာလား?”
ရှုချင်းရီက မော့ဟန်ကိုကြည့်ပြီး ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေပြီ။ သူမအရှေ့မှ မော့ဟန်က သူမအမြဲသိခဲ့သည့်လူတစ်ယောက်နှင့် လုံးဝကွာခြားနေသည်။ သူမသိခဲ့သည်သူမှာ ဘာသိဘာသာနေတက်ကာ အမြဲတည်ငြိမ်နေသည့်သူ ဖြစ်သော်လည်း အခုတော့ သူမမေးဖျားကိုင်ထားပြီး သူ့ကိုကြည့်စေသည့် အရမ်းသွေးဆူနေသည့်သူ ဖြစ်နေလေသည်။ သူ့အကြည့်တွေက တစ်ဖက်သားကို သေတော့မလို ခံစားမိစေသည့်အထိ စူးရှလွန်းသည်။
“တောင်းပန်ပါတယ်. . .မှားမှန်းသိပါပြီ. . .နောက်ထပ်မလုပ်တော့ပါဘူးနော်. . .”
ရှုချင်းရီမှာ အရမ်းကို ကြောက်နေသည်။
မော့ဟန်ကတော့ သူမကို လွတ်မပေးသည့်အပြင် နောက်လက်တစ်ဖက်က သူမခေါင်းအနောက်ကနေ အရှေ့သို့တွန်းလိုက်သည်။ အခုဆိုလျှင် သူတို့နှာခေါင်းထိပ်များပင် ထိလို့နေပြီ။ ရှုချင်းရီက သူမလက်တွေ တဆက်ဆက်တုန်လာကာ မော့ဟန်ကို မကြည့်ရဲတော့သဖြင့် မျက်စိမှိတ်ထားလိုက်သည်။
မော့ဟန်က ခေါင်းငုံလာကာ သူမနားထဲသို့ ပြောလိုက်သည်။
“ဘာအမှားလုပ်ခဲ့တာလဲ?”
“ညီမလေး. . .အရက်ထပ်မသောက်တော့ပါဘူး. . .အခုကစပြီး ဘယ်တော့မှ မသောက်တော့ဘူး”
ရှုချင်းရီက တုန်ရီစွာပြောသည်။
မော့ဟန်က ရှုချင်းရီကို နံရံကိုကျောကပ်မိသည့်အထိ တွန်းဖိလိုက်ကာ သူမမေးဖျားလေးကို နူးညံ့စွာဆက်ထိရင်း
“ငါရောက်မလာခင်တုန်းက အခန်းထဲမှာ ဘာတွေလုပ်ခဲ့လဲ?”