၁၃၂။ အချစ်ငှက်လေးများ
သူမလက်တွေက မလှုပ်နိုင်သောကြောင့် မော့ဟန်က သူမအား ကူပြီးမှီထိုင်စေကာ မှန်ကို သူမအရှေ့တွင် ကိုင်ကာပြလိုက်ရသည်။
“ရုပ်ဆိုးလိုက်တာ! မနေ့က တစ်ညလုံးမိုးမိထားတာ။ ခေါင်းမလျှော်နိုင်တော့ ဆံပင်တွေလည်း ဒီလိုဖြစ်နေပြီ”
ရှုချင်းရီက အချိုမစားရသည့် ကလေးတစ်ယောက်လိုပင် မှန်ထဲတွင် သူမကိုယ်သူမ သေချာကြည့်ကာ တအံ့တသြပြောနေသည်။
“ဒီလောက်ကြီးမဆိုးပါဘူး”
“ဘယ်ကမဆိုးရမှာလဲ? ရေချိုးခေါင်းလျှော်ပြီး အဝတ်လဲချင်တယ်”
ရှုချင်းရီက ကလေးတစ်ယောက်လို အော်သည်။
မော့ဟန်က ဆရာဝန်ပြောထားသောကြောင့် ရှုချင်းရီမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး တစ်ခုခုများ ဖြစ်မလားဟု စိုးရိမ်နေမခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီ၏ ထိုကိစ္စကို မေ့ပျောက်နေကာ သူမအခုရုပ်ရည်သွင်ပြင်ကိုသာ အာရုံစိုက်နေခြင်းကို မြင်ကာမှ စိတ်ထဲတွင် ခိုးသက်ပြင်းချမိသည်။
“ခေါင်းမှာ ဒဏ်ရာကြီးနဲ့လေ။ ရေချိုး ခေါင်းလျှော်လုပ်လို့ ဘယ်ရဦးမလဲ? သက်သာလာမှပဲရမယ်”
“အာ. . .မဖြစ်သင့်တာ! ညီမလေး ရုပ်ကြီးကို ကြည့်ပါဦး။ ရေမချိုးရရင် သေသွားလိမ့်မယ်။ ဒီလောက်ရုပ်ဆိုးနေတာ ဘယ်သူကိုမှ မျက်နှာမပြရဲတော့ဘူး”
“ဒါဆိုရင်လည်း ဘယ်သူကိုမှ ပြမနေနဲ့။ ဆေးရုံမှာပဲ ပြန်ကောင်းတဲ့အထိနေ”
မော့ဟန်က ရှုချင်းရီအရှေ့က မှန်ကိုဖယ်ကာ စားပွဲပေါ်တွင် ချလိုက်သည်။
“အခုဘာစားချင်လဲကိုပဲတွေး”
“စားရမယ်? ဒီလောက်ရုပ်ဆိုးနေတာကို ဘယ်လိုစိတ်နဲ့စားရမှာလဲ”
ရှုချင်းရီက ဆူပုတ်နေကာ ပြောသည်။
“ဘာစားချင်လဲ?”
မော့ဟန်က ထပ်မေးသည်။
ရှုချင်းရီက နှုတ်ခမ်းဆူနေရင်းဖြင့် သူ့အားကြည့်လာကာ
“စားချင်တာ ဝယ်ကျွေးမှာလား?”
“ဘာစားချင်လို့လဲ?”
“ပင်လယ်စာ”
“တခြားဟာစား။ အခုစားလို့မရဘူး။ အစာပျော့ပျော့လေးပဲစားရမှာ”
“ကြည့်ပါလား! စားချင်တာလည်း ဝယ်မကျွေးဘဲနဲ့! လာမေးနေသေးတယ်!”
“နေကောင်းသွားရင် ဝယ်ကျွေးမှာပါ။ အခုတော့ စွပ်ပြုပ်လိုမျိုးပဲစား။ သွားဝယ်လိုက်မယ်”
“ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီးသားကို ဘာဖြစ်လို့လာမေးနေသေးလဲ? စွပ်ပြုတ်ဆိုလည်း စွပ်ပြုတ်ပဲပေါ့”
ရှုချင်းရီဘေးနားက ကုတင်က လူနာမှာ မရယ်ဘဲမနေနိုင်တော့ပေ။
“နင်တို့အတွဲက တကယ်ချစ်ဖို့ကောင်းတာပဲ။ ငါနင်တို့ရန်ပွဲကိုကြည့်ရင်း မနာလိုဖြစ်နေပါပြီနော်”
ရှုချင်းရီက ထိုလူနာကိုကြည့်ကာ မော့ဟန်၏မျက်နှာသေကြီးကို ပြန်ကြည့်ပြီးနောက် ရယ်ရင်း
“ညီမတို့က အတွဲမဟုတ်ပါဘူး. . .ညီမတို့က. . .”
“ဪ. . .သိပြီ သိပြီ. . .မတွဲရသေးဘူးပေါ့. . .သူကလည်း. . .အမယ်လေးနော်. . .နှစ်ယောက်ကိုကြည့်ရတာတော့ အနှေးနဲ့အမြန်တွဲဖြစ်ကြတော့မှာပါ”
ရှုချင်းရီက ပိုအူတက်လာကာ
“မဟုတ်ပါဘူး. . .မကြီးထင်သလို. . .”
မော့ဟန်က ရှုချင်းရီအား စောင်ဆွဲခြုံပေးကာ စကားစဖြတ်လိုက်ပြီး
“အရမ်းရယ်မနေနဲ့။ အနာက ကျက်တာမဟုတ်သေးဘူး”
သူတို့ဘေးက လူနာကထပ်ပြီးတော့
“ညီမကသာ မဟုတ်ဘူးပြောနေတာ. . .သူ့ကိုကြည့်ရတာတော့ လူကောင်းပုံပါပဲ။ အမြန်ဖမ်းတွဲလိုက်ပါတော့”
ရှုချင်းရီက ပြောသည်။
“မကြီးအထင်လွဲနေတာ။ ဒါညီမအကိုကြီး”
ထိုလူနာက အံ့သြသွားပုံရကာ
“ဪ. . .အရင်းတွေလား?”
ရှုချင်းရီက
“အဲ့လိုမျိုးပါပဲ”
ထိုလူနာက သွေးအေးပုံရသည့် ခန့်ချောကြီးကိုကြည့်ကာ ပြုံးကာခေါင်းငြိမ့်လိုက်သည်။ ထို့နောက် အားနာသွားကာ
“ဒါဆိုရင်တော့. . .တောင်းပန်ပါတယ်. . .နင်တို့က အရမ်းရင်းနှီးနေပုံရတော့ အထင်လွဲသွားတယ်”
ရှုချင်းရီက ကုတင်ပေါ်တွင် လှဲနေရင်းဖြင့် ထိုတစ်ယောက်နှင့် စကားစမြီပြောတော့သည်။
“ညီမလေးရဲ့ကိုကြီးကို ကြည့်ပါလား။ သူကအရမ်းသွေးအေးတာ။ အခုသာ ညီမလေးနေမကောင်းလို့ ဂရုစိုက်ပေးနေတာ”
“ငါ့လိုနေမကောင်းဖြစ်နေတာတောင် ဘယ်သူမှလာမပေးတာထက်စာရင်တော့ တော်ပါသေးတယ်”
မော့ဟန်က ကုတင်ဘေးတွင်ထိုင်ကာ သူတို့ပြောသည်ကို နားထောင်နေသော်လည်း သူ့အကြည့်တို့က ရှုချင်းရီဆီက မခွာပေ။ ထို့နောက် မော့ဟန်ဖုန်းက မြည်လာသည်။ ရုံးကဆက်တာဖြစ်သောကြောင့် အပြင်သွားကာ ဖုန်းပြောလိုက်ဦးမည်ဟု ရှုချင်းရီကို ပြောကာ ထွက်လာလိုက်သည်။
“ဟယ်. . .ဒဏ်ရာက ဘယ်လိုရတာလဲ? ခေါင်းလည်း ချုပ်ရသေးတယ်။ လက်မှာလည်း ကျောက်ပတ်တီးကြီးနဲ့”
ရှုချင်းရီက
“ချော်လဲတာ။ လမ်းကို သတိမထားဘဲ လျှောက်လိုက်တာလေ။ ခလုတ်တိုက်မိပြီး ဒီလိုဖြစ်သွားတာ”
“တော်တော်ကံဆိုးတာပဲ”
ရှုချင်းရီက သက်ပြင်းချကာ မျက်နှာကျက်ကို မော့ကြည့်ရင်း
“ဟုတ်ပ အရမ်းကံဆိုးသွားတာ”