၁၃၄။ ညီမလေးက ညစ်ပတ်နေပြီ
“လျှောက်မသွားပါနဲ့ နားနေပါလို့ ငါမှာခဲ့တယ်မလား? အပြင်မှာ ဘာလုပ်နေတာလဲ?”
မော့ဟန်က ဘယ်အချိန်ကတည်းက သူမ၏အနောက်တွင် ရပ်နေခဲ့သလဲဆိုသည်ကို သူမမသိပေ။
“ဟင်?”
ရှုချင်းရီက ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
“ဒီမှာဘာလုပ်နေတာလဲ? ကုတင်ပေါ်က ဘယ်သူကထလာခိုင်းလို့လဲ?”
မော့ဟန်က မျက်နှာမကောင်းပေ။
ရှုချင်းရီက မော့ဟန်ကို ခနပဲလှည့်ကြည့်ပြီးနောက် မျက်နှာငယ်လေးဖြင့် မှန်ကိုသာ စိုက်ကြည့်ရင်း ဘာစကားမှ ပြန်မပြောတော့ပေ။
မော့ဟန်က ရှုချင်းရီမှာ မှန်ကိုပဲ စိုက်ကြည့်နေသောကြောင့် သူမဘာဖြစ်နေသလဲကို နားလည်သွားကာ လေသံက ပျော့သွားသည်။
“ထပ်ကြည့်မနေနဲ့တော့။ အပြင်မှာအေးတယ်။ အထဲပြန်ဝင်ကြမယ်လာ”
မော့ဟန်က သူမအား အားသုံးကာ အတင်းပြန်ဆွဲခေါ်လိုက်သည်။ ရှုချင်းရီက နာခံစွာဖြင့် ခေါင်းလေးငုံကာ ပြန်လိုက်လာသည်။
“ညီမလေးကို ပုဝါဝယ်ပေးပါဦး”
ရှုချင်းရီက အသံပျော့ပျော့လေးဖြင့် ပြောသည်။
“အင်း”
“လည်ပင်းကဟာတွေကို မြင်ရတယ်. . .ညီမလေးက ရွံဖို့ကောင်းနေသလိုပဲ. . .”
ရှုချင်းရီက ခေါင်းငိုက်စိုက်ကာဖြင့် ထပ်ပြောသည်။
မော့ဟန်က လမ်းလျှောက်နေခြင်းကိုရပ်ကာ
“ဒီလိုလုပ်သွားတဲ့သူတွေက ရွံ့ဖို့ကောင်းတာ။ ညီမလေးက မဟုတ်ပါဘူး”
“ရေချိုးချင်တယ်။ ညီမလေးကိုယ်က ညစ်ပတ်နေပြီ”
ရှုချင်းရီက ညစ်ပတ်နေပြီဆိုသည့်စကားကို အံကြိတ်ကာ ပြောသည်။
“ကိုယ်ပေါ်က ဒဏ်ရာတွေက မကျက်သေးဘူးလေ”
“ရေချိုးချင်တယ်”
“မရဘူး”
“ရေချိုးချင်ပါတယ်ဆို!”
“ငါလည်းမရဘူးလို့ ပြောနေတယ်!”
ရှုချင်းရီက မော့ဟန်လက်ကို ပုတ်ထုတ်လိုက်ကာ
“ထွက်သွား! ကိုယ့်ဟာကိုယ်ပြန်မယ်!”
မော့ဟန်က သူမလက်ကို ပြန်ဆွဲလိုက်သည့်အခါ
“ဒီလက်ကိုပါ ထိခိုက်စေချင်နေတာလား? ရေပိုက်ခေါင်းမှာ ချည်ခံထားတဲ့ဒဏ်က ဘာမှမဟုတ်ဘူးလို့ ထင်နေတာမလား?”
မော့ဟန်က သူမလက်ကိုဆွဲထားသည့် အားကိုလျှော့လိုက်သည့်အခါ ရှုချင်းရီက လက်ကိုပြန်ရုန်းသွားသည်။ သူတို့ကြားက အခြေအနေက တင်းမာနေပြီ။ ရှုချင်းရီက စိတ်ဆတ်နေသည်ကို မြင်သည့်အခါ မော့ဟန်က တိတ်ဆိတ်စွာပဲ နေလိုက်တော့သည်။
“ဘာဖြစ်လို့ ရေမချိုးခိုင်းရတာလဲ? ညစ်ပတ်နေပြီလို့ မထင်ဘူးလား? ဒါတွေကို မြင်တာတောင် မရွံဘူးလား?”
ရှုချင်းရီက သူမလည်ပင်းကို လက်ညိုးထိုးပြရင်းဖြင့် မော့ဟန်အား အော်ပြောသည်။
“ကိုကြီးမြင်တယ်မလား? ညီမလေးတစ်ကိုယ်လုံးက ကိုက်ရာတွေကို မြင်ခဲ့တယ်မလား! ဒီလောက် ညစ်ပတ်နေတာကို မြင်တာကိုတောင် ရေချိုးခွင့်မပေးနိုင်ဘူးလား!”
ရှုချင်းရီ လူသွားလမ်းတွင် ကျယ်လောင်စွာ အော်ဟစ်နေရင်း မျက်ရည်တို့က စီးကျလာသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ ဖြတ်သွားဖြတ်လာတစ်ချို့က လမ်းလည်ခေါင်တွင် ဒေါသထွက်နေသည့်တိုင်အောင် မျက်နှာက ဖြူဖျော့နေသေးသည့် ရှုချင်းရီအား ရပ်ကြည့်နေကြသည်။၊
မော့ဟန်က လူအများကြားတွင် ရှုချင်းရီအား ဖက်လိုက်ကာ သူမခေါင်းအား သူ့ပုခုံးပေါ်တွင် မှီစေရင်းဖြင့် ဆံပင်လေးကိုပွတ်ပေးလိုက်သည်။
“ရပါတယ်။ ရေချိုးချင်သလောက်သာချိုး။ ချိုးစေရမယ် ဟုတ်ပြီလား”
မော့ဟန်က သူမနားထဲသို့ ညင်သာစွာ ပြောလိုက်သည်။
“ဒါပင်မယ့် ခေါင်းကဒဏ်ရာကိုတော့ ရေမထိစေနဲ့။ ညီမလေးကို ခေါင်းလျှော်ပေးမယ့်သူ ရှာပေးမယ်လေ”
မော့ဟန်က ပြောသည်။
“ကိုကြီး. . .ညီမလေး အရမ်းကို ညစ်ပတ်ပြီး ရွံဖို့ကောင်းနေသလိုပဲ. . .ညီမလေး. . .အဲ့ညက လမ်းပေါ်မှာ ဘယ်လိုလှဲနေရသလဲဆိုတာကို မှတ်မိနေတုန်းပဲ. . .အဲ့ဒီသူကြီးက. . .သူက. . .”
ရှုချင်းရီက ရှိုက်ငိုနေရင်း
“အန်ချင်လာပြီ. . .အဲ့ညကအကြောင်းတွေးမိရင်. . .ဒီကိုက်ရာတွေကို မြင်ရင်. . .ညီမလေး. . .ဘယ်လောက်ကြိုးစားကြိုးစား အဲ့အကြောင်းတွေကို မေ့မရဘူး”
မော့ဟန်ရင်ထဲတွင် တင်းကြပ်သွားသည်။ ရှုချင်းရီ၏ဆံပင်တို့ကို သူနမ်းရှိုက်လိုက်ကာ
“ငါ့ကိုအပြစ်တင်ပါ။ စောစောမလာမိတာ ငါ့အမှား! တောင်းပန်ပါတယ်”
ရှုချင်းရီက ခေါင်းကိုခါသည်။
“ကိုကြီး. . .အဲ့နေ့တုန်းက ညီမလေးလျှောက်မသွားခဲ့သင့်တာပါ. . .အပြင်သွားတာကို ကိုကြီးမကြိုက်တာသိရဲ့နဲ့ ဒေါသထွက်အောင် တမင်သွားခဲ့မိတာ. . . ညီမလေးအမှားပါ. . .အပြင်မသွားခဲ့သင့်ဘူး. . .”
“မဟုတ်ဘူး. . .ငါမကောင်းတာပါ။ ကတိပေးပါတယ်။ ဒီလိုမျိုး နောက်ထပ်မဖြစ်စေရဘူးလို့။ ကိုကြီးကာကွယ်ပေးမယ်။ ညီမလေးကို ထပ်မထိခိုက်စေတော့ဘူး”
မော့ဟန်က သူမအားတင်းနေအောင် ဖက်ထားလိုက်သည်။
မော့ဟန်က ရှုချင်းရီပြောသမျှ စကားတိုင်းကြောင့် ထိုနေ့ညက သူလုပ်မိသည့် ခပ်ကြောင်ကြောင်လုပ်ရပ်ကို ပြန်တွေးမိသွားသည်။ သူသာ တမင်တကာ ရှုချင်းရီနှင့် အကွာအဝေးထားကာ မနေခဲ့လျှင်. . .သူသာဖုန်းကိုကိုင်ခဲ့လျှင်. . .ရှုချင်းရီမှာ ဒီလိုဖြစ်မသွားနိုင်ခဲ့လောက်ပေ။
နောင်တတရားဆိုသည်က နောက်မှလာတက်သည်။ သူ့အရင်က အမှားတို့က ပြန်လည်ပြင်ဆင်၍ မရတော့ပေ။ မော့ဟန်အတွက် အနာဂတ်တွင် အကောင်းဆုံးလုပ်ရန်သာ ရှိတော့သည်။ မော့ဟန်က ဒီလိုမျိုးထပ်မဖြစ်စေရဘူးဟု သံဓိဌာန်ချမှတ်လိုက်သည်။ နောက်နောင် သူဟာ နေ့တိုင်းမှာ ဒီကောင်မလေးအား ကာကွယ်ပေးထားတော့မည် ဖြစ်သည်။