May Honey Logo May Honey
Previous Next

၁၄၇။ မှတ်ညဏ်

“စားပြီးရင် ကိုယ်အိမ်ကို ခေါ်သွားပေးမယ်။ ညန်ညန်ရဲ့ အမေက စောင့်နေတယ်”

ရှုချင်းရီ၏မျက်နှာက အမူအရာမရှိပေ။ သူမစားနေသည့် အစားအသောက်က သူမအတွက် အရသာမရှိသလိုဖြစ်သည်။ သူတို့သုံးယောက်က တိတ်ဆိတ်စွာဖြင့် ကုန်အောင် ဆက်စားကြသည်။

သူတို့စားပြီးသည့်အခါ ရှုချင်းရီက ကားထဲသို့ ဝင်သွားသည်။ သူမဘေးကနေ လိုက်ပါလာသည့် မော့ဟန်က ရှုချင်းရီကားထဲရောက်သည်နှင့် ဟန်လျန်၏အနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။
“ငါအခုပြောတာကို မင်းမေ့မနေနဲ့”

ဟန်လျန်က ကားထဲမှ ရှုချင်းရီကို ကြည့်ပြီး
“ကျွန်တော်ကလည်း ရှေ့နေကြီးကို ဒီလိုပဲပြန်ပြောမယ်။ အရမ်းယုံကြည်မှုရှိမနေနဲ့”

မော့ဟန်က ပြန်ပြောသည်။
“မင်းနားမကောင်းဘူးထင်တယ်။ ငါလည်း ထပ်ပြောမနေချင်တော့ဘူး။ ဒီညအထိပဲ ငါမင်းကို စောင့်ကြည့်မယ်။ နောက်ငါတို့ကို ယုံအောင် ဒီလိုဟာကွက်တွေ အများကြီးနဲ့ ကိစ္စတွေကို ထပ်မလုပ်ဖို့ ငါမျှော်လင့်ပါတယ်”

ဟန်လျန်က စိတ်ဆုံးဖြတ်ပြီးသလိုမျိုး ပြုံးလိုက်ကာ
“ဟုတ်ပြီဗျာ။ ဒီညဘယ်သူကလိမ်နေလဲ ခင်ဗျားသိရမှာပါ”

သူတို့ကားထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ဟန်လျန်က အနောက်တိုင်းပုံစံ တစ်ထပ်အိမ်လေးရှေ့တွင် ကားရပ်လိုက်သည်။ ထိုအိမ်လေးမှာ အနေတော်ခြံဝင်းလေးရှိကာ ဘေးတွင် ခြံစည်းရိုးခတ်ထားသည်။

“ရောက်ပြီ။ ဆင်းလို့ရပြီ။ ဒါညန်ညန်ရဲ့အိမ်ပဲ”

ရှုချင်းရီက ကားပေါ်မှဆင်းကာ ခြံဝင်းထဲရှိ မြက်ခင်းပေါ်ကို ခြေချလိုက်ကာ ထိုအိမ်ကို ကြည့်လိုက်သည်။ မြင်စက ဘယ်လိုမှ သူမမနေသော်လည်း သေချာကြည့်လေ သူမရင်ခုန်သံမြန်လေ ဖြစ်သည်။ သူမဒီကို ရောက်ဖူးသလို ခံစားချက် ဖြစ်သည်။ ဒီနေရာကို သူမရင်းနှီးလွန်းလို့ သူမတစ်ကိုယ်လုံး တုန်ရီလာတော့မလို ဖြစ်သွားသည်။

“ဒီလမ်းက. . .”
ရှုချင်းရီက အိပ်မက်မက်နေသလို သူမအသံက တုန်နေသည်။ မော့ဟန်က သူမကြည့်နေသည့်လမ်းကို သေချာလိုက်ကြည့်လိုက်သည်။

“တစ်ခုခုမှတ်မိပြီလား?”
ဟန်လျန်က စိတ်လှုပ်ရှားစွာ ပြောသည်။

ရှုချင်းရီက အိပ်မက်က နိုးသွားသည့်လူလိုမျိုး ဟန်လျန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ထိုလမ်းလေးအတိုင်း အိမ်ရှိရာသို့ သူမလျှောက်သွားလိုက်သည်။ သူမတံခါးရှေ့သို့ ရောက်သည့်အချိန်တွင်ပဲ တံခါးဖွင့်လာကာ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ထွက်လာသည်။ ထိုအမျိုးသမီးက ဆံပင်ကို လျော့လျော့လေးစီးထားကာ နီညိုရောင် ဂါဝန်ကို ဝတ်ထားသည်။ ရှုချင်းရီကို မြင်သည့်အခါ သူမမျက်လုံးအရေးအကြောင်းတို့ ထင်းနေသည့်အထိ ပြုံးပြလာသည်။ ထိုအမျိုးသမီးကြီးသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း အရွယ်တင်နေဆဲ ဖြစ်သည်။ ရှုချင်းရီသည် ထိုအမျိုးသမီးက သူမနှင့် ရုပ်ချင်းဆင်ကြောင်းကို သိလိုက်ရသည်။ သူတို့နှစ်ယောက်မှာ သားအမိတွေဆိုသည်ကို သံသယဝင်စရာမလိုပေ။

“ဒီမှာပဲ. . .ပြန်လာတာ ကောင်းတယ်. . .”
ထိုအမျိုးသမီး၏ မျက်လုံးမှ မျက်ရည်များ လျှံတက်လာသည်။

ရှုချင်းရီက ထိုအမျိုးသမီးကြီး သူမအနားသို့ ကပ်လာသည်ကို ကြည့်နေမိသည်။ ရှုချင်းရီ၏ လက်ကိုကိုင်ကာ ထိုအမျိုးသမီးကြီးသည် မျက်ရည်များ တပေါက်ပေါက်ကျရင်း
“ပြန်လာပြီပဲ. . .နောက်ဆုံးတော့. . .ငါ့သမီးလေး ပြန်ရောက်လာပြီ. . .”

ရှုချင်းရီကသာ ဟန်လျန်ပြောသည့်စကားများနှင့် စားသောက်ဆိုင်တွင် ရှောင်မေးပြသည့်ပုံများကိုသာ ၅၀%ယုံကြည်ခဲ့လျှင် သူမဒီအမျိုးသမီးကို မြင်သည့်အခါ ၉၀%ယုံမိမည် ဖြစ်သည်။

သူမငိုမိနေပြီ။ ဘာကြောင့်ငိုနေမိသလဲ သူမမသိတော့ပေ။ သူမမျက်ရည်တို့ကလည်း ထိုအမျိုးသမီး၏လက်ပေါ်သို့ ကျနေမိလေပြီ။ သူမ၏မျက်လုံးများမှာ ပြာဝေလာကာ ထိုအမျိုးသမီး၏ အရေအကြောင်းများဖြင့်လက်မှ နွေးထွေးမှုကိုသာ သူမခံစားနိုင်တော့သည်။ သူမအရှေ့မှ အမျိုးသမီးကို သူမရင်းနှီးနေသည်။ အသံကိုလည်း ရင်းနှီးနေသလို ဒီလက်တွေကိုလည်း ရင်းနှီးနေသည်။ သို့သော် သူမဘာကိုမှ မမှတ်မိပါ။

ထိုအမျိုးသမီးက ရှုချင်းရီငိုနေသည်ကို မြင်သည့်အခါ သူမကိုဖက်လာပြီး ကျောလေးကို ပုတ်ပေးရင်းဖြင့်
“အမေအကြာကြီး စောင့်နေခဲ့ရတာ. . .အမေ သမီးကို ထပ်အပျောက်မခံတော့ဘူး”

ရှုချင်းရီမှာလည်း ထိုအမျိုးသမီး၏ ပုခုံးကိုမှီရင်း ငိုလေသည်။ သူမထိုအမျိုးသမီး၏ နွေးထွေးသည့်အနံ့ကို ရနေသည်။ ထိုအနံ့အသက်တို့က သူမစိတ်ကို အေးစေသည်။

Previous Chapter 147 of 199 Next